(၂) 艹你妈

415 81 33
                                    

မနေ့က တစ်နေ့လုံး တစ်ညလုံး အိပ်နေလို့လားတော့မသိ နေစင်ရှင်း မနက် မျက်လုံးပွင့်ပွင့်ချင်း အိပ်ရာဘေးက နာရီကို ကြည့်လိုက်တော့ ခြောက်နာရီပဲ ရှိသေးသည်။ အကျင့်ပါနေကျ လက်က ဖုန်းကို ယူပြီး စစ်မလို့ ပြင်လိုက်ပြီးမှ တယ်လီနော လိုင်းမကောင်းတာ သတိရသွားရ၏။

တယ်လီနောဆိုမှ အိပ်ရာဘေး စားပွဲပေါ်တွင် တင်ထားသည့် ဒေစီပန်းတွေဆီ အကြည့်ရောက်သွားသည်။ ဒေစီကလေးတစ်ပွင့်ကို လက်ဖြင့်ကောက်ယူလိုက်ရင်း အကြောင်းမဲ့ ငေးကြည့်နေမိ၏။ သေးလိုက်တဲ့ ပန်းကလေး။ရုတ်တရက် ပန်းကို ပန်ကြည့်ချင်စိတ်က စိတ်ထဲ ဝင်လာတော့ ချက်ချင်းဆိုသလိုပင် အိပ်ရာပေါ်က ခုန်ဆင်းပြီး အိပ်ရာဘေးရှိ ကိုယ်လုံးပေါ် နံရံကပ်မှန်ကြီးရှေ့ ရောက်သွား၏။

အဲ့ဒီတော့မှ ထင်မှတ်မထားဘဲ တွေ့လိုက်ရတာက သူ့မျက်လုံးတွေ နီရဲနေတာပင်။ မနေ့က ဘယ်လောက်တောင် ငိုထားသလဲမသိ။ မို့အစ်နေသော မျက်လုံးတွေက အတော်လေးကို ရုပ်ပေါက်နေတာပင်။ မနေ့ညက ရောင်ချမ်းဆိုသော ဟိုကောင်လေး သူ့လက်ထဲ ဒေစီပန်းတွေ လာထည့်ပေးသွားသည့် အကြောင်းရင်းကို သူ သိပြီ ထင်ပါသည်။

" နေစင်ရှင်း စောက်ရူးကောင်"

ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ကျိန်ဆဲလိုက်ရင်း ဒေစီပန်းကလေးကို ဘယ်ဘက်နားပေါ် သူ တင်လိုက်သည်။ ကြည့်ရဆိုးမနေပေမယ့် လှနေတာလည်းမဟုတ်တော့ ပန်းပန်မည့် အကြံညဏ်ကို သူ စွန့်လွှတ်လိုက်ပါသည်။ ပြီးတော့ ဘေးဘက်ရှိ လိုက်ကာကို ဆွဲဖွင့်လိုက်တော့ အရှေ့ဘက်ဆီရှိ နေရောင်ဖျော့ဖျော့က အခန်းထဲသို့ ဝင်ရောက်လာသည်။ ရှမ်းရိုးမဆီကနေ ခေါင်းပြူစပြုနေသော အရုဏ်နေမင်း၏ အလင်းရောင်အောက်ရှိ ပန်းခင်းကြီးထဲတွင် မနေ့ညကလို ပန်းခူးနေသော ကောင်လေးကိုလည်း သူ တွေ့ပြန်၏။

သူ့အိပ်ခန်းထဲကနေ ကြည့်လိုက်လျှင် ထိုကောင်လေးတို့ ပန်းခင်းကြီးနှင့် ကွက်တိ။ အခုမှ သေချာကြည့်မိတော့ ပန်းခင်းကြီး၏ ဟိုမှာဘက်ဆီမှာ အုတ်ခဲနီနီများနှင့် တည်ဆောက်ထားသည့် အိမ်သေးသေးလေးတစ်လုံး ရှိပါသည်။ သေးတာမှ သူ့၏ အိပ်ခန်းတစ်ခုစာလောက်ပင် မကျယ်သော ထိုအိမ်ကလေးက လူနေတာရော ဟုတ်ရဲ့လားဟု သူ တွေးမိသွားသေး၏။ ပြီးတော့ အဲ့သည်တစ်ဖက်ခြံမှာကျတော့ သူတို့ခြံဝင်းလို ထင်းရူးပင်တွေ မရှိသောကြောင့် ခြံဝင်းတစ်ခုလုံးက မှောင်ရိပ်ကျမနေဘဲ လင်းထင်းလို့နေ၏။ နေရောင်အောက်ရှိ အိမ်သေးသေးလေးက ဝင်းတောက်ပြီး ချစ်စရာပင် ကောင်းနေသေးတော့။

နေရောင်ဝေးဝေးWhere stories live. Discover now