မင်းကတော် မဒီ (အပိုင်း - ၃)

531 88 2
                                    





ဒါနဲ့ချိန်းဆိုထားတဲ့နေ့မှာ မင်းကတော်မဒီက လက်ပါးစေရှန်လျန်ကို အဖော်ပြုပြီး သီလရှင်ကျောင်းဘက်ကို လှည့်ဝင်လာတယ်။ စိတ်ထဲမှာလည်းတမျိုးပဲ ၊ ရင်ခုန်သလို ၊ အမှားတစ်ခုကို ကျူးလွန်မိတော့မလိုနဲ့ရယ်။
ပြောရမယ်ဆိုရင် သူ့တသက်တာလုံးမှာ သူ့ခင်ပွန်းကလွဲလို့ ဘယ်ယောက်ျားပျိုနဲ့မှ စကားမပြောဖူးခဲ့သေးဘူး မဟုတ်လား။ ဒါနဲ့ ဘုရားကျောင်းဆောင်ထဲရောက်လာတော့ ခါတိုင်းလိုပဲ မိန်းမကြီးလေးငါးခြောက်ဦးက
ဘုရားဝတ်ပြုနေတယ်။ ယောက်ျားဆိုလို့ တကောင်တမြီးတောင်မတွေ့ရတော့ မင်းကတော်မဒီလည်း ဆရာလေးဟွေချန်ကို မေးရတာပေါ့ ။

“……ဟိုပိုင်ရှင်ဆိုတာကော.. မမြင်ပါလား… ဆရာလေး…”

“…..မင်းကတော်တို့က စကားပြောကြရမှာဆိုတော့… လူမြင်ကွင်းကြီးမှာမဖြစ်တာနဲ့.. တွေ့ဖို့နေရာကို ကျုပ်စီစဉ်ထားပါတယ်….”

မင်းကတော်မဒီ အံ့သြသွားတယ်။ သူ့စိတ်ထဲမှာ သူတို့နှစ်ယောက်ဟာ ဘုရားဖူးလာရင်းနဲ့ ခရီးသွားရင်းဟန်လွှဲတွေ့သလိုမျိုး ဆုံကြပြီး စကားနည်းနည်းပြောမယ် ထင်ထားတာကိုး။ ဒါနဲ့ စိတ်ရှုပ်ရှုပ်နဲ့ သူ့အကိုကြီးအတွက် အမျှဝေ ၊ ငွေစက္ကူတွေ မီးရှို့ပြီးတာနဲ့ ရှန်လျန်ကို သီလရှင်ငယ်ငယ်လေးတယောက်က တောင်ကြားထဲက ချောင်းကိုအလည်လိုက်ခဲ့ဖို့ လာခေါ်သွားပါလေရော။ အရာအားလုံးဟာ ကြိုတင်စီစဉ်ထားသလိုကြီးမို့ ဇဝေဇဝါဖြစ်နေတဲ့မင်းကတော်ကို ဟွေချန်ဆရာလေးက သီလရှင်ကျောင်း အနောက်ဘက်အဆောင်ကနေ ခေါ်ထုတ်သွားပြီး ချောင်ကျကျအိမ်ကလေးတလုံးဆီကို ဦးဆောင်သွားတယ်။ ဟိုလည်းရောက်ကျရော
အတွင်းရင်ပြင်ငယ်ငယ်လေးတခုထဲကနေ ဖြတ်မိတော့ ပင်လုံးကျွတ်အောင်ပွင့်နေတဲ့ မက်မုံပင်တွေ ၊ ပန်းသစ်တော်ပင်တွေအပြည့်နဲ့ ကျောက်ဥယျာဉ်လေးတခုအထဲက လေသာဆောင်လေးဆီကိုရောက်လာကြတယ်။

လေသာဆောင်လေးကတော့ ရိုးရိုးယွန်းထည်ပရိဘောဂတွေရယ်၊ စာအုပ်စင်လေးတွေရယ်နဲ့သာ
တန်ဆာဆင်ထားပေမဲ့ အထက်တန်းကျလှတာကို တွေ့ရတယ်။ ခြောက်မြှောင့်ပြတင်းပေါက် ကျယ်ကြီးနှစ်ခုအထဲကနေပြီး ကျောက်ဥယျာဉ်လေးကို စီးမြင်နေရတဲ့မြင်ကွင်းက တမျိုးချစ်စရာပါပဲ။ အဲဒီတုန်းက နွေဦးပေါက်စ ငါးလပိုင်းဆိုတော့ ဝေနေအောင်ပွင့်နေတဲ့မက်မုံပွင့်တွေ ၊ သစ်တော်ပန်းတွေရဲ့ ရနံ့ကလဲထုံသင်းလို့ ၊ ပွင့်ဖတ်လွှာတွေက လေလာတိုင်းတသဲသဲကြွေလို့ သိပ်ကိုလှပသာယာတဲ့နေရာပါပဲ။ ဖြူပြာမူယာ ပန်းတွေကတော့ ရီရီလေးမွှေးပြီး ကျောက်ဥယျာဉ်တခုလုံးကို ခရမ်းဖျော့ရောင် ကောဇောခင်းလို့ပေါ့။ ဒါပေမယ့် လသာဆောင်ထဲမှာ ငွေကရားလေးနဲ့အတူ ခွက်နှစ်ခွက်ရယ် ၊ သစ်သီးတွေရယ်၊ တခြားမုန့်ချိုမုန့်ဆိမ့်တွေနဲ့ သစ်စေ့သစ်ဆံတွေ ဖွယ်ဖွယ်ရာရာတည်ခင်းထားတာ တွေ့လိုက်တော့ မင်းကတော်မဒီက တွန့်ကနဲဖြစ်သွားပြီးဆိုတယ်။

ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now