သန်းခေါင်ယံ ချစ်သူအပိုင်း(45)

3.1K 249 0
                                    

သန်းခေါင်ယံ ချစ်သူ
အပိုင်း(45)


မင်းသတိုးသည် ပြိုင်ပွဲစသည်နှင့် မှော်ရုံတောထဲသို့ ချက်ချင်းရုပ်ရွှေ့ပြောင်းခဲ့သည်။ မှော်ရုံတော နယ်နိမိတ်ထဲကို ရောက်သည်နှင့် ပြိုင်ပွဲအကြောင်းကို စိတ်ထဲမရှိတော့။ မင်းသတိုးစိတ်ထဲတွင် နွေဦးကိုကယ်ရန်သာ အာရုံရှိတော့သည်။ မှော်ရုံတော မည်မျှ အန္တရာယ်ကြီးသည်ကို မိမိအသိဆုံးပါ။ ဘိုးဘိုးတို့က နွေဦးကို အသက်သေစေအောင် လုပ်မည် မဟုတ်သော်လည်း မမျှော်လင့်သည့်ဘေးကြောင့် မင်းသတိုးရင်မှာ ပူလောင်လို့နေသည်။

တောထဲရောက်သည်နှင့် မင်းသတိုးအာရုံဝင်စားလိုက်သည်။ တောအုပ်အလယ် ရေတံခွန်ကြီးအနီးတွင် နွေဦး၏ ပုံကိုမြင်ယောင်လာခဲ့သည်။ ထို့ကြောင့် ထိုနေရာကို လေထဲမှ ပျံသန်းလာခဲ့သည်။ ရောက်ချင်လှပြီ။ ချစ်သော ကလေးလေး မိမိကြောင့် ဒီတောထဲ ရောက်နေသည်က လွန်လှပြီ ။

မင်းသတိုးသွားသည့်နောက်ကို သစ်ပင်နောက်မှ လူရိပ်က တိတ်တဆိတ်ကြည့်ကာ လိုက်လာခဲ့သည်။ အင်မတန်ကို သိမ်မွေ့လှသည့် အသွားလာကြောင့် မင်းသတိုးပင် သတိမထားလိုက်မိပေ။ စူးရှသည့် မျက်လုံးများက မင်းသတိုးကို မျက်ချေမပြတ်လိုက်ကြည့်နေသည်။ ထိုမျက်ဝန်းထဲတွင် မင်းသတိုးကို အာသာငမ်းငမ်းဖြင့် လိုလားတပ်မက်သည့် အရိပ်တို့ အထင်းသားပေါ်နေသည်။ လှပသည့် ဆံနွယ်များက လေထဲတွင် ညင်သာစွာလွင့်ပျံနေသည်။
သူမသည်လည်း မင်းသတိုးလို လေထဲပျံဝဲကာ ထပ်ချပ်မကွာ လိုက်လာခဲ့သည်။

မင်းသတိုးသည် ရေတံခွန်နားကို ရောက်တော့ သစ်ပင်တစ်ပင်တွင် ကြိုးဖြင့် တွဲလောင်းချိတ်ဆွဲခံရသည့် နွေဦးကို တွေ့လိုက်သည်။ နွေဦးက သတိမေ့နေဟန်ဖြင့် ခေါင်းက ဘေးကို ငဲ့စောင့်ကျနေသည်။ ကြိုးအစိမ်းများဖြင့် မညှာမတာ တုပ်နှောင်ထားကာ သစ်ပင်တွင် တွဲလောင်းချိတ်ဆွဲထားသည်။ အသားတွဲလေးလို.... လက်လွတ်စပယ် တုပ်ခံထားသည်ကို တွေ့တော့ ရင်ဝယ် နာကျင်လာသည်။

"နွေဦး...ကလေးလေး..."

မင်းသတိုး လှမ်းအော်ကာ သစ်ပင်နားကို ကပ်သွားလိုက်စဉ် ခြုံနောက်မှ ရိပ်ခနဲ မိမိကို ခုန်အုပ်လိုက်သည့် အ၇ာကြောင့် မင်းသတိုး ခြေဖြင့် လှမ်းခတ်လိုက်သည်။ ထိုသတ္တ၀ါကလည်း မခေပါ။ လေထဲတွင် နောက်ဂျွမ်းပစ်ကာ ရှောင်လိုက်ပြီး မင်းသတိုးကို လက်သည်းနှင့် လှမ်းကုတ်ခြစ်သည်။ မင်းသတိုးက လက်ဝါးဖြင့်ယမ်းလိုက်စဉ် ထိုအကောင် ရေထဲကိုလွင့်ကျ သွားခဲ့သည်။

"၀ုန်း..."

"ဝေါင်း...ဝေါင်း..."

