၀၂၂- ဈေးဆစ်ခြင်း

1.2K 224 6
                                    

[Unicode]

"မင်း..."
သွမ့်ထင်းရွှမ် စုနွမ်နွမ်ဒီလိုအကွက်ရွေ့လိုက်မယ်လို့ လုံးဝမမျှော်လင့်ထားပေ။ အချိန်ခဏလောက်၊ သူလုံးဝဆွံ့အသွားသည်။ သူ စစ်ပင်းရဲ့ ငိုသံနဲ့ပြောနေတဲ့စကားကို လုံးဝလစ်လျူရှူထားလိုက်သည်။
"သခင်၊ ကျွန်တော်တို့ တကယ်ပဲပြန်သင့်ပြီထင်တယ်။ ညမှောင်လာတော့မယ်လေ။"
အဲ့ဒါကအမှန်ပဲ၊ နေက လုံးဝဝင်သွားတော့မယ့်အချိန် ဖြစ်နေပြီ။ သူ့ရဲ့အနီရောင်သန်းနေတဲ့ မျက်နှာတစ်ဝက်လောက်ကိုပဲ တွေ့နိုင်တော့သည်။
သွမ့်ထင်းရွှမ် ဒီအကြံကောင်းကို အလျင်အမြန်ဆုပ်ကိုင်ပြီး စစ်ပင်းနဲ့တူတူထွက်သွားလိုက်ချင်သည်။ ဒါပေမယ့် မုန်းစရာအကောင်းဆုံးကိစ္စက... မီးဖိုချောင်ထဲမှာ ဘာတွေလုပ်နေတာလဲ။ ဒီအမွှေးနံ့ကဘာလဲ။ ဘယ်လိုလုပ် အဲ့ဒီ့အနံ့က ပိုပိုပြီးမွှေးလာနိုင်ရတာလဲ။ အမတ်မင်းလေး တိုက်ပွဲကို ရှုံးနိမ့်ပြီးသားဖြစ်နေပါပြီ။ ဒါ သူတစ်ခါမှမစားဖူးတဲ့အရာဆိုတာ လုံးဝသံသယရှိစရာမလိုပဲ သေချာနေတယ်လေ။
အမွှေးနံ့က အရမ်းသိသာထင်ရှားလွန်းတယ်။ သူ နှစ်နှစ်ဆယ်ကျော်နေလာခဲ့တဲ့ အချိန်အတွင်းမှာ၊ ဒီလိုမျိုးသူ့ရဲ့နှလုံးသားနဲ့အသည်းကို ဖမ်းဆုပ်လိုက်နိုင်တဲ့ မွှေးရနံ့မျိုး တစ်ခါမှမကြုံခဲ့ဖူးပေ။ အဲ့ဒီ့အိုးထဲမှာ ဘာပဲရှိနေနေ အိုးတစ်ခုလုံးကိုပါ မျိုချချင်ရလောက်တဲ့အထိ လူတစ်ယောက်ကိုလုပ်နိုင်သည်မှာ အမှန်ပင်မုန်းစရာကောင်းပေသည်။
"ကျွန်မကို သိုင်းပညာသင်ပေးပါ၊ အဲ့ဒါဆို ကျွန်မရှင့်ကို တစ်လစာအစားအသောက်တွေပေးမယ်။"
စုနွမ်နွမ် သွမ့်ထင်းရွှမ်ရဲ့မျက်နှာအမူအရာကို သေချာပေါက်အကဲခတ်နိုင်သည်။ သူ အဲ့ဒီ့နေရာမှာပဲ ကြက်သေသေနေပြီး ချီတုံချတုံဖြစ်နေပုံကိုကြည့်ပြီး၊ အခြေအနေတွေကို သူမဘက်ပါလာအောင် ဆွဲဆောင်နိုင်ဖို့ အချိန်ကောင်းပဲဆိုတာ သိလိုက်သည်။
"တစ်လ ဟုတ်လား။ မင်းက ငါ့ကို အစာလေးတစ်ခေါက်လောက်ကျွေးပြီး မောင်းထုတ်လို့ရတဲ့ သူတောင်းစားတစ်ယောက်လို့ ထင်နေတာလား။"
သွမ့်ထင်းရွှမ် ဒေါသထွက်သွားသည်။
"ဒါဆိုရင်လည်း... နှစ်လဆိုရင်ကော ဘယ်လိုလဲ။"
စုနွမ်နွမ် သူ့အသွေးအသားထဲက နာကျင်မှုကို ခံစားမိနေပြီ။ ဒီလူညစ်ကို သူမရဲ့အစားအစာတွေ တစ်လလုံးလုံး ပေးစားထားရမှာကိုတောင် သူမရဲ့နှလုံးသားလေး နာကျင်နေရပြီကို၊ အခုတော့ နောက်တစ်လပါ ထပ်ပေးရတော့မှာလား။
"တစ်သက်လုံး..."
