အခန်း(၁)

824 83 10
                                    

"မစ္စတာရှ ဒါတွေက နှစ်ဦးသဘောတူ ကွာရှင်းဖို့အတွက် ပြင်ဆင်ထားတာတွေပါ။ မစ္စတာစူး က မစ္စတာရှ ကို ဒါတွေပြလိုက်ဆိုပြီး ပြောခဲ့လို့ပါ။ အကယ်၍ သဘောတူညီမှုအတွက် ထပ်ဆွေးနွေးစရာဘာမှမရှိတော့ဘူးဆိုရင် လက်မှတ်ထိုးလိုက်လို့ ရပါပြီ။"

အတွင်းရေးမှူးလု၏ လက်တွင်ပတ်ထားသော နာရီလက်တံက ညနေသုံးနာရီအတိကို ပြထားပြီး နောက်ထပ် မိနစ်သုံးဆယ်ကြာအပြီး သုံးနာရီခွဲတွင်တော့ နောက်ထပ်အစည်းအဝေးတစ်ခုကို သွားရဖို့လည်း ရှိသေးသည်။ သူ့အတွက် အချိန်က အလွန်နည်းနေပြီး အလျင်လိုနေပေမယ့် တစ်ဖက်သူကို အလျင်လိုပြီး မြန်မြန်လုပ်ဖို့ လှုံ့ဆော်နေသည့် အရိပ်အယောင်လေးနည်းနည်းတောင် သူ မဖော်ပြခဲ့ပေ။ စိတ်ရှည်သည်းခံ' ခြင်းက အတွင်းရေးမှူးလု၏ ပင်ကိုယ်စွမ်းရည်ဖြစ်လေသည်။

ရှထင်ဝမ်က သူ့လက်ထဲက ဘောပင်ကို ခနမျှလှည့်ကစားနေပြီးနောက် တစ်ဖက်သို့ ပစ်ထုတ်လိုက်သည်။ သူ့ကိုကြည့်ရတာ ကြောင်ရိုင်းလေးနှင့် တကယ်တူသည်။ တစ်အောက်မျှကြာပြီးနောက် ရှထင်ဝမ်က မှန်ပြတင်းပေါက်၏ အပြင်ဘက်ရှိ နှင်းဆီခင်းကြီးကို ငေးကြည့်နေသည့် သူ့မျက်ဝန်းတွေကို ရပ်တန့်ပြီး ခေါင်းငုံ့ကာ လက်သည်းကို ကိုက်နေပြန်သည်။ အချိန်တွေသာကြာလာသည် ရှထင်ဝမ်က သူ့အရှေ့မှာရှိသည့် ဖိုင်စာအုပ်ကို ဖွင့်တောင်မကြည့်ရသေးပေ။

ရှထင်ဝမ်က သူ့ခေါင်းကို တစ်ဖက်သို့ စောင်းလှည့်လိုက်ပြီး ထိုမြင်ကွင်းကို အရှေ့တည့်တည့်က ကြည့်နေသူအဖို့တော့ သူ့ရဲ့မျက်နှာဘယ်ဘက်ခြမ်းကိုသာ မြင်ရစေသည်။

မွန်းလွဲပိုင်းအချိန်တွင် ထိန်သာနေသော နေမင်းက ဖြူစင်သောအသားအရေပေါ်ဖြာကျနေပြီး စနစ်တကျသပ်တင်ထားသည့် ဆံပင်များအား ရွှေရောင်တောက်တောက်နှင့် ကြည့်လို့ကောင်းနေစေသည်။ ယောက်ျားလေးတစ်ယောက်၏ ခံစားချက်အမြင်နှင့် ကြည့်လျှင်ပင် ရှထင်ဝမ်ဆိုသည့် ယောက်ျားပျို၏အလှက တစ်ခါတစ်လေမှာ အသက်ရှူမှားသွားလောက်အောင်ကို ရင်ဖိုစရာကောင်းနေသည်။

လွန်ခဲ့တဲ့ငါးနှစ် စူးယန်တစ်ယောက် ရှထင်ဝမ်ရဲ့ လှပမှုတွေနောက် မျောပါခဲ့စဉ်က သူက အချစ်ကဗျာလေးတွေ အများကြီး ရေးခဲ့သည်။ ထိုများစွာသော အချစ်စာစဉ်များထဲမှ တစ်ခုက မီဒီယာမှာ ပျံ့နှံ့သွားပြီး 'မင်းက ချိုမြပြီး အရည်ရွှမ်းတဲ့ အကိုင်းအခတ်လေးက မက်မွန်သီးပဲ ' ဟူသည့်ခေါင်းကြီးပိုင်းဖြင့် လူတိုင်း၏ပါးစပ်ဖျားတွင် ပြောစရာအဖြစ် အချိန်အကြားကြီး ရေပန်းစားကျော်ကြားခဲ့သည်။

My little peacockWhere stories live. Discover now