ep-33

18.2K 1.3K 170
                                    

Zawgyi

နှင်းငွေ့တို့ဖြင့် ချမ်းစိမ့်နေပင်မဲ့ လက်ဖဝါးကြား ချွေးစို့နေသည်။ ကိုယ့်ကိုယ်ကို အားတင်းရင်း နံဘေးက ကောင်လေးကို ငဲ့ကြည့်ဖြစ်သည်။
နံနက်ခင်း နှင်းထုနှင့်အပြိုင် မျက်နှာနုနုက ကြည်ကြည်စင်စင်။ သူ တချက်တော့ စိတ်အေးသွားရသည်။

လက်သေးသေးလေးကိုဆွဲယူ ဖိညှစ်လိုက်တော့ အဆင်ပြေသွားမှာပါ ဆိုသည့် သင်္ကေတဖြင့် ပြန်လည် ဆုတ်ကိုင်လာသည်။

ဟိုတချိန်က မိဘကဲ့သို့ သွေးရင်းပမာ လေးစားတွယ်တာခဲ့ရသော လူနှစ်ယောက်ကို အားနာမိသော်လည်း ထိုကောင်လေးကို သူ လက်လွတ်မခံနိုင်ပါ။ သူ အသက်ဓာတ်အားလုံးကို ဒီကောင်လေးထံတွင် ပုံအောပေးထားပြီးဖြစ်သည်။

ဧည့်ခန်းတွင်း လူလေးယောက်သည် တစ်ယောက်အခြေအနေကို တစ်ယောက်အကဲခတ်လျက် မတ်တပ်ရပ်လျက်သားရှိသည်။ မကြာမီ အပြင်းအထန် ကျရောက်တော့မည် လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အရာအားလုံးက လေငြိမ်ရပ်ဝန်းတွင်ရှိနေသည်။

" ထိုင်ကြလေကွာ "

ဉာဏ့်ဖေဖေက တိတ်ဆိတ်မှုကို စတင်ဖြိုခွဲသည်။ အန်တီအေးသည် သူ့အား ခပ်စိမ်းစိမ်းတစ်ချက်ကြည့်၍ နေရာတွင် ဝင်ထိုင်သည်။

သူ အားတင်း၍ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရသည်။ လမ်းတလျှောက်လုံး စီစဉ်လာခဲ့သော စကားလုံးတို့က လည်ချောင်းဝတွင် တစ်စို့၍ အပြင်သို့ ခုန်ထွက်မလာကြတော့။

သူ စိတ်ပျော့နေ၍ မဖြစ်။ သူဘေးတွင် ထိုင်နေသော ထိုကောင်လေးကို မိဘများ၏ အကြည့်စူးစူးမှ ကာကွယ်ပေးရဦးမည်။

" ကျွန်တော်တို့ နှစ်ယောက်အကြောင်းကို အန်တီအေးတို့ သိထားပြီးဖြစ်ချင်ဖြစ်မှာပါ။ ဒီအတွက် ကျွန်တော် အန်တီအေးတို့ ဦးလေးတို့ကို အားလည်းအားနာပါတယ်။ ဒါပေမဲ့ ထပ်ပြီး မျက်နှာပြောင်ပြောင်နဲ့ တောင်းဆိုပါရစေ။ ကျွန်တော့်ကို ဉာဏ်နဲ့ လက်ထပ်ခွင့်ပြုပါ "

အန်တီအေးသည် ရင်ဖက်ကိုဖိ၍ ယခုမှ အောက်စီဂျင် အပြည့်အဝ ရသူပမာ လေထုကို အတင်းရှူရှိုက်နေသည်။ ဦးလေးသည် အန်တီအေး လက်ထဲသို့ သံပုရာသီးတစ်လုံးထည့်ပေးသည်။ အန်တီအေးသည် သံပုရာသီးရနံ့ကို ရှု၍ စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေဟန်ရှိသည်။

Fortune Where stories live. Discover now