သူ မေမေ့ကို အရမ်းကြောက်သည်။ မေမေက သူအမှားတစ်ခုခုလုပ်မိတိုင်း အပြစ်ပေးတတ်သည်မလို့လေ။
>>>>>
(အသက် ၈ နှစ်)ခလွမ်း!!!
စားပွဲပေါ်တင်ထားသည့် ပန်းအိုးလေးက လက်နဲ့တိုက်မိပြီး ကျကွဲသွားသည်။
'ဟာ...သွားပြီ'
ဒါသူ့မေမေ သိပ်သဘောကျတဲ့ ပစ္စည်းလေ။ ဝင်္ကတို့ ချက်ချင်းပင် သွေးပျက်မတတ်ဖြစ်သွားမိတော့သည်။
ထိုအချိန် ကြားလိုက်ရသည့် ကြောင်လိန်သစ်သားလှေကားထက်မှ လူတစ်ယောက် အိမ်ပေါ်ထပ်တက်လာသလို တကျွီကျွီ မြည်သံ။
တစ်အိမ်လုံးမှာ မေမေနဲ့ သူနှစ်ယောက်ထဲပဲ ရှိတာကို ကြည့်ရတာ မေမေတော့ ခြံထဲက ပန်းပင်တွေ ရေလောင်းပြီးသွားပြီနှင့်တူပါသည်။
အလျှင်အမြန်ပဲ ဝင်္ကတို့ သူ့မေမေအိမ်ခန်းထဲ၌ ပုန်းခိုစရာနေရာကို ကြောက်လန့်တကြီး ဖွေရှာလေတော့သည်။ ကုတင်အောက်ကို ဝင်ပုန်းနေဖို့ အကြံရကာပဲ ဝင်္ကတို့ ပြေးဝင်ပုန်းလိုက်၏။ ပုန်းခိုနေရင်းနဲ့သာ သူ့မေမေရဲ့အသံကိုပါ နာစွင့်နေလိုက်သည်လေ။
"ဟင်...ဟင်...ဟင်း...ဟင်...ဟင်း...🎶"
ဒီနေ့တော့ မေမေက စိတ်ပျော်နေပုံရသည်ထင် လှေကားထစ်ပေါ် တက်လာနေသည့် မေမေ့ဆီမှ တဟင်းဟင်း... သီချင်းငြီးသံကို ကြားနေရသည်။ တဖြည်းဖြည်းနဲ့ သီချင်းငြီးသံက ပိုနီးကပ်လာခဲ့ပြီလေ။
ကျွီ...
အခန်းထဲ ဝင်လာသည့် မေမေ့ခြေထောက်အောက်ပိုင်းကို ကုတင်အောက်မှ လှမ်းမြင်လိုက်ရသည်။
ပုန်းနေသည့် ဝင်္ကတို့ အသံတစ်ချက်ပင် မထွက်ရဲတော့ပေ။ အသံမထွက်ရလေရန် ပါးစပ်ကို လက်နဲ့အတင်းအုပ်ထားရပြီး လူတစ်ကိုယ်လုံးကလဲ တုန်ရီနေတော့၏။
သစ်သားကြမ်းခင်းပေါ် တထောက်ထောက် လျှောက်လာသည့် ခြေလှမ်းတွေက ပန်းအိုးကွဲစတွေနားမှာ ရပ်သွားခဲ့ပြီလေ။ မေမေရဲ့ သီချင်းငြီးသံဟာလဲ တိတ်လို့သွားခဲ့ပြီ။ ကြည့်ရတာ မေမေတော့ ပန်းအိုးကွဲစတွေကို မြင်သွားခဲ့ပြီ ထင်ပါရဲ့။
CITEȘTI
I Am You ( One Shot)