💙1💙

7.9K 329 52
                                    

(Unicode)


တက္ကသိုလ်ကျောင်းစဖွင့်သည့်နေ့...

ဂျူနီယာလေးတွေအတွက်တော့ ပတ်ဝန်းကျင်အသစ်ကို ပထမဆုံးစူးစမ်းတဲ့နေ့ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမတို့လိုအကြီးတန်းတွေအတွက်တော့ ရောက်ပင်မရောက်လိုတော့သော နေ့တစ်နေ့ဖြစ်သည်။ အတန်းသစ်မှာ တစ်နှစ်ထက်တစ်နှစ် ပိုခက်ခဲနက်နဲလာတဲ့စာအသစ်တွေနဲ့ ပိုပိုပြီးလုံးပမ်းရမယ်ဆိုတာ ကြိုသိနေမှတော့ ဘယ်ပျော်နိုင်မှာလဲ...။

မိမိယူထားသည့် ဂီတအထူးပြုမေဂျာသို့တက်ရောက်ကြမည့် ကျောင်းသားကျောင်းသူအငယ်လေးများအား ကျောင်းသားကဒ်ထုတ်ပေးသည့်နေရာတွင် သူများတွေနှင့်ရောယောင်ကာ သူမထိုင်နေမိသည်။ နဂိုကတည်းက အရယ်အပြုံးနည်းပြီး သူစိမ်းများဖြင့်သိပ်အရောမဝင်တတ်သည့်အကျင့်ကြောင့် မိမိနှင့်ရွယ်တူသူများတကာတွေ အပေါင်းအသင်းမိတ်ဆွေသစ်များဖြင့် ပျော်မြူးကာစကားဖောင်ဖွဲ့နေစဉ်တွင် သူမမှာ တစ်ယောက်တည်းကွက်ပြီး တည်တည်ကြီးလိုဖြစ်နေသည်။

တစ်ယောက်တည်း ဟိုငေးဒီငေးလုပ်နေရင်း မျက်စိထဲဝင်လာသည့် မိုးပြာရောင်အင်္ကျီနဲ့အဆင်လေးကြောင့် နှုတ်ခမ်းဖျားလေးနှစ်ခုမှာ ခပ်ရေးရေးကော့တက်သွားသည့်နှယ်...။ ပြုံးမိသည်ဆိုရုံ မဆိုစလောက်သာ ကွေးညွတ်သွားမိသည့်နှုတ်ခမ်းထောင့်စွန်းတို့အား သတိပြုပြုမိချင်း မျက်နှာကိုချက်ခြင်းပြန်တည်လိုက်ကာ မူလအလုပ်ဖြစ်သည့် ဟိုငေးဒီငေးကိုသာ ပြန်လုပ်နေမိသည်။


"Sunbae"

"အင်း?"


ရှေ့တည့်တည့်မှာလာရပ်ပြီး ကြားဖူးသမျှထဲမှာ အချိုမြိန်ဆုံးသောအသံလေးနဲ့ ဆန်းဘေးဆိုပြီး ခေါ်လိုက်တဲ့ ခုနကအဆင်လေးကြောင့် သူမ အူလည်လည်ဖြင့် ပြန်ထူးလိုက်မိသည်။ ဒီကလေးက ဘာလို့ သူမရှေ့ကိုရောက်လာသည်တုန်း။ ဟုတ်သား... သူမက အခုကျောင်းသားကဒ်ထုတ်ပေးရမှာပဲ။ တစ်မေဂျာထဲပါလားဟူသည့် အသိကြောင့် အနည်းငယ်တော့ စိတ်ထဲရွှင်ပြသွားမိသည်မှာအမှန်။


"ကလေး... မင်းနာမည်?"

"Park Jimin"


ပြုံးစစမျက်နှာပေးဖြင့် ပြန်ဖြေလာသည့်ကောင်လေးကြောင့် သူမ အနည်းငယ်ကြောင်အသွားမိသည်။ ကိုယ်ပြောလိုက်တဲ့စကားထဲ ဘာရယ်စရာများပါသွားလို့လဲ...။ ကဒ်တွေအစီအရီထည့်ထားတဲ့ပုံးလေးထဲမှ ထိုကျောင်းသားလေး၏ကဒ်အား ရှာပေးကာတွေ့သည်နှင့် သူ့လက်ထဲကမ်းပေးလိုက်သည်။ ကဒ် လက်ထဲရောက်တာနဲ့ ကျေးဇူးပါလို့ပြုံးပြီးပြောလိုက်တာ မျက်လုံးလေးတွေတောင် မပွင့်ချင်။ ယောက်ျားလေးတစ်ယောက်က ပန်းလေးတစ်ပွင့်လို နုဖတ်ပြီးလှနေဖို့ဆိုတာ လောကကြီးကတော်တော်မတရားတာပဲ။ ဒါမှမဟုတ် အဲ့ဒီကလေးက သူမတစ်ယောက်တည်းရဲ့အမြင်မှာပဲ ကွက်ပြီးကြည့်ကောင်းနေခြင်းလားတော့ မပြောတတ်။ ကျောင်းသားကဒ်လေးကိုင်ပြီး ကျောင်းကြီးကို စူးစမ်းတဲ့အကြည့်နဲ့ ပတ်ကြည့်နေတဲ့သူ့ကို မျက်စိတစ်ဆုံးပင် သူမ ထိုင်ငေးနေမိသည်။

The Illusion Of LoveWhere stories live. Discover now