ထိုအကောင်က မနုသီဟ ခြင်္သေ့ဖြစ်သည်။ခေါင်းတစ်လုံး၊ ရှေ့လက် နှစ်ချောင်း၊ နောက်ခြေထောက်လေးချောင်းနှင့် ဖင်နှစ်ခု ရှိသည့် ခြင်္သေ့ဖြစ်သည်။ မင်းသတိုး၏ လေကသိုဏ်းကြောင့် အရှိန်နှင့် ရေထဲကို ပြုတ်ကျသွားခဲ့သည်။

ထိုခြင်္သေ့သည် ဒေါသ တကြီးမာန်ဖီကာ ရေထဲမှ ခုန်တက်ပြီး မင်းသတိုးကို ပြန်ပြီးခုန်အုပ်သည်။ မှော်အစွမ်းရှိသည့် ခြင်္သေ့ဖြစ်သဖြင့် တစ်ချက်ခုန်လိုက်သည်နှင့် မင်းသတိုးရှိရာသို့ပင် ရောက်လာခဲ့သည်။ မနုသီဟက ပါးစပ်ဟကာ မင်းသတိုးထံသို့ မီးမှုတ်လိုက်သည် မဟုတ်လား။

မင်းသတိုး စိတ်မရှည်တော့ပါ။ ထို့ကြောင့် ရေခဲကသိုဏ်းဖြင့် လှမ်းပြီး တားဆီးလိုက်တော့ အရုပ်ပမာ တောင့်တောင့်ကြီးဖြင့် မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့သည်။ မင်းသတိုးသည် ရှားပါး မှော်သတ္တ၀ါကို မသတ်ချင်သဖြင့် သံလှောင်ချိုင့်ကို ဖန်ဆင်းကာ တစ်ခါတည်း အုပ်ထားလိုက်တော့သည်။

"နွေဦး...ကလေးလေး..."

မင်းသတိုးသည် နွေဦး ရှိရာ လေထဲပျံတက်ပြီး ကြိုးကို ဖြုတ်ကာ ပွေ့ချီပြီး ချလိုက်စဉ် မှားပြီဆိုတာ သိလိုက်သည်။ နွေဦး၏ အသားသည် အေးစက်ကာ ပျော့စိစိဖြစ်နေသည် မဟုတ်လား။

"သွားစမ်း...."

နွေဦးအဖြစ် ဟန်ဆောင်ထားသည့် အကောင်ကိုပစ်ချလိုက်သည်။ သို့သော် ထိုသတ္တ၀ါက မျက်လုံးပွင့်လာခဲ့ပြီး ပျော့ဖတ်သည့် လက်များဖြင့် မင်းသတိုးကို အတင်းတွယ်ကပ်ကာ ဖက်ထားတော့သည်။

မင်းသတိုးသည် မိမိလက်နှစ်ဖက်ကို မြေကြီးသို့ထိကပ်လိုက်သည်။ နွေဦးအဖြစ်ဟန်ဆောင်ထားသည့် အရာက တဖြည်းဖြည်းနှင့် အစိမ်းရောင် ချွဲကျိကျိ လက်တံရှည်များအဖြစ်ပြောင်းလဲလာပြီး မင်းသတိုးတကိုယ်လုံးကို ရစ်ပတ်ရန်ကြိုးစားသည်။ မင်းသတိုး ခဏ သည်းခံနေလိုက်သည်။ မိမိ တကိုယ်လုံးကို အစိမ်းရောင် နွယ်ကြိုးလိုအရာဖြင့် ရစ်ပတ်ခံပြီးနောက် မြေကသိုဏ်းကို ၀င်စားလိုက်သည်။

နွေဦးအဖြစ် ဟန်ဆောင်ထားသည့် အရာသည် ရုတ်တရက် မင်းသတိုးကို အတင်းညစ်လိုက်တော့သည်။ သို့သော် မင်းသတိုး၏ မြေအစွမ်းသည် သူ၏ အဓိက ခွန်အားဖြစ်သည့်အမြစ်နေရာကိုဖြတ်တောက်လိုက်ပြီဖြစ်လိုက်လို့ ရုတ်တရက် အော်ညည်သံကြီးထွက်ပေါ်လာပြီး အစိမ်းရောင် နွယ်လက်တံများ ညိုးခြောက်သွားသည်။ မင်းသတိုးသည် ထိုအခါမှ အသာရုန်းလိုက်တော့ ထိုနွယ်ကြိုးများက ပြာမှုန်များဖြစ်သွားပြီး နံဘေးမှ သစ်ပင်ကြီးလည်း ညိုးခြောက်သွားတော့သည်။

ပုံအမျိုးမျိုးဖန်တီးပြီး သားကောင်ကို ဖမ်းစားတတ်သည့် သူယောင်ပင် တစ်ပင်ကို မင်းသတိုး အပြတ်ရှင်းလိုက်လေပြီ။အ နားမှ သူယောင်ပင်များကလည်း သိသည်ဟန်ဖြင့် တုပ်တုပ်တောင် မလှုပ်ကြပေ။ မင်းသတိုးသည် နွေဦးရှိသည့် နေရာကို လှမ်းပြီး အာရုံဝင်စားလိုက်သည်။ နွေဦး၏ အိပ်ကပ်ထဲ ထည့်ထားသည့် မီးဌက်၏ အမွေးတောင်မှ တဆင့် နွေဦးရှိသည့် နေရာကိုသိသွားလေပြီ။ ထိုနေရာကို မင်းသတိုး ချက်ချင်း ပျံသန်းထွက်လာခဲ့သည်။

"န၀ရတ် ရေအိုင်..."

