ချန်နန် (အပိုင်း - ၂)

1.3K 115 0
                                    



ချန်နန်ရဲ့မေမေကတော့ ငယ်ရာကနေကြီးလာသူပီပီ သူ့သမီးရဲ့အပြောင်းအလဲတွေကို သတိထားမိနေပါတယ်။ ဥပမာဆိုရရင် အိမ်သူအိမ်သားတွေအတွက် ဟင်းအထူးအဆန်း အမွန်အမြတ်လေးများ လက်စွမ်းပြပြီဆိုတိုင်း ချန်နန်ဟာ ဝမ်ချို့အတွက်ပဲရည်မှန်းပြီး ချက်နေသလိုမျိုး တပြုံးပြုံးနဲ့မမောနိုင်ဘူး ။ အင်မတန်အသေးစိတ်ဂရုစိုက် ချက်ပြုတ်စီမံပြီး ဝမ်ချိုများခံတွင်းတွေ့ပြီဆိုရင်လည်း ဂုဏ်တယူယူနဲ့ပီတိဖြစ်နေတတ်တာမျိုးပေါ့ ။ ပြီးတော့အခုမှ ကြီးကောင်ဝင်လာခါစရှိသေးပေမဲ့ ဝမ်ချိုရောက်လာပြီးကတည်းက ချန်နန်ဟာ အရင်လို ဖာသိဖာသာနဲ့ နမော်နမဲ့မနေတော့ဘဲ အိမ်မှုကိစ္စတွေကို ပိုစိတ်ဝင်စားလာတယ် ။

ဝမ်ချိုရဲ့ဝတ်လုံတွေကို ဖာထေးချုပ်လုပ်နေတတ်တဲ့အပြင် လျှော်စရာရှိရင်လည်း ဆိုးဆိုးဆတ်ဆတ်ယူလျှော်ပစ်တာပဲ ။ ကုန်ကုန်ပြောရရင် ဝမ်ချိုကိုဂရုစိုက်ပြုစုဖို့ရာ သူ့တာဝန်လို့ လုံးလုံးခံယူထားသလိုပဲ ချန်နန်ဟာ ဘယ်သူဝင်လုပ်တာမှလဲမကြိုက်ဘူး ။ ပိုက်ဆံချမ်းသာတဲ့အိမ်ပီပီ ချန်နန်တို့ဆီမှာ အစေခံတွေအများကြီးရှိပေမဲ့ ဝမ်ချို့ကိစ္စဝိစ္စမှန်သမျှကို ချန်နန်ကိုယ်တိုင် လုပ်ရမှကျေနပ်ပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် သူ့မောင်လေး
ဝမ်ချိုရဲ့အခန်းထဲဝင်မိရင်တောင် ချန်နန်က မကြိုက်ချင်လှပေဘူး ။ သူရှင်းလင်းပြင်ဆင်ထားပေးတဲ့ ခြေရာလက်ရာပျက်မှာ စိုးသတဲ့လေ ။ ဒါနဲ့ချန်နန်ရဲ့မေမေလည်း သူ့သမီးကတော့ ဝမ်ချိုကိုစိတ်ဝင်စားနေပြီဆိုတာကို
ချက်ချင်းရိပ်မိတော့တာပဲ ။ တနေ့ကျတော့ ချန်နန်ကို လှမ်းကြည့်ရင်း အဆက်အစပ်မရှိဘဲ လှမ်းပြောကြည့်တယ်။

“……….အင်း….အိမ်ကဟင်းတွေကလဲ.. တနေ့တခြား ဆားလေးလာသလိုပါပဲလား……”

အိုးသူကြီးချန်နန်ကတော့ ချက်ချင်းကို ရှက်သွေးဖျန်းပြီး မျက်နှာလေးကို နီနီစွေးသွားတာပဲ ။ ဝမ်ချိုက မြောက်ပိုင်းသားပီပီ သူတို့တောင်ပိုင်းဟင်းလျာတွေ ပေါ့ရွှတ်ရွှတ်နိုင်လှတယ်လို့ ပြောနေတာကြာပြီကိုး။ ဝမ်ချိုကတော့ ရုတ်ချည်းပဲ အမိမဲ့သားရေနည်းငါးဆိုသလို တကောင်ကြွက်ဘဝနဲ့ အားငယ်ရမလိုဖြစ်နေမိတုန်း ဒီအိမ်ကိုရောက်လာရတာကို သိပ်ဝမ်းသာမိတယ် ။ ချစ်မိသူနှမလေးရဲ့ အပြုအစုမှာနေရတာဟာ သူ့
အတွက်တော့ နတ်ပြည်နဲ့တောင်မလဲနိုင်ဘူး ။ ချန်နန်ရဲ့မျက်နှာငွေလရွှန်းပပကို တချက်မြင်လိုက်ရရင်ကို ဦးကြီးချန်ရီရဲ့ဆိုင်မှာ နှစ်ပြားမတန်အောင် ဆက်ဆံခံရလည်း ဆယ်ဆမက တန်တယ်လို့ထင်မိတယ်။ ချန်နန့် အနားမှာနေရဖို့သာဆိုရင် ဒီ့ထက်ဆိုးတာ လာခဲ့ရင်တောင် ဝမ်ချိုကတော့ ပျော်ပျော်ကြီးသည်းခံဦးမှာကိုး ။ ဦးကြီးကဘယ်လောက်ပဲ မကြည်မသာရှိပေမဲ့ သူ့အဒေါ်ကလည်း အမေအရင်းလိုပဲ ကြင်နာတတ်လှတဲ့အပြင်
ဝမ်းကွဲညီကလေးကိုလည်း သူခင်တွယ်နေမိပြီလေ။ ဦးကြီးဟန်ရီတင်းမာလွန်းလို့ အနေအထိုင်ခက်လှတယ်
ဆိုပေမဲ့ ဦးကြီးကဆိုင်မှာပဲ တနေကုန်တဲ့အပြင် စီးပွားဖက်တွေနဲ့ မကြာခဏ ညစာထွက်စားတတ်တော့ သူတို့တတွေ လွတ်လွတ်လပ်လပ်နဲ့ တပျော်တပါးပဲ နေလေ့ရှိကြပါတယ် ။

ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now