သွမ့်ထင်းရွှမ် အံကိုကြိတ်လိုက်သည်။
"မင်းငါ့ကို ဘယ်လိုတောင် သူတောင်းစားတစ်ယောက်လို ဆက်ဆံရဲတာလဲ။"
"ဟေး၊ ရှင်အရမ်းမလွန်လာနဲ့နော်။"
စုနွမ်နွမ်လည်း ဒေါသစထွက်လာပြီဖြစ်သည်။
"လူတစ်ယောက်အနေနဲ့ ရှင်ဒီလောက်လောဘမကြီးသင့်ဘူး။ ကျွန်မရှင့်ကိုကြောက်မယ်လို့ ရှင်ထင်နေတာလား။ အဆိုးဆုံး ရှင်လုပ်နိုင်တာဆိုလို့၊ ကျွန်မကို အိမ်တော်ကကန်ထုတ်တာလောက်ပဲရှိမှာပဲ။ ဒီအမျိုးကောင်းသမီးမှာ သူ့ရဲ့ပြောင်မြောက်လှတဲ့ အတတ်ပညာလည်းရှိသေးတယ်၊ ဒီကမ္ဘာပေါ်မှာ ဘယ်နေရာသွားသွား၊ ကျွန်မအသက်ရှင်နိုင်တယ်။ သုံးလ၊ ဒီ့ထက်မတိုးတော့ဘူး။"
"မင်းသိုင်းပညာကို တကယ်တတ်ကျွမ်းသွားတဲ့အထိတော့လုပ်လိုက်။"
ဒီမိန်းမက နှင်ချခံလိုက်ရမှာကိုတောင် မကြောက်မှတော့၊ ကွာရှင်းတာနဲ့ အကျပ်ကိုင်ပြီး သူ့ကိုခြိမ်းခြောက်ဖို့က လွယ်မှာမဟုတ်ဘူး။ အမတ်မင်းလေး နောက်ဆုံးတော့ သဘောပေါက်သွားသည်။ အဲ့ဒါကြောင့် သူသက်ပြင်းချပြီး ခြေတစ်လှမ်းအလျော့ပေးလိုက်ရသည်။
"ရှင်ဘာကိုဆိုလိုတာလဲ။"
စုနွမ်နွမ် သူ့စကားကို သေချာနားမလည်ပေ။ သူမဘာသာ အချိန်ယူပြီး သေချာစဥ်းစားနေမယ့်အစား၊ တိကျတဲ့ဖြေရှင်းချက်ကို ချက်ချင်းမေးလိုက်သည်။
"ငါမင်းကို ကွန်ဖူးသင်ပေးမယ်။ မင်းက မင်းအဲ့ဒီ့သိုင်းပညာကို သေချာတတ်ကျွမ်းသွားတဲ့အထိ ငါ့ကိုအစားအသောက်တွေပေးရမယ်။ ငါမင်းကို အခုကတည်းကပြောထားမယ်နော်။ ငါအမှိုက်လို အစားအသောက်အညံ့စားတွေကို သည်းခံမှာမဟုတ်ဘူး။ အကုန်လုံးက အမြင့်ဆုံးအရည်အသွေးရှိရမယ်။"
"ကွန်ဖူးက တစ်နှစ် ဒါမှမဟုတ် တစ်နှစ်နီးပါးလောက် သင်မှတတ်နိုင်တဲ့အရာမလား။"
စုနွမ်နွမ် မျက်မှောင်ကုတ်လိုက်သည်။ ဒီအချက်က အရမ်းရက်စက်လွန်းတယ်။
"သေချာပေါက် မင်း ဒီတစ်နှစ်စာလောက် အစားအသောက်လေးကို မပေးချင်ဘူးလို့ပြောနေတာတော့ မဟုတ်ပါဘူးနော်။"
သွမ့်ထင်းရွှမ် သွေးအန်တော့မလို ခံစားနေရသည်။
