မင်းကတော် မဒီ (အပိုင်း - ၁)

1.1K 107 3
                                    


ဆွန်မင်းဆက်တစ်ခေတ်လုံးမှာတော့ ရွှေမြို့တော်ဟန်ချောင်က တစ်လပိုင်းဆယ့်ငါးရက်နေ့မှာ
ကျင်းပလေ့ရှိတဲ့ မီးထွန်းပွဲတော်လောက် ခမ်းနားကြီးကျယ်ပြီး စည်ကားမြိုင်ဆိုင်တာ မရှိတော့ဘူးလို့ ဆိုကြတယ်။ ဘယ်လောက်တောင်လဲဆိုတော့ ဟန်ပြည်တောင်ပိုင်း သူများနောက်ပါမသွားခင်တုန်းက ကိုင်ဖန်နေပြည်တော်မှာ နတ်ဘုံနတ်နန်းတမျှ အဆန်းတကြယ်စီရင်ပြီး ထွန်းညှိလေ့ရှိတဲ့ မီးထွန်းပွဲတော်နဲ့တောင် ယှဉ်နိုင်ပါတယ်။ မီးပုံးပွဲတော်ညမှာဆိုရင် ဟန်ချောင်တမြို့လုံးမှာ အမှောင်ရိပ်ကျနေတဲ့ နေရာတကွက်တောင်မရှိဘဲ
နေ့ခင်းကြောင်တောင်လိုလင်းချင်းလို့ ။ နေ့ခင်းထက်ပိုသာတာကတော့ ကြည့်လေရာတိုင်း နတ်သမီးတို့ဌာနီလို မီးပွင့်မီးခက် ၊ မီးတန်ဆောင်း ၊ မီးပြသာဒ် ၊ မီးပန်းခင်း ၊ မီးစကြာင်္ အရာအထောင်နဲ့ အလင်းရည်ယိုဖိတ်စီးကျလို့ အဆန်းတကြယ် အံ့ဖွယ်ရှိလှတာပါပဲ။ ပွဲတော်ညမှာတော့ ဘာပြောကောင်းမလဲ.. ယွန်ချိန်မြို့တံခါးကနေစပြီး တဖက်ပင်လယ်တံတိုင်းအထိ လူပင်လယ်ကြီးဆိုတာ တိုးလို့မပေါက်ဘူး ။ သူခိုးတွေ၊ ခါးပိုက်နှိုက်တွေက အရောအရောအနှောနှောနဲ့ အင်မတန်အလုပ်ဖြစ်တဲ့အချိန်ပေါ့ ။ ကန်စပ်ရေပြင်နား မီးပွင့်တွေတလက်လက်နဲ့ အိမ်မက်တိုင်းပြည်လို စိတ်ကူးယဉ်ဆန်လှတဲ့ သစ်ရိပ်ညိုညိုတွေအောက်မှာလည်း
တယောက်လက်ကိုတယောက် တင်းတင်းဆုပ်လို့ မီးရောင်အောက်ကချစ်သူ့မျက်နှာကို မဝတမ်းငေးနေကြတဲ့ စုံတွဲတွေလည်း အပြည့်ပါပဲ။ မီးထွန်းပွဲည ဆိုရင် မြို့တံခါးကို တစ်ညလုံးဖွင့်ထားပေးတော့ မြို့ပြင်ကမ်းခြေပေါ်က မီးရောင်ဟပ်လို့ စိန်မှုန် ၊ ပုလဲပွင့်များလို တလဲ့လဲ့နေတဲ့ သဲငွေသောင်ယံမှာ ငယ်ရွယ်သူတွေ ဒွိယံဒွိယံ ချစ်စခန်းဖွင့့််နေလိုက်ကြတာမနည်းဘူး ။ ဒီလိုညမျိုးမှာဆိုရင် အမြဲလို မှတ်မှတ်ရရချစ်ဇာတ်လမ်းလေးတွေ အစပြုတတ်ပါသတဲ့ ။

ဒီလိုညမျိုးမှာကြက်ပျံမကျ ကြိတ်ကြိတ်တိုးနေတဲ့နေရာကတော့ ဝန်ခြောက်ပါးလမ်းမတော်ကြီးမှာပါပဲ ။ အဲဒီလမ်းမတော်တလျှောက်မှာတော့ အကောင်းဆုံး ၊ အလှပဆုံး ၊ အရောင်အစုံဆုံး ဆိုတဲ့ မီးပုံးတွေနဲ့ အစွမ်းကုန် မွမ်းမံတန်ဆာဆင်လေ့ရှိတာကိုး။ အဲဒီနေရာတဝိုက်လောက် ရင်သပ်ရှုမောစရာ ကောင်းတာမရှိတော့ဘူး ။ ဧကရာဇ်မင်းကိုယ်တိုင်တောင် မီးပွဲကြည့်လာသူတွေအတွက် အထူးအစီအစဉ်အနေနဲ့ နှစ်စဉ် ဝန်ခြောက်ပါး လမ်းမတော်မှာ မီးရှူးမီးပန်းပစ်လွှတ်ပေးတဲ့အပြင် အင်မတန်မှခမ်းနားလှပတဲ့ ပွဲကြည့်စင်ကို
ဆောက်ပေးသေးတယ် ။ ကမ္ဘာလိပ်တောင်ကုန်းလို့ ခေါ်ကြတဲ့ အဲဒီပွဲကြည့်စင်ဟာ ပေငါးဆယ်လောက် မြင့်တာပေါ့ ။ ပွဲကြည့်စင်သာဆိုပေမဲ့ စင်တခုလုံးကို အရောင်အသွေး စုံလင်တောက်ပလှတဲ့ ပိုးပန်းကုံးပန်းဆိုင်းတွေနဲ့ ဆင်ယင်ပြီး ရာဇဝင်ထဲကထင်ရှားတဲ့ ဇာတ်ကောင်တွေကို မီးပုံးမီးပွင့့််တွေနဲ့ပုံဖော်ထွန်းညှိထားတော့ အဲဒီစင်ကိုမှမကြည့်ရရင် မီးပွဲလာရကျိုးမနပ်ဘူးလို့တောင် ဆိုကြရတယ်။

ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now