ဟုတ်သည်။ န၀ရတ်ရေအိုင်၏ အလယ်ရှိ ကျွန်းလေးပေါ်မှ လှိုဏ်ဂူထဲတွင် နွေဦးကို တွေ့လိုက်ရသည်။ မင်းသတိုး စိုးရိမ်သွားခဲ့သည်။ ထိုနေရာသည် နွေဦးအတွက် အန္တရာယ်များလွန်းလှသည်။ န၀ရတ် ရေအိုင်ကို စောင့်သည့် အစောင့်များက ပိုပြီး ရက်စက်ကြမ်းကြုတ်သည်။ မိမိသာ အမြန်မသွားနိုင်ခဲ့လျှင် နွေဦး တကယ်ပဲ မှော်ရုံတော၏ အစောင့်အဖြစ် ထာဝရနေရတော့မည်။

မင်းသတိုးသည် ရေအိုင်ကိုရောက်တော့ လေထဲမှ ဖြတ်လို့မရတော့ပေ။ န၀ရတ်ရေအိုင်၏ အစွမ်းက မှော်အစွမ်းကို စုပ်ယုကာ ဆွဲချနေသည်။ သံလိုက်စက်ဝန်းပမာ ရေအိုင်ပေါ် ဖြတ်သန်းသည့် မှော်စွမ်းအင်ကို အာရုံခံကာ အောက်ကို ဆွဲချကာ ရေထဲနှစ်သတ်လေ့ရှိသည်။ ဒါက မှော်ရုံတော၏ ကြောက်စရာအကောင်းဆုံးနေရာဖြစ်သည်။

မင်းသတိုးသည် ရေထဲကို ဆင်းလိုက်သည်။ ရေက မင်းသတိုးကို ခြေမျက်စိမြှု့ပ်ရုံပဲတတ်နိုင်သည်။ မင်းသတိုးသည် ရေထဲကို ဖြတ်သန်းလိုက်စဉ် ထင်ထားသည့်အတိုင်း ရေကပွက်ပွက်ဆူကာ ၀ဲလိုလှည့်လာခဲ့ပြီး ရေညှိစိမ်းရောင် တဖိတ်ဖိတ်တောက်ပသည့် ဆံပင်က ကိုယ်အထက်ပိုင်းကို လွှမ်းခြုံထားသည့် မိန်းမ သုံးဦး ရေထဲမှ ထွက်ပေါ်လာခဲ့သည်။

သူမတို့၏ မျက်လုံးက ရှည်မျှောမျှောနှင့် အနီရောင်တောက်ပနေသည်။ သူမတို့၏ အရေပြားကပြောင်ချောနေသည်။ ကိုယ်လုံးက လှပသည် ဆိုသော်လည်း အကြေးခွံကွက်များကကိုယ်ပေါ် ထင်ရှားနေသည်။ သူမတို့က ကြောက်မက်ဖွယ်ရာပြုံးလိုက်သည်။ အပြုံးက လူတစ်ဖက်သာကို ညှို့ငင်နေသည်။

"နဂါးညီအစ်မ သုံးဖော်"

"အရှင် မင်းသတိုး...."

"အရှင် ကျွန်မတို့ဆီ ဘာလို့ ကြွချီလာတာလဲ"

"အရှင်က ကြားဖူးတာထက်ကို ပိုပြီးခန့်ညားတာပဲ"

ညီအစ်မ သုံးဖော်က မင်းသတိုးကို ခပ်လှမ်းလှမ်းမှ ၀ိုင်းပတ်ကာ ရယ်မောကာ မေးကြသည်။ သူမတို့အသံသည် နားကိုစူးစေပြီး လူ၏ စိတ်အာရုံကို လွင့်ပါးစေသည်။ မင်းသတိုးသည် အာရုံမပျံ့အောင် ထိန်းပြီး နဂါးမယ်များကို အာရုံမစိုက်ပဲ ရေထဲ ကို တလှမ်းချင်းဖြတ်သန်းသွားတော့သည်။

"အရှင် မင်းသတိုးရဲ့ ကောင်လေးကို လာရှာတာလား။"

"နောက်ကျသွားပြီ အရှင်"

"ကောင်လေးက ကျွန်မတို့ အစာဖြစ်သွားပြီ "

သူမတို့ကလည်း မင်းသတိုး၏ သမာဓိကို ပျက်ပြားစေရန် နံဘေးမှ ၀ိုင်းပတ်ကာ လိုက်လာပြီး မျိုးစုံပြောကြသည်။ အပေါ်ပိုင်းက လူသားမိန်းမပုံဖြစ်နေသော်လည်း သူမတို့ ကိုယ်အောက်ပိုင်းက မြွေကိုယ်လုံးဖြစ်သည်။ ရေထဲတွင် သူမတို့၏ ရှည်လျားသည့် မြွေကိုယ်လုံးကို တွန့်လိမ်နေသည်။ ကြည်လင်သော ရေကြောင့် မြွေတပိုင်း၊ လူတပိုင်း နဂါးမယ် များကို ကြည့်ရတာ အူယားဖွယ်ဖြစ်နေသည်။ သူမတို့၏ မျက်လုံးက ရဲရဲနီကာ အသံစူးစူးဖြင့် နံဘေးမှ လိုက်နှောက်ယှက်နေသည်။