"နွမ်နွမ်၊ မင်း သေသေချာချာစဉ်းစားကြည့်ရင်၊ ငါလို ဂုဏ်သိက္ခာရှိတဲ့အမတ်မင်းလေးကို ကွန်ဖူးနည်းပြဆရာအနေနဲ့ မင်းရမှာနော်။ ဒီလိုအထူးအခွင့်အရေးကို တခြားဘယ်သူမှမရဘဲ မင်းတစ်ယောက်ပဲရမှာလေ။ အရသာရှိတဲ့အစားအသောက်တွေကြောင့်သာမဟုတ်ရင်၊ ဒီအရှင်က နည်းပြအဆင့်လောက်ကို အကျခံပြီးသင်ပေးမယ်လို့ မင်းထင်လား။ မင်း ကိုယ့်ဘာသာ နည်းပြတစ်ယောက်ကို ငှားမယ်ဆိုရင်တောင်၊ သူ့အတွက် အစားအသောက်အပြင် နေရာထိုင်ခင်းပါ ပြင်ပေးနေရအုံးမှာလေ။ ဟုတ်တယ်မလား။ သင်တန်းခပေးရအုံးမှာတော့ ပြောစရာတောင်မလိုဘူး။ မင်းအခု ဒီအမတ်မင်းလေးက သာမန်နည်းပြတစ်ယောက်နဲ့တောင် မယှဥ်နိုင်ဘူးလို့ ပြောဖို့ကြိုးစားနေတာလား။"
"ကောင်းပြီ၊ ကောင်းပြီ၊ ဒါဆိုဒီအတိုင်းပဲထားလိုက်ရအောင်။"
စုနွမ်နွမ်နောက်ဆုံးတော့ အလျော့ပေးလိုက်သည်။ သူမကွာရှင်းခံရမှာ မကြောက်ပေမယ့်၊ လက်ထပ်ထားတဲ့အတိုင်းရှိနေတာလည်း သူ့ကောင်းကွက်နဲ့သူရှိတာပဲ။ သူ ဒီခြံဝင်းထဲမှာ အသိုက်ဆောက်ရင်းနဲ့၊ ဟင်းအမည်ကောင်းတွေကိုလည်း အဆုံးမရှိ လိုသလောက်ရနိုင်တယ်လေ။ သူတို့ဒီမှာနေရင်တော့ ထမင်းငတ်မှာပူစရာမလိုဘူး။ သူတို့သုံးယောက် တကယ်ပဲဒီကထွက်သွားရမယ်ဆိုရင်၊ အင်း... မိန်းမလှသုံးယောက်တည်း ဒီလောကကြီးမှာဘာတွေဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းနိုင်ဖို့ခက်တယ်။ အထူးသဖြင့် ဒီဆိုးရွားတဲ့အရင်းရှင်စနစ်ထဲမှာတော့ အားနွဲ့တဲ့မိန်းမသားတွေအပေါ် အမြတ်ထုတ်ဖို့ပဲကြိုးစားနေကြတော့၊ သူတို့ ဒီလူတွေကြားထဲမှာ ခေါင်းပုံဖြတ်ခံရပြီး အရိုးတောင်ကျန်မှာမဟုတ်ဘူး။
သူမရွေးချယ်နိုင်တဲ့အရာတွေနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်ကို ချင့်ချိန်ပြီးတဲ့အချိန်မှာတော့၊ စုနွမ်နွမ် အခြားတစ်ဖက်ကကြည့်ရင်၊ ဒီအိမ်တော်မှာပဲ ဆက်နေတာက အကောင်းဆုံးရွေးချယ်မှုဆိုတာ လက်ခံလိုက်ရသည်။ ဒီလူညစ်က သူမဆီကအစားအသောက်ပေါ်မှာ မှီခိုနေရမှာဆိုတော့၊ သူမ သူနဲ့လက်ရည်တူတိုက်နိုင်သေးသည်။ ဒါက အားနွဲ့တဲ့မိန်းမသားသုံးယောက် အပြင်လောကကြီးမှာ ရှင်သန်ဖို့ကြိုးစားရတာထက်တော့ ပိုသာမှာပဲ။ အမျိုးသမီးဇာတ်လိုက်အတွက် လှည့်ကွက်တွေ၊ ရွှေလက်ချောင်းတွေပါတဲ့ ပုံပြင်တွေလိုမျိုးတို့ အမျိုးသားဇာတ်လိုက်တစ်ပုံလိုက်ပေါ်လာနိုင်တာမျိုးတို့လည်း တကယ့်လက်တွေ့မှာ ဖြစ်လာနိုင်မှာမဟုတ်ဘူးလေ။
