💙12💙

1K 157 35
                                    

(Unicode)



"ဟူး... မောလိုက်တာ"


စာကြည့်စားပွဲကို နံရံဘက်သို့ အားနှင့်တွန်းကပ်ရင်း ပြောလိုက်မိသည်။ နဖူးပေါ်မှ ချွေးကို လက်နဲ့သပ်လိုက်ရင်း မိမိအိပ်ခန်းကို မျက်လုံးဖြင့် တစ်ချက်ဝေ့ကြည့်လိုက်မိသည်။ မူလအထားအသိုနှင့် ကွဲလွဲနိုင်သမျှ ကွဲလွဲအောင် ရွှေ့လို့ရသည့် ပစ္စည်းမှန်သမျှကို နေရာအပြောင်းအရွှေ့ ဆိုရီ လုပ်ထားသည်။ အိပ်ခန်းတင်မက၊ အိမ်ရှေ့ခန်း၊ မီးဖို အစရှိသည့်နေရာတို့ကိုပါ သူမ ပြောင်းရွှေ့ရေး လုပ်ထားသည်။ အိမ်ရှေ့ခန်းတွင် ဆက်တီကို ဘယ်နှင့် ညာပြောင်းလှည့်ထားသည်။ တီဗွီကတော့ ရွှေ့မရလို့ ဒီအတိုင်းသာ။ မီးဖိုခန်းတွင်လည်း ပန်းကန်ခွက်ယောက်ထားသည့် စင်အငယ်လေးကို နဂို ရေခဲသေတ္တာဘေးမှ ဘေစင်ဘေးကို ပြောင်းထားသည်။

တစ်မနက်လုံး ထိုကဲ့သို့ ဟိုပစ္စည်း ဒီနေရာရွှေ့၊ ဒီပစ္စည်း ဟိုနေရာရွှေ့လုပ်နေသောကြောင့် သူမ တော်တော်ပင်ပန်းနေသည်။ ကုတင်ပေါ်သို့ ထိုင်ချလိုက်ရင်း ခဏ အမောဖြေလိုက်မိသည်။ ပင်ပန်းသော်လည်း စိတ်ထဲ ကျေနပ်နေမိသည်။


"အနည်းဆုံးတော့ အိမ်ထဲမှာ ပတ်ဂျီမင်ကို မြင်မနေတော့ဘူးပေါ့"


ကိုယ့်ကိုယ်ကို ပြန်ပြောမိသည့်စကားက သူမ ခံစားချက်တွေကို ရင်မဆိုင်ဘဲ ဘယ်လောက်တောင် ထွက်ပြေးနေလဲဟု သံသယဖြစ်စရာကောင်းသော်လည်း နေမြဲအတိုင်း နေနေခြင်းက ပိုပြီးလွမ်းဆွတ်သတိရစေသည်မှာ အမှန်။ အမြန်မေ့သွားဖို့အတွက်ကတော့ အသေးအမွှားလေးကပဲဖြစ်စေ တစ်ခုခုတော့ စပြောင်းလဲမှစမည်။ အရင်တုန်းကဆို ကျောင်းတွင်သာမက အိမ်ထဲမှာပါ ဘယ်နေရာကြည့်ကြည့် ပတ်ဂျီမင် အရိပ်တွေချည်း မြင်နေရတာ တော်တော်စိတ်ပျက်ဖို့ကောင်းသည်ဟု သူမ ယူဆမိသည်။ အခုလို့ ဟိုရွှေ့ဒီရွှေ့လုပ်လိုက်လို့လည်း အဆုံးစွန် မေ့သွားနိုင်မယ်လို့တော့ အာမမခံနိုင်။ သို့သော်လည်း ဘာမှမလုပ်ဘဲ ထိုင်ဝမ်းနည်းနေခြင်းထက်စာရင်တော့ တစ်ခုခု အပြောင်းအလဲလုပ်လိုက်ခြင်း သူမအတွက် ပိုပြီးအထောက်အကူဖြစ်လိမ့်မည်ဟု ထင်လို့သာ သူမ ဒါတွေကို လုပ်နေခြင်းဖြစ်သည်။