သူမတို့က မှော်စွမ်းအင်ဖြင့် သမာဓိခိုင်မာသည့် မှော်စရာကို ထိုးဖောက်မရသဖြင့် အာရုံကိုမျိုးစုံလှည့်စားပြီး အာရုံပျက်သွားသည်နှင့် တပြိုင်နက် ရေအောက်ကို ဆွဲချကာ သတ်ဖြတ်စားသောက်ပစ်ကြသည်။ မင်းသတိုး အလိုအရဆိုလျှင် သူမတို့ကို သုတ်သင်ပစ်မည်ဖြစ်သော်လည်း ကမ္ဘာ့ရှားပါး မှော်ဝင်သတ္တ၀ါ စာရင်းဝင်သည့် နဂါးမျိုးများက အထိန်းသိမ်းခံဖြစ်သောကြောင့် မင်းသတိုး ဘေးမဲ့ပေးနေခြင်းဖြစ်သည်။မဟုတ်လျှင် သူ၏ ဓါတ်ကြီး လေးပါးကို စုပြီး ပစ်လွှတ်လိုက်လျှင် နဂါးသုံးကောင်လုံး မျိုးပြုတ်ရော့မည်။ မင်းသတိုး စိတ်ကို ထိန်းချုပ်ကာ ရေအိုင်ကို ပုံမှန်ဖြတ်ကျော်လာခဲ့သည်။

နဂါးမများက မင်းသတိုးကို မည်သို့မှ ဖြားယောင်းလို့မရသောအခါ အသံကုန်အော်ဟစ်ကာ အမြီးများဖြင့် ရေကို ရိုက်ခတ်ကြသည်။ ရေအိုင်ထဲ လှိုင်းထန်လာခဲ့သည်။ နဂါးမတို့၏ အော်သံများ ဆူညံလာပြီး တောထဲ တုန်ဟီးလာ ခဲ့သည်။ မှော်ရုံတော အပြင်ဘက်မှ မှော်စရာများသည် မနုသီဟ၏ ဟိန်းသံကို ကြားကတည်းက စိတ်လှုပ်ရှား နေကြ သည်။ ပြီးတော့ နဂါးမများ၏ အော်ဟစ်သံကြောင့် တချို့မှော်ဆရာများ ယောင်ယမ်းပြီး နားကို ပိတ်ထား လိုက်ကြ သည်။ စူးရှသည့် အော်သံက ရင်ကို တလှပ်လှပ်ဖြစ်စေသည် မဟုတ်လား။

"မြွေနဂါးတွေပဲ...."

စ၀်ဟုန်ဖက ထိတ်လန့်စွာပြောလိုက်သည်။ ထရမ်ဇမ်းက ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်။ န၀ရတ် ရေအိုင် အစောင့်တွေ။"

စ၀်ဟုန်ဖသည် သက်ပြင်းသာ ရှိုက်မိသည်။ အနောက်တိုင်း နဂါးမျိုးကို မိမိမကြောက်သော်လည်း မြွေနဂါး ကိုတော့ မိမိကြောက်သည်။ တောင်ပေါ်သားဖြစ်လို့လားတော့မသိပေ။ ထို မြွေနဂါး၏ အစွမ်းကို လန့်သည်။ ပုလဲနက်တော့ သိပ်မလန့်ပါ။ နဂါးမများ၏ အော်သံအရ အရှင်မင်းသတိုးကို သူတို့ ထိခိုက်အောင် မလုပ်ရသဖြင့် ဒေါသဖြင့် အော်ဟစ်နေသည် မဟုတ်လား။

"အရှင်မင်းသတိုးကို သူတို့ ထိခိုက်အောင် လုပ်မရလို့ ဒေါသထွက်နေကြတာ"

"ပုလဲနက်က ကျွမ်းကျင်လှချည်လား။ ဘယ်လိုသိတာလဲ။"

"သြော် စ၀်ဟုန်ဖရယ် ကျွန်မတို့ပင်လယ်ပြင်မှာ နဂါးသိုက်တွေ ရှိတာ မသိတာလား။ "

"ဟုတ်သားပဲ။ ကျွန်တော်မေ့သွားတယ်။ ဘာပဲ ပြောပြောပုလဲနက် အရမ်းကို တော်တယ်။ အသံကြားရုံနဲ့ သူတို့ ဘာဖြစ်နေတယ် ဆိုတာသိတယ်။ နဂါးအကြောင်းကို ဘယ်လိုကြောင့် ဒီလောက်ကျွမ်းရတာလဲဗျာ."