"ဒါဆိုရင်၊ သဘောတူလိုက်ပြီနော်။"
သွမ့်ထင်းရွှမ် ထပ်ပြီးအတည်ပြုဖို့ မအောင့်နိုင်ဖြစ်နေသည်။ စုနွမ်နွမ်ခေါင်းညိတ်လိုက်တာကိုမြင်ပြီးတော့၊ သူ့ရဲ့အရှင်သခင်အသွင်အပြင်ကို အလျင်အမြန်ပဲ ပြန်ဆင့်ခေါ်လိုက်သည်။
"မင်းက တကယ်တုံးတဲ့မိန်းမပဲ။ ငါမင်းကို သိုင်းပညာသင်ပေးမယ်လို့ သဘောမတူရင်တောင်၊ လင်မယားနှစ်ယောက် အစားတူတူစားတယ်ဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့မျက်လုံးထဲမှာ လုံးဝသင့်တော်တဲ့ကိစ္စပဲမဟုတ်ဘူးလား။"
"ဒါ ကျွန်မရဲ့စိတ်အခြေအနေပေါ် မူတည်တယ်။"
စုနွမ်နွမ် အေးစက်စက်ပြောလိုက်သည်။
"ကျွန်မစိတ်ပျော်နေရင်၊ ဟင်းအမျိုးအမည်နဲ့ ဟင်းပွဲအရေအတွက်တွေ ပိုတိုးရင်တိုးနိုင်တယ်။ ကျွန်မစိတ်မပျော်ရွှင်နေဘူးဆိုရင်တော့၊ ကျွန်မဘာသာ ဆန်ပြုတ်အလွတ်ကို ချဥ်ဖတ်နဲ့ပဲစားရင်လည်းစားမယ်။ ရှင်ကျွန်မနဲ့တူတူ ကျွန်မရဲ့ ချိုတစ်လှည့်ခါးတစ်လှည့်အချိန်တွေအကုန်လုံးကို အတူတူမျှဝေခံစားချင်တယ်ဆိုရင်တော့၊ ရှင်ကိုဖိတ်ခေါ်ပါတယ်။"
"မင်း..."
သွမ့်ထင်းရွှမ် စိတ်မထိန်းနိုင်ဖြစ်တော့မလိုဖြစ်သွားသည်။
စုနွမ်နွမ်ရဲ့ ဖီးနစ်မျက်လုံးတွေ လှုပ်ရှားသွားပြီး၊
"ကျွန်မက ဘာဖြစ်လဲ။ ရှင်ဘာပြောဖို့ ကြိုးစားနေတာလဲ။"
"ကောင်းပြီ၊ ကောင်းပြီ၊ ယောက်ျားကောင်းတစ်ယောက်က မိန်းမတွေနဲ့ရန်ဖက်မဖြစ်ဘူး။"
အမတ်မင်းလေး ခေါင်းရှင်းရှင်းထားပြီး သူ့ရင်ဘတ်ထဲကနေ ထွက်ပေါ်လာနေတဲ့ ရှက်ဖွယ်ကောင်းတဲ့စကားလုံးတွေကို အမြန်မျိုချပစ်လိုက်နိုင်ခဲ့သည်။ မီးဖိုချောင်ထဲကအနံ့က ပိုပိုပြီးပြင်းထန်လာလို့ စကားများရန်ဖြစ်ဖို့လေးအတွက်နဲ့ အစားကောင်းစားရဖို့အခွင့်အရေးကို လက်လွှတ်လိုက်လို့မဖြစ်ဘူးလေ။
"ကောင်းပြီလေ။ ကျွန်မသွားပြီး အရိုးစွပ်ပြုတ်ကို သွားကြည့်လိုက်အုံးမယ်။ ညစာစားချိန်တောင်ရောင်ခါနီးပြီ။"
ဘဲရိုင်းနှစ်ကောင်လက်ဆောင်ရထားလို့ ပထမသခင်မရဲ့စိတ်အခြေအနေ ကောင်းမွန်နေတာကြောင့်၊ သူမသဘောထားကြီးပေးလိုက်ပြီး နောက်ထပ်ရန်ထပ်ဖြစ်ဖို့ ဂရုစိုက်မနေတော့ပေ။ အဲ့ဒီ့အစား၊ သူမ ပျော်ပျော်ရွှင်ရွှင်နဲ့ မီးဖိုချောင်ဘက်ဆီကို ထွက်သွားတော့သည်။
