Christmas through window

366 71 15
                                    

ဘဝက အမြဲတမ်းဒရာမာဆန်နေတာမဟုတ်ဘူး။
တစ်ဖက်သတ်စောက်ရူးထမှုတွေဟာ အဆုံးသတ်မှာ အကျိုးမဲ့ဝမ်းနည်းစရာတွေပဲဖြစ်လာတယ်။
မမဟာ အခုနေ ချန်းယောလ်လို့ သွားမေးရင် 'ဘယ်သူလဲ'လို့ သူ့သားငယ်လေးကို ထိန်းရင်း ပြန်မေးလိမ့်မယ်ထင်တယ်။ဂျုံအင်ကတော့ ပြတင်းပေါက်တွေရှေ့ရပ်မိတိုင်း မမြင်တာကြာပြီဖြစ်တဲ့ ကျောပြင်တစ်ခုကို သတိတရလွမ်းတယ်။
ချန်းယောလ်ရော…မမလိုမျိုး ဂျုံအင်ဆိုတဲ့ကောင်လေးကို မျက်လုံးဝိုင်းပြီး အကြာကြီးစဉ်းစားရမလား။ဒါမှမဟုတ် အကြောင်းတစ်ခုခုတိုက်ဆိုင်ရင် ဂျုံအင့်လိုပဲ သတိတရရှိမလားဆိုတာကတော့…

~~~~~~

အတွေးတွေနဲ့ ညက အိပ်ရာဝင်နောက်ကျသွားပေမယ့် မနက်တော့ကြည်ကြည်လင်လင်လေးပဲနိုးလာတယ်။ဂျုံအင် ပြတင်းပေါက်ကနေရပ်ပြီးကြည့်မယ်ဆိုရင် အရင်တိုင်းမပြောင်းလဲတဲ့ တောင်တန်းကြီးရယ်…မြွေလိမ်မြွေကောက် မြေနီလမ်းလေးကို တွေ့ရမယ်။စက်ဘီးတွန်းသွားတဲ့ ကျောပြင်တစ်ခုမရှိလို့ မပြီးပြည့်စုံတော့ပေမယ့်လို့ပေါ့။
ဒါပေမယ့် အခုလောလောဆယ်တော့ လွမ်းရေးထက် ဝမ်းရေးခက်တာမို့ ပြတင်းပေါက်ဘေးဆွေးမနေအားပဲ မျက်နှာသစ်ပြီးတာနဲ့ အနွေးထည်ထူထူကိုထပ်ဝတ်ပြီး အပြင်ထွက်ဖို့ပြင်ရတယ်။ဈေးထဲက ခေါက်ဆွဲဆိုင်က နည်းနည်းနေမြင့်ရင် ကုန်သွားတတ်သည့်အပြင် ဂျုံအင်မှာ ကော်ဖီအပြင်ဝယ်စရာတွေ ရှိနေသေးသည်…။

ပေါက်စီပူပူလေးကို လက်တစ်ဖက်ကကိုင် နောက်တစ်ဖက်က တိုလီမုတ်စထည့်ထားတဲ့အိတ်ကို ဆွဲပြီး မြို့လယ်လမ်းအတိုင်း ဖြတ်လာတော့ အလာတုန်းက သတိထားမကြည့်မိတဲ့ စာကြည့်တိုက်ကို အပြန်ကျမှ သေချာပြန်ကြည့်မိတယ်။
မနက်စောစောမို့ဖွင့်သေးပုံမရတဲ့ စာကြည့်တိုက်က ဂျုံအင်ငယ်ငယ်တုန်းကလို အုတ်နီကို ဆေးမသုတ်ထားတဲ့ အုတ်ကြွက်မိုး တစ်ထပ်တိုက်လေးပါပဲ။စာကြည့်တိုက်ဘေးက ရဲစခန်းကတော့ ဆေးပြင်သုတ်ထားပုံ…
သူ့ရှေ့က အုတ်ခုံလေးကတော့ အရင်အတိုင်း…
အရင်ကဆို ဂျုံအင် စာကြည့်တိုက်က ပြန်ထွက်လာရင် ချန်းယောလ်က ဒီအုတ်ခုံမှာထိုင်ပြီး သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတတ်သည်။ဂျုံအင်ကို မြင်ရင် စကားစကိုရပ် စက်ဘီးကိုယူပြီး ဂျုံအင်နောက် အပြေးလိုက်လာတတ်သည်။အခုတော့ ချန်းယောလ်တို့မဟုတ်သည့် လူငယ်တစ်စုက အုတ်ခုံမှာထိုင်နေကြသည်…။
အားလုံးဟာ အရင်အတိုင်း အနောက်မှာ ချန်းယောလ် လိုက်မလာတာက လွဲရင်…

အသည်းကွဲ ရေဒီယိုWhere stories live. Discover now