"ကျွန်မရဲ့ ခမည်းတော်က နဂါးတွေကြောင့် အသက်ဆုံးရတာပါ။ ဒါကြောင့် ကျွန်မ သူတို့ကို ခါးသီးအောင်မုန်းလို့ လေ့လာထားတာ။"

စ၀်ဟုန်ဖ စိတ်မကောင်းဖြစ်ကာ နူတ်ပိတ်လိုက်တော့သည်။ သူမသည် ငယ်စဉ်ကတည်းက ခါးသီးသည့် အတိတ်ကို ရင်ဆိုင်ခဲ့ပုံရသည်။ ပုလဲနက်၏ အာရုံက တောထဲမှ နဂါးမ၏ အသံများဆီကို ရောက်နေသည်။

နွေဦးသည် မိမိ၏ ကိုယ်ခန္ဓာနံဘေးတွင် ဟိုသည် သွားလာနေသည်။ လှိုဏ်ဂူတွင် ထွက်ပေါက်ရှိမရှိကို လိုက်ရှာနေ သည်။ အကိုမင်းသတိုးထံကို ရောက်အောင်သွားချင်သည်။ထို့ကြောင့် ဒီက ရအောင်ထွက်မှ ဖြစ်မည်။ မိမိကြောင့် အကို မင်းသတိုး အရာအားလုံး ဆုံးရှုံးလို့မဖြစ်ပါ။ နွေဦးသည် ဂူတစ်ခုလုံးကို စေ့စေ့စပ်စပ်လိုက်ရှာသည်။ သို့သော် အပ်ဖျား တစ်ထောက်စာ အကွဲ အဟကိုတောင် မတွေ့ရပေ။ နွေဦး၏ရင် ပိုပိုပူလာခဲ့သည်။

ဖေဖေ ဆုံးပါးစဉ်က အဖြစ်ပျက် မျက်လုံးထဲ ပြန်မြင်ယောင်လာခဲ့သည်။ မန္တလေးတွင် လေ့လာရေးသွားစဉ် မနက်အစောကြီး ဖုန်းဝင်လာခဲ့သည်။ ဖေဖေ ရုတ်တရက် ဆုံးပါးသွားခဲ့ပြီတဲ့။ မိမိကို နားလည်ပေးသည့် ဖေဖေ။ မိမိ ကျောင်းစာ ဖြင့် ခရီးထွက်လာသည့် တစ်ရက်၊ နှစ်ရက်အတွင်း ရုတ်တရက်ဆုံးပါးသွားခဲ့သည်တဲ့။ မယုံနိုင်ပါ။

မိမိကို ကားဂိတ်ထိ လိုက်ပို့ကာ ကျန်းမာရေးဂရုစိုက်ရန် မှာကြားသည့် ဖေဖေက မိမိကို တစုံတခုမှ မမှာကြားပဲ တမလွန်ခရီးကို ထွက်သွားခဲ့ပြီတဲ့။ ထိုအချိန်တွင် နွေဦး၏ စိတ်နှင့် ကိုယ်တို့မကပ်ပဲလွင့်သွားခဲ့သည်။ သူငယ်ချင်းများကိုရုတ်တရက် မပြောပြမိပဲကြောင်နေခဲ့သည်။

သူတို့က ဘာမှ မသိပဲ ရယ်စရာပြောသည်ကို ကြောင်တောင်တောင် လိုက်ရယ်နေခဲ့မိသည်။ ထိုစဉ် မိမိရင်ထဲက နာကျင်ခံစားသည့် ဝေဒနာက အသစ်တဖန်ပြန်ဖြစ်လာခဲ့သည်။ ရင်ထဲ အေးစက်မှောင်မိုက်ခြင်း၊ အားကိုးရာမဲ့ ခြင်း တို့က တဖန်ပြန်ပေါ်လာခဲ့သည်။ ကဝေကြီးသာ သေဆုံးသွားခဲ့လျှင်...... ထိုအတွေးက နွေဦးကို ကြောက်စိတ်ဝင်လာ စေခဲ့သည်။ ထိုအတွေးဝင်ရုံနှင့် နွေဦး၏ မျက်လုံးအကြည့်တို့ဝါးသွားခဲ့သည်။

"ဒုတ်.. ဒုတ်....ဒုတ်...ဒုတ်..."

နှလုံးခုန်သံကို ပြန်ကြားလာရသလို ခံစားလိုက်ရသည်။ ကျောက်ဖျာပေါ်လဲလှောင်းနေသည့် မိမိ၏ ရုပ်က မိမိကို ဆွဲငင်နေသလို ဖြစ်လာသည်။ လေထဲလွင့်မျောနေသည့် ၀ိဥာဉ်က ရုပ်ထဲကို ပြန်ဝင်ချင်နေပုံရသည်။

ထိုစဉ် အပြင်ဘက်မှ ခပ်လှမ်းလှမ်းမှ ကျယ်လောင်သည့် ဟိန်းသံများကို ကြားလိုက်ရစဉ် နွေဦး ထူပူသွားသည်။

"အကို မင်းသတိုး..."

နွေဦး၏ နူတ်မှ အလိုလျောက်ယောင်ယမ်းခေါ်လိုက်မိသည်။ မိမိကို ကယ်ရန် မိမိချစ်သူ မင်းသတိုးလာခဲ့လေပြီ။ သူ ဘာကို ရင်ဆိုင် တိုက်ခိုက်နေပါလိမ့်ဟူသော အတွေးက ရင်ကို ပူလောင်လာစေသည်။ နွေဦး၏ အမြင်အာရုံကေ၀၀ါးသွားခဲ့သည်။

"ဝေါင်း..."

"၀ုန်း..."

