(၃)ရောင်ချမ်း

381 67 34
                                    

" အဲ့ဒါကြောင့်မို့လို့ မြန်မာလို မဆဲဘူးလေ"

ရောင်ချမ်းက စောဒကတက်သလို ပြန်ပြော၏။ ဗမာလိုဆဲတာလည်း ဆဲတာပင် ဖြစ်သလို တရုတ်လိုဆဲတာလည်း ဆဲတာပင် ဖြစ်ကြောင်း နေစင်ရှင်းက အယူခံဝင်ချင်မိသော်လည်း သူ ဘာမှ မပြောရသေးခင်မှာပင် ရောင်ချမ်းက ဦးစွာ စကားဆိုသည်။

" မဟုတ်မှလွဲရော မင်းတစ်သက်လုံး တစ်ခါမှ မဆဲဖူးဘူးလို့တော့ ငါ့ကို လာမပြောနဲ့"

နေစင်ရှင်းက ပါးစပ်ပိတ်ပြီး ဆိတ်ဆိတ်သာ နေလိုက်သည်။ ဆဲရေးတိုင်းထွာခြင်းသည် အင်မတန် ယုတ်ညံ့သော အပြုအမူဖြစ်သည်ဆိုသော သင်ယူမှုများဖြင့် ကြီးပြင်းလာသော နေစင်ရှင်းဘဝတွင် အလွန်ဆဲုံး ထွက်ဖူးသော ရုန့်ရင်းကြမ်းတမ်းသည့်စကားက မင်းကြီးတော် ဒီလောက်ပဲ ဖြစ်သည်။

ဆဲရေးတိုင်းထွာခြင်းသည် ကောင်းသည်ဆိုးသည်နှင့် ပတ်သက်ပြီး သူ အကဲမဖြတ်ချင်သော်လည်း ယောကျာ်းလေးတစ်ယောက်အနေနှင့် တစ်ခါမှ မဆဲဖူးဘူးဟု ဝန်ခံရခြင်းသည် ယောကျ်ားမာနထိခိုက်သည်ဟု နေစင်ရှင်းက တွေး၏။ ဒါ့အပြင် သူ့ကို သွန်သင်ဆုံးမပေးခဲ့သည့် မေမေကိုယ်တိုင်က သူ ထင်ထားသလို ဟုတ်မနေခဲ့ခြင်းက မေမေ့ရဲ့ အဆုံးအမများနှင့် ပတ်သက်ပြီး သူ့ကို သံသယဝင်စေသည်။

" မင်း တစ်ခါလောက် ဆောက်နီမားလို့ ပြောကြည့်လိုက်ပါ့လား"

နေစင်ရှင်းက ရောင်ချမ်းကို ကြောင်တောင်တောင်နှင့် ပြန်ကြည့်လိုက်ပါသည်။

" မင်းတစ်ယောက်တည်း ရိုင်းချင်ရိုင်းပေါ့။ ငါ့ကို အဖော် လာမခေါ်နဲ့"

" အော "

ရောင်ချမ်းက အသံတိတ်သွားတော့ နေစင်ရှင်းက ဆက်မေးလိုက်သည်။

" မင်းက တရုတ်စကား ပြောတတ်တာလား။ တရုတ်လား"

" တရုတ်စကားပြောတတ်တိုင်း တရုတ်မှ မဟုတ်ဘဲနဲ့။ မင်းလည်း နားလည်တာပဲ မဟုတ်ဘူးလား"

" အဲ့ဒါဆို တရုတ်လူမျိုး မဟုတ်ဘူးပေါ့ "

" ဟုတ်တယ် တရုတ်"

သူတို့နှစ်ယောက်လုံး တွန်းလှည်းကို ရပ်နေရင်းနဲ့ တုံ့ခနဲ ရပ်သွားပါသည်။ နေစင်ရှင်းက ရောင်ချမ်းကို ကြည့်လိုက်တော့ ဟိုက ခွက်ထိုးခွက်လန် ရယ်တော့သည်။

နေရောင်ဝေးဝေးWhere stories live. Discover now