Anime Poetry(14) -Paprika-

28 0 0
                                    

- Anime Poetry ( 14) ကြိတ်သားမှတ်ဥာဏ် -

အမှားတွေ ကျူးလွန်ဖို့ကောင်းတဲ့နေရာတစ်ခုကို ရှာတွေ့ထားတယ် ။
အခုလိုက်ခဲ့ ။ အိပ်မက် ။
အထဲမှာ မှန်တာလည်း မရှိ ၊ မှားတာလည်းမရှိ ။
အချိန်နဲ့နေရာတွေရဲ့ နှိုင်းရမဲ့ ပြင်ပစစ်စစ် ယင်ယန် ။
နိုးလာတယ်ဆိုတာမရှိ ၊ နောက်ထပ် အိပ်မက်မှတ်တိုင် ၊ အိပ်မက် ဘတ်စ်ကား၊ အိပ်မက်ဘူတာ ၊
အိပ်မက်ရထား ၊ အိပ်မက်လေယာဉ်မှာတိုက်တဲ့ အိပ်မက်ကော်ဖီ ။
တကယ့်ဘဝဆိုတာ အရေပြားကို လှီးပြီးရှာတောင်
အင်ဖန်နတီ အိပ်မက် ကြက်သွန်နီ ။
သံချေးတွေနွယ်တက်နေတဲ့ ကလေးကစားကွင်းလောက်ကြောက်စရာကောင်းလား ။
အဲ့ဒါကြောင့် ဆွဲကြိုးချသေထားသူရဲ့ ကော့နေတဲ့ ခြေမနှစ်ဘက်မှာ
သားရည်ကွင်းတပ်ပြီး စောင်းတီးနေမိတာ ။
မျက်လုံးထဲမှာ အရောင်တွေ ဝေ့နေတဲ့ ရဲတပ်ဖွဲ့ဟာ
နည်းနည်းပဲမှည့်သေးတဲ့ ဖရုံသီးတွေကို တွန်းလှိမ့်လာကြတယ် ။
အသွင်ယူမယ် … အသွင်ယူမယ်လည်း အော်ဟစ်နေကြသေး ။
အသားပိုတွေဟာ ဂျင်းတက်တွေလို ထွက်လာတယ် [ စားပါဦးတဲ့ ]
တစ်မြို့လုံး မွစိတက်အောင် တက်နင်းခဲ့ပေမယ့် ခရိုနီဘဏ်တွေကိုချန်လှပ်ခဲ့လို့
ဒိုင်နိုဆောဟာ သတင်းစာရှင်းလင်းပွဲလုပ်နေရတယ် ။
ဘာကလေးဘဝက စိတ်ဒဏ်ရာမှ မရှိဘူး ။
လူကြီးဘဝမှာ ရိုင်းချင်လို့ကို ချက်ကိုလေနဲ့မှုတ်နေတာ ။
လက်သည်းတွေကိုလည်း ကြိုက်လို့ကိုစားနေတာ ။
ပြီးတော့ အိပ်မက်ထဲမှာလမ်းလျှောက်ပြီး နှိုးစက်ကို
ဘာသာခြားဆိုပြီး ထုခွဲသတ်လိုက်တာ ။
အိပ်မွေ့ချနေတဲ့ မိန်းမကို အိပ်မက်ထဲမှာ
အိပ်မွေ့ပြန်ချနေတယ်လို့ အိပ်မက်တယ် ။
အံ့သြစရာပဲ ၊ ငါ့အိပ်မက်ဟာ တစ်ယောက်ယောက်ရဲ့ အကူအညီကို လိုခဲ့တယ် ။
အခုပဲ အိပ်မက်ပိတ်ကားထဲက ထွက်လာပြီး အဖမ်းခံပါ ။
သင့်အာရုံမြင်တွေပြေးလို့ မလွတ်တော့ဘူး ။
အခုပဲ သင့်ကိုအိပ်မက်ရုပ်ရှင်တွေ ဝိုင်းထားပြီ ။

- သူဝေး -

ဒါလည်းမကြည့်ရသေး 😓

Anime Poetry ( သူဝေး )Where stories live. Discover now