ကျယ်လောင်သည့် အသံကြောင့် နွေဦး ငေါက်ခနဲ ထထိုင်လိုက်မိသည်။

"ဟင်... ငါ့ကိုယ်ထဲကို ပြန်ဝင်လို့ရပြီ။"

နွေဦး ၀မ်းသာသွားသည်။ မိမိ၏ ၀ိဥာဉ်က ကိုယ်ထဲကို ပြန်ဝင်ကာ ထထိုင်နေမိပြီမဟုတ်လား။ ကျောက်ဖျာပေါ်မှ ဆင်းကာ ကျောက်ဂူကို လိုက်စမ်းကြည့်သည်။ တွေ့သည့်ကျောက်ခဲဖြင့် ဂူနံရံကို ထုနှက်သည်။ သို့သော် မည်သို့မှ အရာမထင်ပါ။ နွေဦး ချွေးပြန်လာခဲ့သည်။

ထိုစဉ် အပြင်ဘက်တွင် ရေကို ၇ိုက်ခတ်သည့် အသံများနှင့် နားစူးစဖွယ် မိန်းမသံများက တိုးဝင်လာခဲ့သည်။ နွေဦး နားကိုယောင်ယမ်းကို ပိတ်ထားလိုက်မိသည်။ နားစူးသည့်အပြင် ကြားရသည့် အသံများက အသည်းအူကို တုန်သွားစေသည် မဟုတ်လား။

"အကို... အကိုမင်းသတိုး..."

နွေဦး ရင်တွေပူလာသည်။ အပြင်က အသံသည် လှိုဏ်ဂူနှင့် နီးလာလေပြီ။ နွေဦး စိတ်ထဲ မကောင်းသည့် အတွေးများ အရင်ဝင်လာသည်။ သွေးအိုင်ထဲ အကို လဲကျနေပြီလား။ အကို့ကို သူတို့ နှိပ်စက်နေပြီလား ဟူသည့်အတွေးက နွေဦးကို ဘယ်လိုမှ တည်ငြိမ်အောင် အလုပ်နိုင်တော့ပေ။

"၀ုန်း...၀ုန်း..."

"အကို...အကို..."

"၀ုန်း....ဒုန်း..."

နွေဦး သည် ကျောက်ခဲများကို မကာ ဂူနံရံကို ထုနှက်တော့သည်။ တကိုယ်လုံးချွေးများရွဲလာခဲ့သည်။

"မဟုတ်ဘူး။ မဟုတ်ဘူး။ အကို မသေရဘူး။ အကို မသေရဘူး။ အကိုသေရင် ကျွန်တော် လိုက်သေမယ်။"

နွေဦး သွေးရူးသွေးတမ်းဖြင့် ရေရွတ်ကာ တွေ့သည့် ကျောက်ခဲများကို မကာ နံရံကိုပစ်ပေါက်နေသည်။ မျက်ရည်များလည်း အတားဆီးမဲ့ကျဆင်းလာခဲ့သည်။ နွေဦးကိုင်ထားသည့် ကျောက်တုံးပေါ်ကို မျက်ရည် တစ်စက် ကျသွားသည်ကို သတိမထားလိုက်မိပါ။

မျက်ရည်စက်သည် ကျောက်ခဲပေါ်ကျသည်နှင့် ကျောက်ခဲက လက်ခနဲဖြစ်သွားခဲ့သည်။ ဒါကို နွေဦး သတိမပြုမိပါ။ နွေဦးသိတာက ဒီလိုဏ်ဂူထဲမှ ထွက်နိုင်ဖို့ပါ။ သေအတူ ရှင်အတူ အကို့နားကို သွားပြီး ရင်ဆိုင်ဖို့ပဲ သိသည်။

"၀ုန်း....."

လက်ထဲမှ ကျောက်ခဲကို အားကုန်ပစ်ပေါက်လိုက်တော့ ဂူနံရံဟင်းလင်းပွင့်သွားခဲ့သည်။

"အကို...အကို မင်းသတိုး..."

နွေဦးအူယားဖားယား အပြင်ကို ပြေးထွက်လာခဲ့သည်။ အပြင်နေရောင်အောက် တောက်ပသည့် ကမ်းစပ်တွင် မင်းသတိုးက မတ်တပ်ရပ်ပြီး နွေဦးကို လက်ဆန့်တန်းကာ ကြိုနေသည်။

"နွေဦး...ကလေးလေး..."

"အကို... အကို ..."

နွေဦးသည် သူ့ကို မည်သည့်အချိန်က စပြီး အကိုခေါ်မိသည် မသိတော့ပါ။ သူ၏ ဆန့်တန်းထားသည့် လက်မောင်းကြားပြေးဝင်ကာ အားကုန်ဖက်ကာ သူ့ရင်ခွင်ထဲမျက်နှာကို ဖွက်ထားလိုက်မိတော့သည။်

"အကို..အကို ဘာဖြစ်သွားသေးလဲ။ အသံတွေ။ ကျွန်တော် အကိုသေပြီထင်တာ။ အတူသေမလို့ ထွက်လာခဲ့တာ။"

"ကလေးလေး..ကိုယ်ဘာမှ မဖြစ်ပါဘူး။ ကလေးက န၀ရတ် လှိုဏ်ဂူနံရံကို ချိုးဖောက်နိုင်တဲ့ တစ်ဦးတည်းသော လူသားလေးပဲ။ "

သူချီးကျူးပြောသည့် စကားကို နားထဲမ၀င်ပါ။ နွေဦးသည် တုန်ယင်သည့် လက်များဖြင့် သူ့ကို တင်းကျပ်စွာ ဖက်ထားကာ ရှိုက်ငင်ရင်းပြောလိုက်သည်။

"အကိုသေပြီထင်နေတာ။ အသံတွေ...အော်သံတွေ....."

