Ch 3
"ဖူယွမ်မှာတော့ ကိုယ့်အိမ် တစ်လုံးရှိတယ်။ တကယ်လို့ မင်းနေချင်ရင် ကိုယ့်အိမ်မှာ ခဏလာနေလို့ရတယ်"
ဖေယွိယန်က ဒီလိုပြောပြီးတာနဲ့ ဘာမှထပ်မပြောတော့ဘဲ ထိုင်ခုံခါးပတ်ပတ်ကာ ရှေ့မီးတွေ ဖွင့်လိုက်ပြီး လီဗာနင်းရင်း တန်းမောင်းသွားတော့တယ်။
"ကျေးဇူးတင်ပါတယ်"
ရွမ်ကျန်းကျန်းက သူ့ကို အသံတိုးတိုးနဲ့ ကျေးဇူးတင်လိုက်တယ်။ အရိုးသားဆုံးပြောရရင် သူမရဲ့အတိတ်ဘဝမှာ အများဆုံးအကြွေးတင်ခဲ့တဲ့သူက အစကတော့ အတင်းအသည်းအသန် လက်ထပ်ဖို့ တွန်းအားပေးပြီး နောက်ပိုင်းကျ ကူမင်းဟန်ပေါ်ကိုသာ အလုံးစုံအာရုံစိုက်ရင်း လျစ်လျူရှုခံလိုက်ရတဲ့ ဒီဖေယွိယန်ပဲ။ ဒီအပြင် သူမက လက်ထပ်ပြီးသား ဖြစ်တာတောင် ပွဲခင်းအလယ်ခေါင် လူအများရှေ့မှာ ကူမင်းဟန်ကို ပွင့်ပွင့်လင်းလင်း ချစ်ရေးဆိုလိုက်သေးတာကြောင့် အင်တာနက်ပေါ်မှာ အဘက်ဘက်က သူ့ကို လှောင်ပြောင်သရော်ကြသံတွေက တစ်မျိုး ကိုယ်ချင်းစာ သနားပေးကြတဲ့ လူတွေက တစ်ဖုံနဲ့ ဒီမနားတမ်းတက်နေတဲ့ ကောမန့်တွေက သူ့အတွက် ဘယ်လောက်တောင် ဖိအားများခဲ့မလဲမသိဘူး။ ဖေယွိယန်က သူမ ကျေးဇူးတင်တာကို ကြားတော့ တည်ငြိမ်စွာပဲ ပြန်ပြောလိုက်တယ်။
"မလိုပါဘူး"
သိပ်တောင် မမောင်းလိုက်ရဘဲ မကြာခင်မှာပဲ သူတို့နှစ်ယောက်က ဖူယွမ်ရပ်ကွက်ပိုင်းကို ရောက်လာတယ်။ ဖူယွမ်ရပ်ကွက်ဆိုတာ တကယ်တော့ ခပ်အိုအိုရပ်ကွက်ဟောင်း တစ်ခုဖြစ်ပြီး သူမတို့ရွမ်မိသားစုအိမ်နဲ့ ဘယ်လောက်မှ သိပ်မဝေးဘဲ သုံးလမ်းလောက်သာ ခြားတယ်။ ဖေယွိယန်ရဲ့နေရာက မီတာ၁၀၀ထပ်မနည်း ကျယ်ဝန်းပြီး အထဲမှာအိပ်ခန်းနှစ်ခုနဲ့ ဧည့်ခန်းတစ်ခု ပါဝင်ဖွဲ့စည်းထားကာ အခန်းတွင်း အပြင်အဆင်ကလည်း သပ်ရပ်သန့်ရှင်းသလို အဖြူ၊အနက်၊မီးခိုးတို့နဲ့သာ အရောင်စပ်ထားတဲ့ ရိုးရှင်းတဲ့ဒီဇိုင်းပုံစံ ဖြစ်တယ်။
"အိမ်ကိုတော့ တစ်ယောက်ယောက်နဲ့ အမြဲတမ်း သန့်ရှင်းရေးလုပ်ခိုင်းထားတယ်။ ဒီနေရာက ကူစံအိမ်လောက် မကောင်းပေမဲ့ မင်း ယာယီတော့ နေလို့ရပါတယ်"