Anime Poetry (4) -Ki Ki' Delivery Service-

50 4 0
                                    

- အဖြူစင်စုန်း -

ဒီလိုစုန်းမတော့
လူတိုင်းဖြစ်ချင်မှာပေါ့
ရွာပြင်ထုတ်မခံရတဲ့အပြင်
ပင်လယ်မြို့ပြမှာတောင်နေရသေး ။

ပုံပြင်ပေါင်းများစွာထဲ
ကောက်ကျစ်တဲ့ လင်တရူးစုန်းမတွေကြောင့်
ကျဆင်းခဲ့တဲ့ သိက္ခာကို
မင်းက Delivery ပို့ရင်း ပြန်ဆယ်တယ် ။

အမေပေးတဲ့ တံမြက်စည်း
အဖေပေးတဲ့ ရေဒီယိုနဲ့
မိုးလေကင်းရှင်းတဲ့ လပြည့်ညမှာ
စုန်းစစ်စစ်ဖြစ်ဖို့ ခရီးထွက်ခဲ့
အမှောင်ထဲ ကြောင်မည်းတစ်ကောင်နဲ့ ။

မိဘတွေရဲ့ အဝေး
မြို့ကြီးပြကြီးမှာ အခြေချရတာ
စုန်းမတစ်ယောက်အတွက်လည်း ပင်ပန်းတာပဲ
ရဲတိုက်ကြီးမှာ မနေရဘဲ
ပေါင်မုန့်ဆိုင် အထပ်ခိုးသာသာမှာနေရလည်း
ဘဝကို မငြိုငြင်
အလွယ်တကူပဲ ဖြူစင်နေတာ
မင်းသန္ဓေကောင်းလွန်းလို့သာပေါ့ ။

ပေါင်မုန့် ၊ ပန်းစည်း
မွေးနေ့လက်ဆောင် ၊ ပါဆယ်ချပ်ပုံး
အကုန်လုံး ပို့ဆောင်ပေးတယ်
မြို့ထဲဘယ်လောက် ၊ မြို့ပြင်ဘယ်လောက် ။

အလုပ်ကြိုးစားလွန်းတော့
ရှားရှားပါးပါး ပါတီပွဲလေးတောင် မမီ
ပြီးတော့ တချို့နာရီတွေက အချိန်မမှန်သေး
ပြီးတော့ အိမ်ရှင်တွေက မောက်မာသေး
တံခါးတွေကို အကြောင်းမဲ့ဆောင့်ပိတ်
သူတို့မှာပဲ စိတ်ရှိသလိုလို လုပ်ကြ
တကယ့်လူ့စုန်းပြူးတွေ ။

မိုးမိ ၊ ဖျားနာ ၊ တံမြက်စည်းကျိုး
စုန်းမတစ်ယောက်ရဲ့ လက္ခဏာမှာ
ကံဆိုးမှုတွေ အောက်စလွတ်လာတယ်  ၊
ကိုယ်တွေပူပြီး ဖျားနာတော့
စုန်းမလည်း အိပ်ယာမှာ ခွေရ
စုန်းမပါးစပ်ထဲ ပြဒါးတိုင်ထည့်ကြည့်ရင်
အပူချိန် ဘယ်လောက်ရှိမလဲ ။

စုန်းတစ်ယောက်ရဲ့ ဘဝမှာ
ငါမပျံသန်းတတ်တော့ရင် …
ဆိုတဲ့အတွေးဟာ
သွေးပျက်စရာ အကောင်းဆုံးပဲ ။

မပျံသန်းနိုင်လို့
လမ်းဘေးမှာ ကားတားနေရတဲ့ စုန်းမဟာ
သိပ်ကို သိမ်ငယ်စရာပဲ ။

ယုံကြည်မှုတွေ ပြန်ရဖို့ 
အတွေးတွေကို ရှင်းလင်းဖို့
တောအုပ်စိမ်းနဲ့ ကော်ဖီတစ်ခွက်
ကောင်းကောင်းအနားယူဖို့ နေရက်တွေလည်း
လိုတာပေါ့ ။

နောက်ဆုံးတော့
မင်းဟာ စုန်းစစ်စစ်ဖြစ်ကြောင်း
ပြန် စုန်းတောက်ပြနိုင်ခဲ့ပါတယ် ။

မင်းကိုယ်မင်းလည်း ကယ်နိုင်ခဲ့
လူ့အသက်ကိုလည်း ကယ်နိုင်ခဲ့
တစ်မြို့လုံး ပြုံးပျော်အောင်လည်းဆောင်ခဲ့
ပခုံးပေါ်မှာလည်းကြောင်နဲ့ ။

တကယ်တော့
မင်းစိတ်ထားဟာ မင်းစွမ်းအားပါပဲ
စိတ်ထားကောင်းလွန်းတော့
ဖုန်စုပ်စက်နဲ့တောင် မင်းပျံနိုင်မှာပါ ။

စာပို့သမားကဘယ်သူလဲ မသိပေမယ့်
မင်းရေးတဲ့စာကို ဖတ်ရလို့
အဝေးက စုန်းမြို့ကလေးမှာလည်း
အားလုံးပျော်ရွှင်နေကြတယ် ခိခိရေ ။

- သူဝေး -

Anime Poetry ( သူဝေး )Donde viven las historias. Descúbrelo ahora