မင်းသတိုးသည် နွေဦး အရမ်းကို စိတ်ပူကာ သောက်ကရောက်နေသည်ကို တွေ့တော့ ချစ်စိတ်၊ သနားစိတ်ဖြင့် တင်းနေအောင်ဖက်ထားလိုက်သည်။

"ကလေးလေး...ဘာမှ မဖြစ်တော့ဘူးနော်။ အကို ရောက်လာပြီ။ အကို ကလေးနားကိုရောက်လာပြီလေ။ တိတ်တော့နော်။ အကို ဘာမှမဖြစ်ပါဘူး။ ကိုယ်က မင်းသတိုးပါ။"

မင်းသတိုးရယ်သွေးသွမ်းကာ သူ့ကို နှစ်သိမ့်သော်လည်း နွေဦးက မျက်ရည်များဖြင့် မော့ကာ ပြောခဲ့သည်။ နွေဦး၏ ရိုးသားသည့် စကားများက မင်းသတိုး၏ ရင်ကို ထုတ်ချင်းပေါက်သွားစေခဲ့သည်။

"အကိုသေရင် ကျွန်တော်လိုက်သေမှာ။ တစ်ယောက်တည်း အသက်ရှင် ကျန်ရစ်မနေခဲ့ဘူး။"

မင်းသတိုး၏ မျက်လုံးထဲမှ မျက်ရည်က စီးကျပြီး မျက်နှာဖုံးပေါ်ကို ကျဆင်းလာခဲ့သည်။ နွေဦးသည် သူ့ကို ပြောလိုက်သည်။

"အကို မျက်ရည်မကျပါနဲ့။ ကျွန်တော် အကိုမရှိပဲ အသက်မရှင်နိုင်တော့ဘူး။ ကျွန်တော် အကို့ကို ချစ်တယ်။"

မင်းသတိုး၏ ကိုယ်ထဲ ခွန်အားအပြည့် ၀င်လာခဲ့သည်။ နွေဦးကို ပွေ့ဖက်ကာ ပြောလိုက်သည်။

"အကိုလည်း မင်းကို ချစ်တယ်။ မင်းမရှိရင် အကိုလည်း အသက်မရှင်ချင်တော့ဘူး။ "

သူ့စကားကြောင့် နွေဦး တင်းထားသည့် စိတ်တို့လျော့ချလိုက်ကာ မိုက်ခနဲဖြစ်သွားခဲ့သည်။ စိုးရိမ်စိတ်အားကြီးလို့ စိတ်ဆောင်ပြီး အားကုန်သုံးကာ လှိုဏ်ဂူနံရံကို ကျောက်တုံးများဖြင့်ပစ်ပေါက်နေခဲ့တာ နွေဦးကို အလွန့်ကို မောပန်းသွားစေ ခဲ့သည်။

"ကလေး... အိမ်ပြန်ကြစို့နော်... အကို မင်းကိုပွေ့ချီသွားမယ်။"

မင်းသတိုးသည် နဂါးမ သုံးကောင် စောင့်ဆိုင်းနေသည့် ရေအိုင်ကို နွေဦးကို ပွေ့ချီကာ ဖြတ်ပြန်လာရန် ဟန်ပြင်စဉ် ကောင်းကင်ပေါ်တွင် ပျံသန်းလာသည့် အရိပ်ကိုတွေ့သဖြင့် မော့ကြည့်လိုက်တော့ မင်းသတိုး မျက်နှာထား တင်းမာသွား တော့သည်။

"အရှင် မင်းသတိုး...."

ဌက်မွေးပမာ နူးညံ့သည့် ဆံနွယ်များက လေထဲ လွင့်ပျံနေသည်။ ကျောပြင်တွင် တောင်ပံကြီးတစ်စုံက အရှိန်နှင့် ရိုက်ခတ်နေသည်။ အပေါ်ပိုင်းက လူသား၊ အောက်ပိုင်းက ဌက်ပုံနှင့် ဂဠုန်မ တစ်ကောင်သည် မင်းသတိုးကို တပ်မက်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"ဂါး...."

နဂါးမ သုံးကောင်သည် ဂဠုန်မ ကိုတွေ့သည်နှင့် အော်ဟစ်ကာ ရေအောင်ကို ငုပ်လျှိုးသွားတော့သည်။

"အရှင်မင်းသတိုး...ကျွန်မ မျက်လုံးကို စိုက်ကြည့်လှည့်ပါ။"

ဂဠုန်မသည် သာယာစွာဖြင့်ပြောသည်။ နွေဦးသည် ထိုအသံကို ကြားတော့ မော့ကြည့်မည် အပြု မင်းသတိုးက နွေဦး၏ မျက်လုံးကို ပိတ်လိုက်ကာ နားနားကပ်ကာပြောလိုက်သည်။

"ကလေး မျက်လုံးပိတ်ထား။ ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် လုံးဝ မျက်လုံးမဖွင့်ရဘူးနော်။ ကိုယ့် စကားကို နားထောင်.."

