68 ( Z )
1.6K 68 6
ညက အေးပြီး စိတ်မှာ ပူသည်။ လမ်းမီတိုင်ရဲ့အလင်းဖြာဝေရာ လမ်းမကျယ်တစ်လျှောက်သို့ ငေးကြည့်နေမိသည်။ သစ်ပင်ရိပ်ထူသောရပ်ကွက်ဖြစ်နေ၍ အအေးပို၏။ ခပ်ဝေးဝေးဆီမှ.. ဆေးလိပ်ရှိုက်လျက် လမ်းလျှောက်လာသူကိုမြင်ရတော့ မျက်ဝန်းမှာလည်းပူသည်။
လင်းက မှတ်ညဏ်တချို့ကိုမေ့နေခဲ့ပြီတဲ့ ။ ကြားကြားချင်းမှာတော့ ဟာရီဇော်ရဲ့ဘဝဟာ အမှောင်ကျသွားသလိုဖြစ်သည်။ ဘုရားသခင်ကျောခိုင်းခြင်းကို ခံယူသင့်တဲ့လူဖြစ်နေလို့လား..။ဟာရီဇော်သည် ကလေးဘဝတုန်းက တောတွေတောင်တွေထဲမှာ ရုန်းရသည်။ လူငယ်ဘဝမှာတော့ မပြည့်စုံခြင်းအဖြစ်မှ ရုန်းရသည်။ ဘဝရဲ့အလင်းရောင်ကို ရှာဖွေတွေ့ရှိပြန်တော့.. သူ့မှာလည်းစူးဒဏ်ရာနှင့် ကိုယ့်မှာလည်းအရှုံးနှင့် ။ လင်း မေ့ပစ်တဲ့မှတ်ညဏ်အစိတ်အပိုင်းထဲမှာတော့ ဟာရီဇော် မသေဆုံးချင်။
ဟာရီဇော်ဆိုတဲ့တွေဝေသည့်ကောင်က ဒီရက်တွေမှာ ဆုံးဖြတ်ချက်ခိုင်မာနေ၏။ လင်းနှင့်ဝေးတဲ့အနေအထားကိုလည်း ဟာရီဇော် နေကြည့်ခဲ့ပြီးပြီ။ ရင်ဘတ်ထဲမှာ ကွက်လပ်တစ်ခုဖြစ်ခဲ့ရလို့ လင်းဆီသို့ ပြန်လည်တိုးဝင်ပြီး အဖြေဖြည့်ရသည်။ နာကျင်ခြင်းတွေဟာ လင်းရဲ့နေ့သစ်မှာမရှိစေရဘူးလို့ ဟစ်ကြွေးပြီး တပ်ချီလာခဲ့သည်။ လျို့ဝှက်ချက်ဆိုတာမျိုးဟာ စက္ကူပုံးထဲမှ ကြွက်နှင့်တူသည်။ ဖုံးကွယ်ခြင်းကို တဖြည်းဖြည်းကိုက်ပြီး ပြဿနာကောင်က အနံ့ခံရင်းပေါ်ထွက်လာသည်။ ဟာရီဇော်ကတော့ ဖြစ်တည်မှုမတူညီသူနှစ်ဦးကို တကျွင်းထဲမြှပ်ပစ်လိုက်မှာကို လက်မခံနိုင်။ ဟာရီဇော်ကရော မင်းအဖေဆိုတဲ့တွင်းပျက်ထဲ ဘာကြောင့် ခုန်ဆင်းရမှာလဲ..။ အဖေဆိုတဲ့လူကို ဟာရီဇော် မျက်နှာပင်မမှတ်မိ။ မှတ်မိသမျှမှာတော့ နူးနူးရင်ခွင်၌ ငိုကြွေးနေရခြင်းဖြစ်သည်။
မလိုအပ်တဲ့အရာတွေအတွက် ဘယ်သူက အချိန်ပေးလို့လဲ..နေရာပေးလို့လဲ ။ ဟာရီဇော် အဲ့ဒီလူကို မေ့သွားတာကြာပြီ ။ ဒါပေမဲ့..ဟာရီဇော်မေ့နေလည်း တော်စပ်မှုက ပြတ်မသွားခဲ့။ ဟာရီဇော်..ရယ်လည်းရယ်မိသည်။ အဖေဆိုတဲ့အရိပ်ဆိုးကိုဖျောက်ဖို့ ခြိမ်းဟာရီလျန်းကို ဟာရီဇော်ရယ်လို့ အမည်ပြောင်းပြီး အရေခွံခြုံပစ်ခဲ့ပေမဲ့ ရှိခြင်းသည် ရှိခြင်းပင်ဖြစ်၏။