Overthinking

2.1K 146 2
                                    

Unicode

ကားပေါ်မှာတည်းက ဖုန်းပိတ်ထားလိုက်ပြီး အိမ်ပြန်ရောက်‌တော့လည်း အိပ်နေလိုက်တော့တယ်။ ညနေကျ မေကြီးတို့ ပြန်ရောက်တော့ အပြင်ကလှမ်းနှိုးနေတာကြားပေမယ့် မထချင်တာနဲ့ ဒီတိုင်းပဲ ဆက်အိပ်နေလိုက်တယ်။ ထမင်းစားချိန်ရောက်ခါနီး ရေချိုးဖို့ထွက်လာတော့ မေကြီးကလာပြောတယ်။

"အငယ်လေး ကိုခန့်အိမ်ရှေ့မှာရောက်နေတာကြာပြီ အိမ်ထဲလည်းမဝင်ဘူး အငယ်လေးဆီဖုန်းဆက်တာလည်း မရဘူးဆို"

"အင်း"

"တစ်ညနေလုံး အိပ်နေတာလား မှန်းစမ်း"

မေကြီးကပြောလည်းပြော နဖူးကိုလည်းကိုယ်ပူလာစမ်းတယ်။ အစ်ကိုက အခုမှဘာလာလုပ်တာလဲ။ သုံးရက်လုံး ပစ်ထားပြီးတော့။

"ကိုယ်နွေးနေတာပဲ ရေမချိုးနဲ့တော့ ခြေလက်ပဲဆေးတော့"

"ဟုတ်"

"အငယ်လေး ဖျားနေတာလား ညနေကမိုးမိလာလို့လား"

"ဟုတ် နည်းနည်း"

အသံကြားလို့နဲ့တူတယ် ဖေကြီးလည်းရောက်လာတယ်။

"ကိုယ်နည်းနည်းနွေးနေတာဖေကြီးရေ ညစာထမင်းမကျွေးတော့ဘူး မြူစွမ်ပြုတ်ပေးမယ်"

"ဟုတ်"

"ဟိုကောင်လေးရောက်နေတယ် ထွက်တွေ့မှာလား"

"မတွေ့ချင်ဘူး ဖေကြီးပဲပြန်ခိုင်းလိုက်တော့"

"အေး ပြောလိုက်မယ် ခြေလက်သွားဆေးတော့"

"ဟုတ်"

အစ်ကိုနဲ့လည်းတွေ့ချင်စိတ်မရှိဘူး။ အိပ်ချင်တာပဲသိတယ်။ ပင်ပန်းတယ်။ ဒီရက်ပိုင်းပင်ပန်းထားတော့ နားဖို့လိုနေပြီ။ မြူစွမ်စား ဆေးသောက်ပြီး မှိန်းနေလိုက်တယ်။ ဖုန်းလည်းပြန်မဖွင့်တော့ဘူး။ ဘယ်သူနဲ့မှလည်း စကားမပြောချင်ဘူး။ မနက်ဖြန်တော့ မေကြီးကို ဆရာမဆီခွင့်တိုင်ခိုင်းရမယ်။

နေမကောင်းတော့ ဒီနေ့တစ်နေကုန်အိမ်မှာ တစ်ယောက်တည်းပဲ။ ငယ်ငယ်ကဆို အမရာဖျားရင် မေကြီးက ရုံးပျက်ခံပြီး စောင့်နေပေးတယ်။ အရွယ်ရောက်လာတော့ မနေပေးတော့ဘူး။ ရာထူးရလာတာလည်းပါတော့ အလုပ်ပျက်လို့မကောင်းဘူးလေ။ အမရာစားဖို့ မေကြီး ဆန်ပြုတ်ပြုတ်ပေးခဲ့တာတော့ရှိတယ်။ ဆန်ပြုတ်သောက်ပြီးမှ ဆေးသောက်ရမှာ။ ဆန်ပြုတ်မသောက်ချင်တာခက်တယ်။ နေ့လည်ဆေးသောက်ဖို့ ဆန်ပြုတ်သောက်နေတုန်း အိမ်ရှေ့ကဟွန်းတီးသံကြားတယ်။ ဘယ်သူမှ ဒီအချိန်ပြန်လာမှာမဟုတ်ဘူး။ အမရာတို့အိမ်ကို ဒီအချိန်လာမယ့် ဧည့်သည်လည်းမရှိဘူး။ ထွက်မကြည့်ဘဲထားလိုက်တော့ ခဏခဏဟွန်းတီးနေတာနဲ့ ထွက်ကြည့်လိုက်တော့ အစ်ကို့ကား။ အမရာ့ကိုမြင်တော့ အစ်ကိုက ကားပေါ်ကဆင်းလာတယ်။

My Crush is in LOVE with ME!Where stories live. Discover now