Part-21

1.1K 82 4
                                    

Precious (Unicode)


ညနေနေဝင်ဆည်းဆာအလှကြောင့်ကောင်းကင်တွင် တိမ်တောက်ကာ တိမ်မျှင်တိမ်စိုင်လေးများ လေနှင်ရာအနောက်သို့တစ်ဖြည်းဖြည်းလိုက်ပါသွားကြ၏။ ဟိုတစ်ကွက်သည်တစ်ကွက်တိမ်စိုင်များ၏အရောင်များမှာမတူညီချေ။ ပုဇွန်ဆီရောင်သမ်းနေသော တိမ်အလိပ်များရှိသလို၊ ပြာလဲ့လဲ့တိမ်မျှင်အတန်းများဖြင့် လောကကောင်းကင်ကိုအလှဆင်ကြသည်။
မေလကုန်ခါနီးပြီဖြစ်သောကြောင့်မိုးရာသီစတော့မည်။မျက်နှာချင်းဆိုင်အိမ်ခြံထဲမှ စိန်ပန်းပင်အနီကြီးမှာ ရဲရဲတောက်ဖူးပွင့်နေ၏။ လေအဝှေ့တစ်ချက်တွင် မအူပန်းအနံ့ခပ်သင်းသင်းလေးကိုရလိုက်သေး၏။

မနက်ပိုင်းကမှဆေးရုံဆင်းလာကာ ဝသုန်တစ်ယောက်ညနေစောင်းသည်အထိအိမ်ကြီးထဲတွင်ညောင်းချိအောင်နေနေရသည်။ စိတ်မချသေးသောကြောင့်မာမားက ဆိုင်မသွားဘဲအနားမှာနေနေပေးသည်။ အပျင်းပြေကောင်းကင်ကြီးအားမော့ကြည့်ရန် ဝသုန်တစ်ယောက်လေသာဆောင်အိမ်ပေါ်ထပ်တွင် တစ်ယောက်တည်း နေနေသည်။ ပါပါးပြောပြသည့်အတိုင်း သည်လိုညနေချိန်ကောင်းကင်ကြီးအားကြည့်လိုက်ရင်း စိတ်ကိုငြိမ်းချမ်းစေသည်ဆိုသောကြောင့် ဝသုန်အပေါ်သို့တက်ခဲ့ခြင်းဖြစ်၏။
ပါပါးပြောသလိုပင် အရောင်အသွေးစုံလင်လှသော ကောင်းကင်ကြီးသည်အမှန်တကယ်ကို လှပကာ မျက်စိအေးဖွယ်အတိပင်။
သည်လိုဆိုပြန်တော့ ဝသုန်တစ်ယောက် ပါပါးနှင့်ဆုံတွေ့ခိုက်သည်လိုညနေခင်းအချိန်လေးကိုသတိရမိလိုက်သည်။

မြို့ပြင်တစ်နေရာတွင်ကားရပ်ကာစကားပြောနေသော ဝသုန်က နေပူနေတယ်ဟုဆိုကာ ကားပေါ်မှမဆင်းပေ။ ပါပါးကတော့ မှန်ချထားသောဝသုန်ဘက်ခြမ်းတွင် လက်ထောက်ကာ စကားပြောနေ၏။
အနောက်တောင်ဘက်ဆီသို့ နေလုံးကြီးတစ်ဖြည်းဖြည်းဝင်သွားသည်ကိုပါပါးက

" ချာတိတ် ဟိုမှာကြည့်ကြည့် နေဝင်သွားပြီ နေဝင်ကာစဒီလိုအချိန် ကောင်းကင်ကြီးကိုမော့ကြည့်ရင် အရမ်းလှတာ ဝသုန်ကြည့်ကြည့်ပါအုံး "

"မျက်စိကျိန်းတယ် မကြည့်ချင်ဘူး "

ထိုအခါပါပါးက ကားပေါ်မှအတင်းဆင်းခိုင်းကာ ဝသုန့်ပုခုံးကိုဖက်၍ နေဝင်သွားသည်ကိုအတူတူကြည့်ခဲ့ကြသည်။
ပါပါးထက် အရပ်အနည်းငယ်ပိုပုသောဝသုန်က ကောင်းကင်ကြီးနှင့်အတူ လေးထောင့်ဆန်ဆန်ပါးမျက်နှာရွှင်ရွှင်ကိုပါ ငေးမောခွင့်ရခဲ့ပေသည်။


Precious (Completed) Where stories live. Discover now