မနက် ၇ နာရီ ။
ကျမရဲ့မီးဖိုချောင်မှာ အချိန်မှန်စွာ လဘ္ဘက်ရည်ရနံ့လေးမွှေးပျံ့လို့နေပြီ ။ ကျမ ဗာနေလ်းရပ်ကွက်ကိုရောက်ခါစတုန်းကဖြင့် အိမ်ချင်းကပ်နေသည့် အားလျော်စွာ ကျမရဲ့အိမ်နီးချင်းတွေက ဒီရနံ့သင်းသင်းအကြောင်းကို လာမေးတတ်လေ့ရှိတယ် ။ အချိုခြောက်ကိုရေနွေးပူပူနဲ့နှပ် ၊ နွားနို့အသင့်အတင့်ဖြည့်လိုက်ရင် ချိုချိုမွှေးမွှေး အရသာရှိတဲ့ အိန္ဒိယလူမျိုးတွေနှစ်နှစ်ခြိုက်ခြိုက်သောက်ကြသော လဘ္ဘက်ရည်တစ်ခွက်ကိုရကြောင်း ကျမစိတ်ရှည်လက်ရှည်ရှင်းပြရတာကို သဘာကျပါတယ် ။
မွန်ဘိုင်းလမ်းဘေးတနေရာမှာ သောက်ခဲ့ရတဲ့ စက်ဘီးပေါ်က လဘ္ဘက်ရည်လောက်တော့ မမှီသေးပေမဲ့ ကျမ လက်ရှိဖျော်နိုင်တဲ့အရသာက သောက်လို့ကောင်းအောင်လုံလောက်ပြီလို့ထင်တယ် ။ ကျမ လဘ္ဘက်ရည်ကြိုက်တဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေမိတော့ ကျမအတွက် အိန္ဒိယက ပရိသတ်တွေက အချိုခြောက်အထုပ် လက်ဆောင်တွေလာလိုက်ကြတာဆိုတာ တစ်နှစ်လုံးတောင် မနဲသောက်ယူရမယ် ။
ကျမ အင်တာဗျူးတွေမှာ စကားကောင်းကောင်းတွေသိပ်ထွက်မလာဘူး ။ နောက်ပိုင်းကျမှ တခုပြီးတခု ခေါင်းထဲဝင်လာတတ်တာမျိုး ။ ဒီ့အတွက် လာမဲ့ ဘဝအကြောင်း အင်တာဗျူးကို ပြင်ဆင်ဖို့ ကျမ စာမျက်နှာတွေပေါ်မှာ ချရေးရန်ဆုံးဖြတ်လိုက်တယ် ။ တကယ်တမ်းပြောမထွက်ဖြစ်ခဲ့ရင်တောင် စာမျက်နှာပေါ်က စကားလုံးတွေက ကျမပြောချင်တာတွေပါလို့ သူတို့ကိုပေးလိုက်မယ်လေ ။ လက်ဘ္ဘက်ရည်ခွက်လေး ဘေးချ ၊ မှတ်စုစာအုပ်ကိုဖွင့်ပြီး ကျမ စာရေးဖို့စတင်တယ် ။
အစအနေနဲ့ဘာကိုရေးရမလဲ စဉ်းစားတယ် ။ ကျမ အင်တာဗျူးဖြေရတဲ့အချိန်တွေလိုပဲ ခေါင်းဟာ ဗလာနတ္ထိဖြစ်နေတယ် ။ ဒီလိုဖြစ်နေတာဟာ ကျမ ဘဝတစ်လျှောက်လုံး စကားတွေကို နှုတ်ကလဲမဆို ၊ စာမျက်နှာတွေမှာလဲ ချမရေးဖြစ်တဲ့အကျင့်ကြောင့် ဖြစ်လိမ့်မယ် ။
YOU ARE READING
Stray Ballerina Anna
General FictionThey laugh at me because I'm different I laugh at them because they all are the same.