(၄)姚晨 accepted your friend request.

387 45 4
                                    

" အဲ့ဒီဘုရားကျောင်းက ကလောတစ်မြို့လုံးမှာ အကြီးဆုံးဘုရားကျောင်းလေ"

သူတို့နှစ်ယောက် ပုခုံးချင်းယှဉ် လမ်းလျှောက်လာကြရင်း လမ်းဘေးရှိ ဘုရားကျောင်းတစ်ခုကို ညွှန်ပြကာ ရောင်ချမ်းက ပြောသည်။

" ဘယ်လိုလဲ မိုက်တယ်မို့လား"

Christ The King Churchဟု အမည်တပ်ထားသည့် ဘုရားကျောင်းသည် ခန့်ထည်သော်လည်း ဗာတီကန်သို့ အလည်ရောက်ရှိဖူးထားသည့် နေစင်ရှင်း၏ မျက်လုံးထဲတွင်တော့ သာလွန်ပြီး ခမ်းနားမနေ။ ဂုဏ်ယူသလို လှမ်းကြည့်သော ရောင်ချမ်း၏ အကြည့်ကြောင့် အင်းဟု ခပ်တိုးတိုးပြောရင်း ဝတ်ကျေတန်းကျေ ခေါင်းညိတ်ပေးလိုက်ပါသည်။ ကလောသားလေးတစ်ယောက်အတွက်တော့ အရာအားလုံးက ခမ်းနားပြီး ဂုဏ်ယူစရာကောင်းနေသည် ထင်ပါ၏။

ဘုရားကျောင်းဆီမှ ခေါင်းလောင်းသံနှင့်အတူ သမာကျမ်းစာ ရွတ်ဖတ်သံ ခပ်အုပ်အုပ်ကို ကြားရတော့ နေစင်ရှင်းက လွှတ်ခနဲ မေးလိုက်မိသည်။

" မင်းက ခရစ်ယာန်လား"

" မဟုတ်ဘူး ။ ယောင်းမေယာန်"

တစ်ခါမှ မကြားဖူးသော နာမည်ထွက်လာတော့ အံ့သြသွားရသည်။ ရောင်ချမ်းက တရုတ်လူမျိုးဆိုတော့ တရုတ်တောက်ဝါဒခွဲတွေထဲက တစ်ခုများလား။ ဇင်ဝါဒလား။

" ငါ့မားမားနာမည်က ယောင်းမေလေ။ ငါက ငါ့အမေကို ကိုးကွယ်တော့ ယောင်းမေယာန်ပေါ့"

နေစင်ရှင်းက လမ်းလျှောက်နေရာက ရပ်လိုက်တော့ ရောင်ချမ်းက သူ့ကို ကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်ပါသည်။

" ဟားဟားဟားဟား ရှင်းကို စရတာ တကယ်ပျော်ဖို့ ကောင်းတယ် "

နေစင်ရှင်းက မျက်မှောင်ကြုတ်လိုက်ပါ၏။

" ငါ အတည်မေးနေတာကို "

" ငါလည်း အတည်ပြောတာပဲလေ။ ငါက ဘာဘာသာမှ မကိုးကွယ်ဘူး။ ပြီးတော့ တစ်လောကလုံးမှာ ငါက မားမားစကားပဲ နားထောင်တာ။ အဲ့ဒီတော့ ငါ ကိုးကွယ်တာက ငါ့မားမားပေါ့။ တစ်ခြား ဘယ်သူရှိရဦးမှာလဲ"

ရောင်ချမ်းပါးစပ်က အဲ့ဒီစကားထွက်လာတော့ ဒီဘဝတော့ ရောင်ချမ်းနှင့်သူ တည့်တော့မည်မဟုတ်လို့ နေစင်ရှင်းက တွေးလိုက်မိ၏။ သူတို့နှစ်ယောက်က ဆန့်ကျင်ဘက်။ တစ်ဘဝလုံး အမေကို ပုန်ကန်မည်ဟု ဆုံးဖြတ်ထားသည့် သူနှင့် အမေက သူ့ဘဝအတွက် ကိုးကွယ်ရာဆိုသည့် ရောင်ချမ်း။ လူပေါင်းများ မှားပြီလား။ဒီနေရာကနေ လှည့်ပြန်ရမလားဟု စိတ်ထဲ အတွေးပွားနေမိခြင်းက ရှောင်လွဲလို့မရ။
ဘုရားကျောင်းနှင့် မျက်နှာချင်းဆိုင်က လမ်းချိုးလေးထဲရှိ တောင်ကုန်းပေါ်ကို သူတို့တက်လာကြတော့ လမ်းဘေးတစ်ဖက်တစ်ချက်စီမှာ ပန်းပင်တွေ အုပ်ဆိုင်းလို့။ ပြီးတော့ တောင်ကုန်းထိပ်မှာ လှမ်းမြင်နေရသည်က "အခြေခံပညာအထက်တန်းကျောင်း ကလော" ဟု အမည်တပ်ထားသည့် သံဝင်းတံခါးမုခ်ဝ။ကျောင်းဖွင့်ချိန်မရောက်သေးသော်လည်း ကျောင်းရှေ့တွင် တန်းစီပြီး ရပ်ထားသော စက်ဘီးများဖြင့် လူစည်ကားလို့နေသည်။

နေရောင်ဝေးဝေးWhere stories live. Discover now