Really? -1-

4.8K 305 58
                                    

_Unicode_


"ဟက် ကင်ဆော့ဂျင် ~~ မြန်မြန်လာ‌လို့။ တကတည်း။"

စူးကနဲထွက်လာသည့် မာတာမိခင်၏အသံကြောင့် လမ်းဘေးတွင် ရပ်ထားခဲ့ရသည့် ကားလေးကို နောက်ဆံတင်းကာ စောင်းငမ်းငမ်းဖြစ်နေရသည့် ကျွန်တော့်လည်ပင်းက ဆတ်ကနဲ ရှေ့ပြန်လှည့်သည်။ မာတာမိခင်ကတော့ သူနှင့် အကြည့်ချင်းဆုံလိုက်သည့်အချိန်တွင် မျက်စောင်းထိုးပြကာ ရှေ့ကို ဆက်လျှောက်သွားသည်။

"လာနေတာပဲလို့ မားသားကလဲ!။"

လက်နှစ်ဖက်တွင် အထုပ်နှစ်ထုပ်ကို ဆွဲထားရင်း အားကြိုးမာန်တက် ချီတက်နေသော မိခင်သည် အလွန်အင်မတန်တက်ကြွသည့် ကြက်ဖ..အဲ..အဲ ကြက်မဖြစ်နေသည်။ ကျွန်တော့်မှာသာ နောက်တွင်ကျန်ခဲ့သည့် ကားကိုပြန်ကြည့်လိုက် ရှေ့ဆက်သွားရမည့် ဆင်ခြေလျှောကုန်းမြင့်လေးကို ကြည့်လိုက်ဖြင့် ကျောတွင်လွယ်ထားသော အိတ်ကို တစ်ချက်တစ်ချက်ပြင်ရင်း သက်ပြင်းသာနာနာချမိသည်။ ကားပေါ်ပါလာသည့် အထုပ်အပိုးအကုန်သယ်ရန် အနည်းဆုံး သုံးခေါက်ခန့် တက်ရဆင်းရပေအုံးမည်။

***

  မာတာမိခင်သည် မည်သို့မည်ပုံစိတ်ကူးပေါက်လေသည်မသိ။ အလွန်တရာ စည်ကားလှသော ဆိုးလ်မြို့ကြီးကို နောက်ခိုင်းကာ အီဆန်ဆိုသည့်မြို့လေးသို့ အိမ်ပြောင်း‌ရန် တာစူသည်။ အိမ်ပြောင်းရန် ပထမဆုံး အဆိုတင်သွင်းသည့် အချိန်တွင် ထောက်ခံမဲတစ်မဲနှင့် ကန့်ကွက်မဲတစ်မဲဖြင့် သရေကျသည်။ မြို့ကြီးပြကြီးတွင်ကြီးပြင်းခဲ့သည့် ကျွန်တော်ကတစ်ဖက်၊ သဘာဝချစ်မြတ်နိုးသူ မိခင်ကတစ်ဖက် ဖြစ်သည်။ သို့ရာတွင် လွှတ်တော်ဥက္ကဌရာထူးကို ချက်ချင်းယူလိုက်သောမိခင်က ဗီတိုအာဏာသုံးကာ အဆိုကို အတည်ပြုလိုက်သည်။ 'နင့်အဖေရှိတုန်းကဆို' ဟု အစချီကာ တစ်ရက်ကျော်ကြာအောင် မနားစတမ်း နားပူစေနိုင်သော မာတာ၏အကြောင်းကို သိ၍လည်း အလျှော့ပေးလိုက်ခြင်းပင်။

ထိုအကျိုးဆက်အနေဖြင့် သုံးလခန့်ကြာပြီး ယနေ့တွင် 'ရောက်တော့မှာ' ပေါင်းများစွာကို သည်းခံကာ တစ်နာရီကျော်ကြာ ကားမောင်း‌နေရသည်။ မိခင်၏ အီဆန်မြို့နားတင်ဆိုသည့်စကားကို ယုံမိသည့် မိမိကိုယ်ကို နာနာကျိန်ဆဲ နေမိသည်မှာလည်း အကြိမ်ကြိမ်ပင်။ အီဆန်နှင့် ဆိုးလ်ကို ကားဖြင့်သွားလျှင် နာရီဝက်ပင်မကြာပေ။ ဤသည်ကို သိထားသော ကျွန်တော့်ကို လှလှပပဂျင်းထည့်သွားသည့် မိခင်အားလည်း မျက်စောင်းထိုးပြီး နှုတ်ခမ်းကိုက်ပြရန် မမေ့။ ထိုအခါ နှုတ်ခမ်းများကို အတင်းစေ့ကာ ရယ်ချင်ရိပ်ကို ဖုံးနေသော မာတာမိခင်ကတော့ ကျွန်တော့်ကျောပြင်ကို အွတ်ကနဲမြည်အောင်သာ ကြင်ကြင်နာနာ ပွတ်သပ်လေသည်။

Really? [JinKook] Completed ✅Where stories live. Discover now