နေပြည်တော်ရှိ ဖြူးဖြောင့်လွန်းသောလမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့် ခရီးနှင်ရသည်။ သက်တမ်းမရသေးသော အပင်နုနုများမှာ အရိပ်လိုသူ ကိုယ့်အား လှောင်ပြုံးလေးနှင့် သရော်နေကြရော့မည်။
တစ်နေရာနှင့်တစ်နေရာ အလှမ်းဝေးဝေးဖြင့် တည်ထားသော နေပြည်တော်နယ်မြေ။ နေ့ခင်းဘက်ပူပြင်းပေမဲ့ ညဘက်မှာတော့ မီးရောင်စုံပြိုးပြိုးပြက်ပြက်ရှိသော ဟိုတယ်များကြောင့် ကြည့်ကောင်းလှသည်။
အိုဇုန်းလွှာရဲ့နာမကျန်းမှုကြောင့် ခရမ်းလွန်ရောင်ခြည်များ သက်ဆင်းသဖြင့် အရောင်ဖျော့လက်ရှည်အင်္ကျီဝတ်ပြီး အရေပြားရောဂါမကျရောက်ရေး ကိုယ့်ဘက်မှ ကြိုတင်ပြင်ဆင်ရ၏။
ဆိုင်ကယ်ကိုစက်သတ်ပြီး ကင်မရာနှင့်အသံဖမ်းစက် ကို စမ်းသပ်စစ်ဆေးလိုက်သည်။ သတင်းထောက်ဆိုလျှင် မကြိုဆိုချင်သောသူများ ရှိသလို...ကြိုဆိုချင်သူများမှာ နှုတ်ဆက်ကြသည်။
မမှားချင်လျှင် ပြန်စစ်ဆိုသည့်စကားအတိုင်း ကိုယ့်မှာ သူများထက် နှစ်ဆကြိုးစားရသည်။ သူများထိုင်လျှင် ကိုယ်ကမတ်တပ်ရပ် ။ သူများမတ်တပ်ရပ် ကိုယ်ကလမ်းလျှောက် ။ သူများလမ်းလျှောက်လျှင် ကိုယ်ကပြေးရလိမ့်မည်။
သတင်းယူပြီးတော့ ရုံးကို အကြောင်းကြားရသည်။ ကိုယ့်ကိုလိုအပ်လွန်းလို့သာခိုင်းရပေမဲ့ သိပ်တော့ စိတ်မချ။ နေပြည်တော်မှာ သတင်းလိုက်နေသော နေပြည်တော်သတင်းထောက်ရဲ့ အဖေ ကျန်းမာရေးဖြင့် ဘန်ကောက်ရောက်စဉ်ခဏတွင် ကိုယ်က နေပြည်တော်သို့လာရခြင်းဖြစ်သည်။
နေပြည်တော်တွင် ဆိုင်ကယ်ပတ်မောင်းရသည်မှာ ဟန်ကျ၏။နေပြည်တော်သတင်းထောက်လည်း ပြန်လာရန်နီးသလို ကိုယ်လည်းနေပြည်တော်၌ ရက်ကြာကြာနေပြီးသောကြောင့် ဌာနေကို လွမ်းသည်။
ရွှေတိဂုံစေတီတော်ထက် ဉာဏ်တော်နှိမ့်၍တည်ထားကိုးကွယ်သော ဥပ္ပါတသန္တိစေတီတော်ကို ညနေခင်းအချိန်ဝယ် ဖူးမျှော်ရလေသည်။ စေတီတော်ကို တစ်ပတ်ပတ်၍ ကြည်ညိုပြီးနောက် ရှုခင်းလှလှများကို မှတ်တမ်းတင်မိသည်။ ဆင်ဖြူများရှိရာသို့လည်း ရောက်၏ ။ စိတ်ကူးထဲမှ ဆင်ဖြူများသည် ဖွေးဖွေးစွတ်သော ထုံးနှင့်ဂွမ်းစနှယ် ဖြူလိမ့်မည်ထင်သော်လည်း...စင်စစ် ကိုယ့်ရှေ့မှာတော့ အနီနုရောင်သန်းသည်။ ကြံဆစ်များကို ဝေ့ဝိုက်ယူကာ စားပုံက မြိန်ရေယှက်ရေ။
YOU ARE READING
Romanceမြင်ကွင်း၌ရှိ၍ မမြင်နိုင်သော ပန်းချီကားချပ်ရဲ့အကြောင်း... (မြင်ကွင်း၌ရှိ၍ မမြင်နိုင်သော ပန်းချီကားချပ်ရဲ့အကြောင်း) Wai ❤