ဖုန်းက messageဝင်သည့်အသံကြားသောကြောင့် သူမ တစ်ချက်ပြုံးလိုက်မိသည်။


📨
HS: ညနေအားရင် တစ်ခုခု သွားစားမလား ^^


စာပြန်မပို့ခင် သူမ အခန်းကို တစ်ချက်ဝေ့ကြည့်လိုက်မိသည်။ နည်းနည်းပါးပါး အခန်းကိုသပ်ရပ်အောင် လက်စသတ်ပြီးလျှင် သူမ တစ်ရေးအိပ်ဖို့ စဉ်းစားထားတာကလွဲပြီး ကျန်တာ ဘာအစီအစဉ်မှမရှိ။ ညနေအချိန်ပိုင်း အလုပ်လည်းမရှိသောကြောင့် အားနေသည်။


📨
ရတယ်လေ... ဟိုဆော့ ကြိုက်တဲ့ဆိုင်တစ်ခုခု ရွေးထားလိုက်ပေါ့


​စာပြန်ပို့လိုက်ပြီးသည်နှင့် သူမ ကုတင်ပေါ် လှဲလိုက်ရင်း သက်ပြင်းငယ်တစ်ခုကို ချလိုက်မိသည်။ နဖူးပေါ်လက်တင်ရင်း စဉ်းစားနေမိသော အကြောင်းအရာများမှာ သိပ်ပြီးလေးနက်လှသည်တော့ မဟုတ်။ ရင်ထဲ လှိုက်ဖိုရသည်အထိတော့ မဟုတ်ပေမယ့် သူမ နှုတ်ခမ်းတို့ကတော့ ခပ်ယွယွလေး ပြုံးနေမိသည်။


📨
HS: ဒါဆို ညနေ ၅နာရီလောက်ဆုံမယ်နော်


Messageကို ဖတ်ပြီးသည်နှင့် ဖုန်းကို ခေါင်းအုံးအောက်သို့ ထိုးထည့်လိုက်​၏။ သူမ နှုတ်ခမ်းသည် အခုထိ ပြုံးနေဆဲဖြစ်ကြောင်းကို ဆိုရီ သတိထားမိသည်။


"ဒါ တကယ် dateလား..."
 

ကိုယ့်ကိုယ်ကို မရေရာသည့်စကားတစ်ခုကို ပြောလိုက်ရင်း သူမအတွေးတို့က လွန်ခဲ့သည့်ရက်ပိုင်းတစ်ချို့ဆီသို့ လွင့်ပျံသွားလျက်...
 

.
.
.
.
.
 

အဲ့ဒီနေ့က သူမ ကျောင်းအဆောင်ဘေးရှိခုံတန်းပေါ်တွင် တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်နေမိသည်။ အတန်းထဲသွားပြီး လူတွေနဲ့ ရောနှောနေဖို့အတွက်ကို သူမ စိတ်ညစ်ညူးနေမိသည်။ ခုံတန်းကို ကျောမီချလိုက်ရင်း ကောင်းကင်ကို မော့ကြည့်မိလိုက်တော့ တိမ်တွေက ဟိုတစ်စ ဒီတစ်စ။ အများအမြင်မှာ အဆင်ပြေနေတယ်လို့ထင်ရအောင် နေနေသော်လည်း စိတ်ရဲ့မွန်းကြပ်မှုကို ဖြေလျော့ပေးရန်လိုအပ်နေသည်။ ခဏခဏချနေမိသည့် သက်ပြင်းတွေလို လေထဲ အငွေ့ပျံသွားချင်စိတ်တွေကလည်း တဖွားဖွား... ။

The Illusion Of LoveWhere stories live. Discover now