ရမ္မက် (အပိုင်း - ၁)

901 71 8
                                    

ရမ္မက် (သို့မဟုတ်) အနောက်ဆောင် လေသာခန်းက ချစ်ပုံပြင်
===============================



အလုပ်တာဝန်နဲ့ခရီးထွက်လို့ ပုချိန်ပုထိုးတော်နားက တည်းခိုခန်းမှာ တထောက်နားရတဲ့အခါတိုင်း ယွင်ချန်မှာ ရှေးဟောင်းနှောင်းဖြစ်တွေကို တသသ ဖြစ်မိရပါတယ်။ အထူးသဖြင့် အရုဏ်တက်တိုင်းမှာ တတင်တင် မြည်ကျုးနေတတ်တဲ့ ပုထိုးတော်ပေါ်က ဆည်းလည်းသံသာသာဟာ အတိတ်က ချစ်အာရုံကို ပြန်လှုပ်နိုးလိုက်သလိုပဲ စိတ်အစဉ်ညွတ်နူးလို့ ငယ်မူငယ်သွေးတွေ ပြန်လာတတ်တယ်။ တကယ်တော့ ယွင်ချန်ဟာ အသက်လေးဆယ်အရွယ် အိမ်ထောင်သည် တစ်ဦးပါ။ ရာထူးကြီးကြီးကိုပိုင်ဆိုင်ထားတဲ့ အရာရှိမင်းတစ်ဦး ဖြစ်တဲ့အပြင် တော်တော်လေးကို လူသိများတဲ့ အပျော်တမ်း စာဆိုတော်လည်း ဖြစ်သေးတယ်။ ပန်းစင်္ကြာမှန်ပြောင်းလို စုံလင်လှပတဲ့ဘဝကို ကြုံခဲ့ဖူးပြီးသလို မှန်ကင်းတလှည့်၊ ထင်းတလှည့် မမြဲတဲ့အနိစ္စတရားကိုလည်း တွ့မြင်ခဲ့ပြီးလှပေါ့။ လောကအတွေ့အကြုံ များလှပြီဖြစ်တဲ့ ယွင်ချန်လို လူလတ်ပိုင်းတယောက်ရဲ့ရင်ထဲမှာ နှစ်ပေါင်းအတော်ကြာကြာက ကြုံခဲ့ရတဲ့ အချစ်ဇာတ်လမ်းတခုကို အခုချိန်ထိ မမေ့နိုင်သေးဘူးဆိုရင် လူတွေက ဆန်းတယ်ထင်ကြမယ်။ တကယ်တော့ ပြာမှောင်ပင့်ကူမြှေးအထပ်ထပ်ဖုံးနေပေမဲ့ စိန်ဆိုတာမျိုးက မထင်မှတ်တဲ့ထောင့်က အလင်းများနဲ့မိလိုက်ရင် ကျောက်ကွက် ကလေးတွေကနေ တလက်လက် အရောင်ပြန်တတ်ကြသလိုပဲ ယွင်ချန်ရဲ့ ရင်ထဲမှာ အနှစ်တည်နေတဲ့ အမြုတေရတနာ ချစ်ပုံပြင်ဟာ အကြောင်းတိုက်ဆိုင်တိုင်း အရောင်အသွေး စုံလင်စွာနဲ့ အသည်းထောင့်တနေရာကနေ ထတောက်စားတတ်တာပါပဲ။

အနှစ်နှစ်ဆယ်သာလွန်ခဲ့ပေမဲ့ အရုဏ်မလာခင် ဝေလီဝေလင်းမှာ အချီအချတေးဆိုနေကြရှာတဲ့ ငွေဆည်းလည်းသံချိုချိုနဲ့ နိုးထလာရတိုင်း ယွင်ချန်ရဲ့ ကလောင်ဖျားကနေ ဘဝရဲ့မျက်ရည်စို ရင်ဖိုချင်စရာ ချိုသောအချစ်အကြောင်း ကဗျာကောင်းလေးတွေ ထွက်ကျလာတတ်ပါတယ်။ ရှေ့တော်ပြေး ဆည်းလည်းသံတွေနဲ့ တဆက်တည်းဂီတသံလို ကြေးခေါင်းလောင်းအိုကြီးထိုးသံ ကြားလိုက်ရပြီ ဆိုရင်တော့ ရောင်နီပျို့ခါနီး နီလာသားလို ပြာမှိုင်းမှိုင်းကောင်းကင်ထဲ ဝင်လုဆဲ ကြယ်မှိန် ဖျော့တွေရယ်၊ ရေမွှေးနံ့ပြင်းပြင်းရယ်၊ အချစ်ဦးရဲ့ မပီ့တပီအပြုံးလေးရယ်ဟာ ယွင်ချန်ရဲ့ စိတ်အလျင်မှာ ထင်ဟပ်လာတတ်ပြီး ရင်ထဲမှာ ကျင်ကနဲနေအောင် ထိထိခိုက်ခိုက်နဲ့ သက်ပြင်းရှိုက်ရစမြဲ။ အဲဒီတုန်းက ယွင်ချန်ဟာ မြို့တော်ကိုလာပြီး စာပေပညာရှင် အရည်အချင်းစစ်စာမေးပွဲဝင်ဖို့ကြံနေတဲ့
နှစ်ဆယ့်နှစ်နှစ်သားလေးပေါ့။ သူဟာ ထက်မြက်သလောက် တိုးတက်ရေးကိုသာ တစိုက်မတ်မတ်ရှေးရှုနေတတ်တော့ ဒီအသက်အရွယ်အထိ ချစ်သူရည်းစားဆိုတာ မထားခဲ့သေးဖူးဘူး။ လူရည်သန့်တို့ ထုံးစံအတိုင်း ကြေးဂျွတ်များနေတာလည်း ပါမှာပေါ့လေ။ ယွင်ချန်ဟာ ထူးထူးခြားခြားစကားသွက်ပြီး လူဝင်ဆန့်လှသူမဟုတ်သလို သူ့မိတ်ဆွေတွေ နှစ်သက်လေ့ရှိတဲ့ သာမန်မိန်းမလှလေးတွေကို စိတ်ဝင်တစားမရှိလှပေမယ့်  အရည်အချင်း တမျိုးမျိုးကြောင့် ထူးခြားကွဲထွက်ပြီး ထင်ရှားတဲ့ မိန်းမပျိုတွေများဆိုရင်တော့ ချက်ခြင်း စိတ်ညွတ်သွားတတ်တယ်။ တကယ့်ကို စွဲမိစွဲရာ ကိုယ်ထင်ခုတင်ရွှေနန်းဆိုတဲ့ လူမျိုးပေါ့။

ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now