"အဲ့ဒါ ဘာလဲဟင်.."

"ဂဠုန်မပါ။ ဘာမှ မပူနဲ့ ။ ကိုယ် ရှင်းလိုက်မယ်။ ကိုယ့် လည်ပင်းကို ခိုင်ခိုင်ဖက်ထားနော်။"

မင်းသတိုးသည် နွေဦး၏ ကိုယ်လေးကို ပွေ့ချီကာ ပြောလိုက်သည်။ နွေဦးသည် မင်းသတိုးကို ယုံသည်။ မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်သည်။ သူ့လည်ပင်းကို လက်နှင့် ဖက်ထားသည်။ မိမိတို့ပတ်ဝန်းကျင်တွင် လေများအရှိန်နှင့် တိုက်ခတ်လာသည်ကို သိလိုက်သည်။ အသံများ ဆူညံစပြုလာသည်။ တလောကလုံးက ဘာသံမှန်းမသိအောင် ဆူညံသံ တို့ပြည့်လာသည်။ တဖြည်းဖြည်းနှင့် မိမိတို့နှစ်ဦး မုန်တိုင်းတစ်ခု အလယ်ကိုေ၇ာက်နေသလို ခံစားလိုက်ရ သည်။

"၀ုန်း....၀ုန်း....."

အရပ်ရှစ်မျက်နှာမှ လေများဆောင့်ဆောင့်တိုက်လာသည်။ လေပူ၊ လေအေး တလှည့်စီ ဖိနှိပ်လာခဲ့သည်။ မင်းသတိုးသည် မိမိကို ဖက်ကာ လေမုန်တိုင်းထဲ ပျံတက်လာခဲ့သည်ဟု နွေဦးထင်သည်။ ဂဠုန်မ၏ စူးရှသည့်အော်သံ ကိုလည်း ကြားနေရသည်။ ဘာတွေဖြစ်နေသည်ကို မသိတော့ပေ.။

မျက်လုံးမှိတ်ထားသည့်ကြားက နွေဦး လျှပ်စီးကြောင်းကိုလည်း တွေ့လိုက်ရသည်။ မျက်လုံးထဲ ၀င်းခနဲဖြစ်သွားသည်။ ကျယ်လောင်သည့် မိုးခြိမ်းသံနှင့်အတူ နွေဦးသည် သူ့လည်ပင်းကို ဖက်ထားရာမှ လွှင့်ကျသွားခဲ့သည်။ နွေဦး ယောင်ယမ်းကာ မျက်လုံးကိုဖွင့်လိုက်မိသည်။

"အကို အကိုမင်းသတိုး..."

နွေဦးနှင့် သူ ကွဲကွာသွားခဲ့သည်။ နွေဦးမျက်လုံးဖွင့်ကြည့်မိစဉ် ပတ်ဝန်းကျင်တစ်ခုလုံး မုန်တိုင်းထဲကျနေ သလိုဖြစ်နေသည်။ မိမိလည်းလေထဲလွင့်သွားခဲ့သည်။ မင်းသတိုးကို ကြည့်မိစဉ် နွေဦး၏ မျက်လုံးဝင်း ခနဲဖြစ်သွားခဲ့သည်။

"အကို..."

အကို့မျက်နှာက မျက်နှာဖုံး မရှိတော့ပါ။ မျက်ခုံးထူထူ တန်းတန်း၊ မျက်ဝန်းနက်နက်၊ နှာတံပေါ်ပေါ် နှင့် ယောကျာ်းချောချောသည့် လူက မိမိချစ်သူ မင်းသတိုးတဲ့လား။

"နွေဦး...."

မင်းသတိုး၏ မျက်လုံးက ဘာကြောင့်ရယ်မသိ။ နာကျင်ရိပ်တို့စွန်းထင်းနေသည်။ မိမိနှင့် ဝေးကွားသွားမည့် တခဏ သူ့ရင်အစုံတို့ကွဲကြေမတတ်ခံစားနေရသည်ကို ခံစားလိုက်ရသည်။

"ဘာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရတာလဲ ကလေးရယ်..."

သူ့စကားကိုကြားလိုက်ရမှာ နွေဦး နောင်တရသွားသည်။ ထိုစဉ် တစ်ခဏ တစ်လောကလုံး ဆူညံသွားသည့် မိုးခြိမ်းသံကြီးကြားလိုက်ရပြီး နွေဦးသတိမေ့သွားတော့သည်။

"ကိုယ် မင်းကို ချစ်တယ် နွေဦး ကလေးလေး..."

သတိမမေ့ခင် နွေဦး နောက်ဆုံးကြားလိုက်ရသည့် အသံဖြစ်သည်။ နွေဦး ငိုချင်သည့်ကြားမှ မျက်ရည်ကျမလာခင် သတိမေ့သွားခဲ့သည်။


သန်းခေါင်ယံ ချစ်သူ  Season - 1Where stories live. Discover now