နင်ကငါ့ကို လှမ်းဖက်ပြီး ငါ့ပုခုံးထက်မှာ မျက်နှာအုပ်ရင်း ငိုရှိုက်တော့ -
နင့်ကျောလေး ငါသပ်ပေးရင်းကနေ "အဆင်ပြေမှာပါ" လို့ခပ်တိုးတိုးပြောမိခဲ့တယ်
ရင်ထဲ ဘယ်လိုမှမကောင်းလို့ အသံတိတ် ပြိုကျခဲ့ပြန်တော့
ခံစားချက်တွေက ခဲပုပ်ရောင်ကောင်းကင်ထက်က မိုးတိမ်တိုက်ဆန်ဆန်ပေါ့
နှစ်ယောက်သား ဘာမှမဖြစ်သလို ရယ်ရယ်မောမောနဲ့ လျှောက်လာခဲ့တဲ့ လမ်းတွေဟာ
ရင့်ကျက်နေတဲ့ အင်းလျားလမ်းပေါ်က ကတ္တရာသားတွေလို, အသက်ရှုသံတွေ ပါမလာခဲ့...
ဘဝဆိုတာဒီလိုပဲ, နင်ခေါ်တုန်းကငါမလာဖြစ် ငါခေါ်တုန်းကနင်မလာဖြစ်...
နှစ်ယောက်စလုံးက ပြိုင်တူခေါ်ပြန်တော့လည်း ဘယ်သူမှမလာဖြစ်.....
နင်ဟာ ကမ္ဘာဦးထဲက ငါလွတ်ကျ ပျောက်ဆုံးသွားတဲ့ missing piece တစ်ခု.
နင်မရှိဘဲ ငါဘယ်လိုလုပ်ပြည့်စုံနိုင်မှာလဲကွယ်....
ဒါပေမယ့် ဟန်ဆောင်ခြင်းမျက်နှာဖုံးစွပ်တွေနဲ့ ငါတို့အဆင်ပြေသလိုနေရပြန်တယ်....
တစ်ခုခုမှားသွားရင် တစ်ယောက်ကို တစ်ယောက်ထပ်မုန်းသွားရမှာမျိုး ဘယ်သူလိုချင်လို့လဲ?
သံယောဇဉ်တွေ အရမ်းကြီးလာတဲ့အခါ ချစ်ခြင်းတဏှာဟာ မိသားစုမေတ္တာဆန်လာခဲ့လေသလား?
နင့်ကို အဆင်ပြေစေချင်တဲ့ စိတ်နဲ့ပဲ ငါရုန်းကန်နေထိုင်လာတယ်.August 24, 2019 (1:04 AM)
Thant Myat Htoo