(၁)

8.9K 469 43
                                    

Unicode

တောင်ငူဟုခေါ်သော နယ်မြို့ကလေး၏ ညနေစောင်းအချိန်သည် အလုပ်မှပြန်သော အလုပ်သမားများစွာတို့၏ လှုပ်ရှားသွားလာမှုများဖြင့် ရှုပ်ယှက်ခတ်၍ ရှိ၏။ ဓနဂုဏ်ရှိန်ဟူသည့် ၁၉နှစ်အရွယ်ကောင်ကလေးသည် သူ၏အိမ် အပေါ်ထပ်ရှိ ဝရံတာပေါ်မှတစ်ဆင့် လမ်းမပေါ်တစ်လျှောက် လှုပ်ရှားသွားလာနေကြသည့် လူလူသူသူများအား မမှုန်မသုန် ငေး၍ကြည့်နေမိပါ၏။ ဓနဂုဏ်ရှိန်၏ အိမ်သည် ကုန်သည်ကြီးလမ်းဘေး၌ပင် တည်ရှိပါ၏။ သူ့အိမ်၏ မျက်နှာချင်းဆိုင်တွင် ကုန်သည်ကြီးလမ်း၏ လမ်းခွဲကလေးတစ်ခုဖြစ်သည့် (၇)လမ်းဟူသည့် ဆိုင်းဘုတ်ကလေးတစ်ခုနှင့် လမ်းသွယ်ကလေးတစ်ခုရှိပါ၏။ ထိုလမ်းသွယ်ကလေး၏ ထိပ်ရှိ ဓာတ်တိုင်တွင်မူ "ထွန်းစာပေသို့" ဟူသည့် အနီရောင်ဆိုင်းဘုတ်ကလေးတစ်ခုရှိပါ၏။ ထိုဆိုင်းဘုတ်ကလေးမှာ ညွှန်ပြထားသည့်မြားလေးအတိုင်း (၇)လမ်းအတွင်းသို့ ဝင်သွားလိုက်လျှင် သူ တစ်ပတ်တစ်ခါ သွားလိမ့်ရှိသည့် ထို "ထွန်းစာပေ" ဟူသည့် စာအုပ်ဆိုင်ကလေးဆီသို့ ‌ရောက်မည်ဖြစ်သည်။ ဒီနေ့ညနေဟာ ဓနဂုဏ်ရှိန် ထိုစာအုပ်ဆိုင်သို့ သွားမည့်နေ့ဖြစ်သည်။ ဓနဂုဏ်ရှိန်သည် သူ၏ အော်တိုဘီး ဆိုင်ကယ်လေးအား ထုတ်လိုက်သည်။

"သား ဘယ်လဲ"

သူ့မေမေရဲ့ အသံကြောင့် ဓနဂုဏ်ရှိန်၏ ကျောပြင်ဟာ တောင့်တင်းသွား၏။ သူ မေမေ့ကိုတော့ ကြောက်ရသည်လေ။

"ထွန်းစာပေ သွားမလို့ပါ မေမေ"

ဓနဂုဏ်ရှိန်၏ မေမေသည် စာအုပ်ဆိုင်သို့ သွားသည်ကိုတော့ အမြဲတမ်းကြည်ဖြူ၏။

"မိုးမချုပ်ခင် ပြန်လာခဲ့နော်၊ မင်းဖေဖေ အလုပ်က စောပြန်လာမယ်ပြောတယ်၊ ညစာအတူစားဖို့ စောင့်နေမယ်"

"ဟုတ်ကဲ့ပါ မေမေ"

ဓနဂုဏ်ရှိန်သည် သူ၏ နာမည်နှင့် လိုက်ဖက်စွာပင် သူတို့မိသားစုသည် အတော်လေးကိုပင် ချမ်းသာ၏။ သူ့ဖေဖေက ဟောင်ကောင်က တရုတ်စစ်စစ်တစ်ယောက်။ မြန်မာပြည်မှာ စီးပွားရေးလာလုပ်ရင်း သူ့မေမေ ရှမ်းမနှင့် အိမ်ထောင်ကျကာ ဟောင်ကောင်ကို မပြန်ဖြစ်တော့ပါချေ။ သို့ရာတွင် သူ့ဖေဖေရော မေမေပါ တစ်ယောက်တည်းရှိသည့် သူတို့သား ဓနဂုဏ်ရှိန်ကိုတော့ ဟောင်ကောင်ကိုသာ ပြန်ပို့ချင်ကြလေသည်။ သူ့ဖေဖေက လက်ဖက်ခြောက်လုပ်ငန်း လုပ်ကိုင်သည်။ လုပ်ငန်းမှာ အတော်လေးအောင်မြင်လှရာ အခြားသောမြို့များ၌ပင် ဆိုင်ခွဲများ ဖွင့်လှစ်ထားသေးသည်။ ထို့ကြောင့် ဓနဂုဏ်ရှိန်တို့၏ မိသားစုသည် တောင်ငူမြို့၏ မြို့မျက်နှာဖုံး သူဌေးမိသားစုသာ ဖြစ်တော့၏။

ရုန်း၍မလွတ်မြောက်နိုင်သောWhere stories live. Discover now