၁. အချစ်နှင့် အမုန်း
2.7K 169 7
ဖောင်းခနဲ ရိုက်​ချက်​မှာ လည်​ထွက်​သွားသည့်​ မျက်​နှာနှင့်​အတူ ပါးစပ်​တွင်းမှ ငန်​ကျိကျိ အရသာကို ခံစားမိလိုက်​သဖြင့်​ ပါး​စောင်​ကွဲသွားပြီဆိုတာ သူ သိလိုက်​သည်​။ အရိုက်​အနှက်​ခံထားရသည့်​ ခန္ဓာကိုယ်​အနှံ့က ဒဏ်​ရာ​တွေကလည်း မြင်​မ​ကောင်း​လောက်​​အောင်​ ဖြစ်​​နေမှာ အ​သေအချာ။ ​သွေးတို့​ရော​နေသည့်​ တံ​တွေးတို့ကို ​ထွေးထုတ်​လိုက်​ကာ သူ့ ​ရှေ့မှာ ရပ်​​နေသည့်​ သူမကို ​မော့ကြည့်​လိုက်​၍ ....
" ​ရှောင်​ဆစ်​ .. နင်​ ငါ့ကို ဘာလို့ ဒီ​လောက်​​တောင်​ ..... "
" ​ရက်​စက်​ရတာလဲလို့ ​မေးချင်​တာလား ? "
လှောင်​ရယ်​သံတစ်​ခုစွက်​၍ ခပ်​​အေး​အေးဆိုသည့်​ စကား​နောက်​မှာ သူမရဲ့ မျက်​နှာ အမူအရာက ပကတိ တည်​ငြိမ်​​နေလျက်​။ သူမ မျက်​နှာမှာ ​ဒေါသထွက်​ခြင်း မုန်းတီးခြင်း ဘာအမူအရာတစ်​ခုမှ ဖမ်းမမိတာကို အံ့သြမိသည်​။
ဘယ်​​လောက်​​တောင်​ ဟန်​​ဆောင်​​ကောင်းလိုက်​သလဲ ?
ခဲ​ရောင်​အင်္ကျီ​ပေါ်က​နေ လည်​သာဂျာကင်​အနက်​တစ်​ထည်​ ထပ်​ဝတ်​ထားပြီး အနက်​ရောင် ​​​ဘောင်းဘီရှည်​အကျပ်​နှင့်​ ပုခုံး​အောက်​​ကျော်​ရုံသာ ရှိသည့်​ ဆံပင်​တို့ကို တစ်​မျှင်​မျှ ကျ​ မ​နေ​အောင်​ အ​ပြောင်​သိမ်းကာ ပိုနီ​တေးလ်​ပုံစံ စည်း​နှောင်​ထားပြီး လက်​ထဲမှာ ​ဓားတို​လေးတစ်​လက်​ကို ပတ်​ချာလည်​ လှည့်​​ဆော့​နေသည့်​ ​ရှောင်​ဆစ်​ ပုံစံက ​သေမင်းတမန်​​တော်​ တစ်​​ပါးလို ​​အေးစိမ့်​စိမ့်​အ​ငွေ့အသက်​တို့ လွှမ်းခြုံကာ သူ့ကို ကြည့်​​နေသည့်​ အကြည့်​တို့က မီးလျှံတစ်​စလို စူးလက်​​တောက်​ပလျက်​ နှုတ်​ခမ်းသားတို့က ပြုံး​နေဟန်​ရှိ​သော်​လည်း အဲဒါ ​ကောင်း​သော ပြုံးခြင်း မဟုတ်​တာ သူ သိသည်​။
သူတို့ ​မောင်​နှမ ကိုး​ယောက်​ထဲမှာ ​သွေး​အေးပြီး အရက်​စက်​ဆုံးက ​ရှောင်​ဆစ်​လို့ ​ပြောရင်​ မှားမယ်​မထင်​။ ​မောင်​နှမဆို​ပေမယ့်​ သူတို့ အားလုံးက ​မွေးစားခံခဲ့ရတာမို့ ​သွေးအရင်းအချာ​တွေ​တော့ မဟုတ်​ခဲ့။ တစ်​​ယောက်​တစ်​​နေရာစီက ​ခေါ်လာတဲ့ သူ​တွေ ဖြစ်​ပြီး ​ကော​ကွေ့ချန်​ ဆိုသူက ​ခေါ်​ယူ​မွေးစားခဲ့သည့်​ ​နောက်​မှသာ အချင်းချင်း မြင်​ဖူးခဲ့ကြခြင်းပင်​။