ဝင်ချင်တိုင်းဝင်လာလိုက်၊ ထွက်သွားချင်တိုင်းထွက်သွားလိုက်နဲ့
အကြိမ်ကြိမ် ဒဏ်ရာတွေပေးနေတဲ့ မောင်၊
မောင့်ရဲ့ခေါင်းကို ပန်းအိုးနဲ့ တစ်ချက်လောက် ရိုက်လိုက်ရုံနဲ့
မသေစေချင်သေးတာ ကျွန်မဆန္ဒအမှန်ပါ။"မောင်..."
အရင်က မောင်လို့ခေါ်လိုက်ရင် ဗျာ ဆိုပြီးထူးတတ်တဲ့
မောင်က အခုတော့ မျက်လုံးလေးပဲလှန်ကြည့်တယ်၊
မောင်ဟာ အပြောင်းအလဲသိပ်မြန်တာပဲ။ဪ ပြီးတော့ မောင်က စီးကရက်ကိုတော့
စွဲစွဲမြဲမြဲသောက်တတ်တဲ့သူ၊
သတိရနေပြီဖြစ်တဲ့ မောင့်မျက်နှာလေးက ညိုးနွမ်းနေလိုက်တာ၊
စီးကရက်တစ်လိပ်ကို ယူပြီး မောင့်နှုတ်ခမ်းမှာတပ်ပေးတော့
မောင့်မျက်နှာလေးက တစ်ဖက်ကိုလှည့်သွားတယ်။"သောက်ပါမောင်ရဲ့.. မ မီးညှိပေးမယ်လေ"
အခုလိုအချိန်မှာ မောင်က ကျွန်မလက်ထဲကထွက်ပြေးချင်နေမှာပဲ၊
မဟုတ်ဘူး မောင်ဟာ အမြဲလိုလို ကျွန်မနားက
ထွက်သွားချင်နေခဲ့တာ၊
မောင်က သူလိုအပ်တဲ့အချိန်မှာသာ ကျွန်မကို သတိရတတ်ပြီး၊
သူမလိုအပ်တဲ့အခါ ကျွန်မနဲ့လုံးဝမသက်ဆိုင်တဲ့သူလိုလို။အခုတော့ မောင်ဟာ ကျွန်မအိမ်က ဘယ်သူမှမသိတဲ့ မြေအောက်ခန်းလေးမှာ..၊
"မောင် ဘာတွေစဉ်းစားနေတာလဲ.."
ခေါင်းလေးငိုက်စိုက်ချပြီး ငြိမ်သက်လွန်းနေတဲ့အတွက်
ကျွန်မမေးလိုက်တယ်၊ မောင့်နှုတ်ဖျားကတော့
ဘာတစ်ခွန်းမှထွက်ကျမလာ၊အပေါက်ဆိုလို့ လေဝင်ပေါက်လေးသာရှိပြီး အလင်းရောင်ဆိုလို့ မီးကြိုးတန်းလန်းနဲ့ နံရံမှာချိတ်ထားတဲ့
ဝါကျင့်ကျင့်မီးရောင်လေးသာ၊
အလင်းရောင်ကျနေတဲ့မောင့်မျက်နှာလေးက ပိန်ကျသွားလိုက်တာ၊"မောင် ဒီအခန်းလေးမှာ မပျော်တာ မ သိပါတယ်.. ဒါပေမယ့် မောင့်ကို ကြိုးဖြည်ပေးလိုက်ရင် မ အနားကထွက်သွားမှာကိုလည်း မ သိနေတယ်.."
ညည်းညူသလို ပြောလိုက်တော့
မောင်က ခေါင်းမော့ပြီးကျွန်မကို ကြည့်လာတယ်၊
မောင့် မျက်ဝန်းထဲမှာ ကျွန်ကိုမုန်းတီးတဲ့အငွေ့အသက်တွေအပြည့်ပဲ၊