ခြောက်လကြာသော်။
အစည်းအဝေးခန်းအတွင်းဝယ် တစ်ယောက်တစ်ပေါက်ဖြင့် ထုတ်ကုန်သစ်အကြောင်းကို တင်ပြနေသော ဝန်ထမ်းတို့၏ အသံကို သူနားထောင်နေရင်း စိတ်မရှည်ချင်ဖြစ်လာရသည်။ ထို့အတူ တင်ပြနေသည်များကိုလည်း ဘာတစ်ခုမှ စိတ်တိုင်းမကျတော့။
ဒေါသထွက်ပြီဆိုသည်နှင့် ထိန်းလို့မရတော့သည့် စိတ်ကိုသည်းခံနေရခြင်းကြောင့် မျက်နှာကြောများ တင်းထားမိသည်အား သတိထားမိသွားသည်ထင်သည်။ တစ်ခန်းလုံး သူ့အခြေအနေကို ကြည့်လျက် ငြိမ်ကျသွားပုံက အကဲခတ်နေသည့်ဟန်။ အစက ဘာတစ်ခုမှ ဝင်မပြောတော့ဘူး လုပ်ထားပေမဲ့ အခြေအနေက မိမိအပေါ်၌ မူတည်နေပြီဖြစ်၍ မတတ်နိုင်တော့။ ပြောစရာရှိတာ ပြောရတော့မည်။
"တစ်ခုမှ စိတ်တိုင်းမကျဘူး။ အကုန်လုံးပြန်လုပ်ခဲ့ကြ။ ငြင်းခုံမနေဘဲ ကိုယ့်ကိုယ်ကိုယ် ဘာလိုအပ်ချက်ရှိနေလဲဆိုတာ အရင်ဆုံးသိအောင် လုပ်လိုက်ကြအုံး။ ဈေးကွက်တစ်ခုချဲ့ထွင်ဖို့က လွယ်လွယ်ကစားလို့ရတဲ့ ကလေးကစားစရာလိုမဟုတ်ဘူး"
အစည်းအဝေးခန်းမှ ထွက်လာခဲ့စဉ် ဦးတည်မိခြင်းက မိမိ၏ရုံးခန်းလည်း မဟုတ်ပြန်။ တွန်းအားတစ်ခုကြောင့် လျှောက်လှမ်းနေဆဲ ခြေလှမ်းများက ဦးတည်ရာမဲ့နေပြန်သလို တစ်ယောက်သောသူအတွက်သာ ဖြစ်နေမိသည့် အတွေးစတချို့မှာလည်း ရေရေရာရာမရှိစွာ ကပ်ပါလာခဲ့ပြန်သည်။
"မနေ့က အီးမေးလ်တစ်စောင် ထပ်ရောက်လာပါတယ် စီအီးအို။ ကျွန်တော် အဲဒါကို..."
"ဖျက်ပစ်လိုက်"
ခပ်လှမ်းလှမ်းကနေ လိုက်ပါလာခဲ့သော အတွင်းရေးမှူးဆီမှ စကားအဆုံးသတ်ကိုတောင် သူ မစောင့်တော့ဘဲ ခပ်ပြတ်ပြတ်ပြောလိုက်ရင်း တစ်ဖက်တွင်လည်း ဖုန်း Contact တစ်ခုအား သူ့ဘက်မှ ခေါ်ရနိုးနိုး၊ မခေါ်ရနိုးနိုးဖြစ်နေရသည့်စိတ်ကြောင့် အိမ်ပြန်ဖို့သာ သူစဉ်းစားမိတော့သည်။
"နေ့လယ်ပိုင်း ဘာ Schedule မှ မရှိတော့ဘူးမလား အတွင်းရေးမှူးဂန်။ ဒါဆို ငါ ပြန်နှင့်မယ်။ အောက်ထပ်မှာ ဒရိုင်ဘာကို အသင့်ပြင်ခိုင်းထားပေးပါ"
YOU ARE READING
Middle【Completed】
FanfictionJeon Jungkook 💜 Kim Taehyung I Can't Even Hold Your Hand... But I love You With A Love... That No One Can Understand Babe..!©