ငယ်

550 44 9
                                    

ကားဆီသွက်သွက်လျောက်လာပြီး
ကားလက်ကိုင်မှာချည်ထားတဲ့ပန်းရောင်အိတ်လေးကို ဖူးမြတ်သွယ် ဖြုတ်ယူလိုက်သည် ။
အိတ်ကို အနည်းငယ်ဟကြည့်တော့ ချစ်စရာ ပန်းပွင့်ပုံကလစ်လေးတစ်ခုက ဖူးမြတ်သွယ်ကို မဝံ့မရဲလှမ်းကြည့်နေသယောင် ။
အစောက သစ်ပင်အောက်တွင်သူရပ်ကြည့်ခဲ့သော
ကောင်မလေးကိုပြန်မြင်ယောင်လာကာ သွားတွေ ပေါ်လာသည်အထိ စိတ်ရှိလက်ရှိ ရယ်မိတော့သည် ။

ကောက်ကွေးနေသော ခပ်တိုတိုဆံပင်လိပ်လေးများ၊
ထူပိန်းနေသော မျက်မှန်ဝိုင်းတွေ ၊
ပုသည်ဟု ဆိုရမည့်အရပ်နှင့်
အူကြောင်ကြောင်ပုံစံထိုကောင်မလေးသည်
မိမိအိမ်က လာကြိုသော ကားနားဝယ် ကုတ်ချောင်းကုတ်ချောင်းလုပ်နေသဖြင့် သစ်ပင်အကွယ်၌ ရပ်ကြည့်နေလိုက်ခြင်းဖြစ်သည် ။ သူမကို ကလစ်လေးပေးချင်၍ဟု ဖူးမြတ်သွယ်နည်းနည်းမှ မထင်မိ ။

ဖူးမြတ်သွယ်သည် လွတ်လွတ်လပ်လပ်နှင့် အချုပ်အနှောင်ကင်းကင်းနေချင်သူသာဖြစ်သည် ။ ထို့ကြောင့်လည်း ပိုးပန်းနေသည့်အနေဖြင့် လက်ဆောင်လာပေးသော ပစ္စည်းများအား သူငယ်ချင်းတွေကိုပေးလိုက်တာမျိုး အတန်းထဲ၌ထားခဲ့တာမျိုး စသည်ဖြင့် ဇာတ်လမ်းတွေမဖြစ်လာခင် အပြတ်ဖြတ်တတ်ပေမယ့် လက်ထဲရှိကလစ်လေးကိုတော့ မလွှင့်ပြစ်ရက်သလို ဘယ်သူ့မှလည်း မပေးလိုက်နိုင် ။
ကျောပိုးအိတ်၏ အတွင်းအိပ်ကပ်ငယ်ထဲ သေချာထည့်သိမ်းထားလိုက်သည် ။ အတောမသတ်အောင်ပြုံးနေမိသော ကိုယ့်ကိုကိုယ်လည်းအံ့ဩရသည် ။
ထူးဆန်းသည့် အူကြောင်ကြားမလေးဟုသာ စိတ်ထဲကအကြိမ်ကြိမ်ရွတ်နေမိသည် ။

နောက်တစ်နေ့ အတန်းချိန်တွင် ရည်းစားရှုပ်ပွေသည့်ကောင်လေးတစ်ယောက်
အကြောင်း သူငယ်ချင်းများကဝိုင်းဖွဲ့ပြောနေကြသည်မို့ သူမအတန်းပြင်ထွက်ရန်ပြင်လိုက်သည် ။ အပူအပင်တွေဆို ကြားရသည်နှင့်ပင် ဖူးမြတ်သွယ် စိတ်ညစ်ညူးသွားတတ်သည်မို့ အဝေးသို့သွားရန်ပြင်စဉ် သူငယ်ချင်းများထံမှကြားလိုက်ရသည်က
" အိမ့် ခြူး ငယ် " ဆိုသည့်နာမည်လှလှလေး ၊ ထိုနာမည်လေးကထူးဆန်းစွာ သူ့ကို
ဆွဲဆောင်နေသဖြင့် သူငယ်ချင်းတွေနားမှာပဲ ဆက်ထိုင်ကာ နားထောင်နေမိသည် ။

Beyond Where stories live. Discover now