သူမရဲ့နွဲ့လျတဲ့အသွင်အပြင်ကို အနောက်ကနေကြည့်နေပြီးတော့၊ သွမ့်ထင်းရွှမ် သူ့ယပ်တောင်ကို ဆတ်ခနဲဖြန့်လိုက်ရင်း လှောင်ပြုံးပြုံးလိုက်သည်။ 'ဟိုဟိုး! ဘယ်လောက်တောင်ရိုးအလိုက်တဲ့မိန်းမလဲ။ မင်းတကယ်ပဲ သိုင်းပညာကို တစ်နှစ်အတွင်း တတ်မြောက်နိုင်လိမ့်မယ်လို့ထင်နေတာလား။ အိမ်မက်ဆက်မက်နေလိုက်! သွမ့်ထင်းရွှမ် ကလေးဘဝကတည်းက ဆရာအများကြီးဆီမှာ သင်ယူခဲ့သည်။ သူ့ရဲ့အခုကျွမ်းကျင်အဆင့်က သူ့မှာ သူမတူတဲ့ သိုင်းပညာပါရမီပါလာတဲ့အပြင် ပင်ပင်ပန်းပန်းသင်ယူလေ့လာခဲ့ပြီး နေ့စဥ်မပြတ် မနားတမ်းလေ့ကျင့်ခဲ့လို့ဖြစ်သည်။
စုနွမ်နွမ်လို အရိုးဖွဲ့စည်းပုံပြီးပြည့်စုံပြီးသား၊ အတွေ့အကြုံလည်း လုံးဝမရှိတဲ့သူအတွက်ကတော့၊ ဘယ်နေရာကိုပဲသွားသွား ရက်စက်ပြင်းထန်တဲ့လေ့ကျင့်မှုမရှိဘဲ သိုင်းတတ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။ ဒီမိန်းမ တကယ်ပဲ ကွန်ဖူးသင်ချင်တယ်ဆိုရင်၊ အနည်းဆုံးဆယ်နှစ်ကြာလိမ့်မယ်။ ဒါတောင် အခြေခံကိုပဲ ကျွမ်းကျင်နိုင်အုံးမှာ။ ပြီးတော့ထပ်ပြောရရင်၊ သိုင်းပညာသင်တယ်ဆိုတာ အဆုံးမရှိဘူး။ အဲ့ဒီ့တော့ သူ သူမရဲ့စားကောင်းသောက်ဖွယ် ဟင်းချက်လက်ရာကို တစ်ဘဝလုံးစာ စားရတော့မယ်ဆိုတဲ့သဘောပဲပေါ့၊ ဟုတ်တယ်မလား။'
စဥ်းစားလေလေ၊ အမတ်မင်းလေး ပိုပျော်လေလေဖြစ်လာသည်။ ထိုစဥ် ရုတ်တရက် စစ်ပင်းရဲ့ တိုးတိုးလေးပြောတဲ့အသံကို ကြားလိုက်ရသည်။
"အရှင်သခင်၊ အခုလိုမျိုး အရမ်းပျော်ပျော်ရွှင်ရွှင် မပြုံးနေသင့်ဘူးလေ။ ပထမသခင်မမြင်သွားရင်၊ သူစိတ်မပျော်ရွှင်ဖြစ်လိမ့်မယ်။ သူစိတ်မပျော်ရွှင်ရင်၊ သခင်လည်း ပျော်ခွင့်ရမှာမဟုတ်တော့ဘူး။"
ဒီစကားတစ်ခွန်းတည်းက သူ့ရဲ့စိတ်ကူးတွေကို ဖျက်ဆီးပစ်ဖို့ လုံလောက်သွားသည်။
သွမ့်ထင်းရွှမ် သူ့ဇနီးရဲ့ ခေါင်းမာတဲ့အကျင့်စရိုက်ကို စဥ်းစားမိပြီး သက်ပြင်းချလိုက်သည်။ 'ကြည့်ရတာ သူအစားစားရဖို့ကို သိုင်းသင်တာတစ်ခုတည်းအပေါ်မှာပဲ မှီခိုနေလို့မဖြစ်နိုင်ဘူး။ မဟုတ်ရင်၊ အဲ့ဒီ့မိန်းမ သုံး လေး ငါးနှစ်နေလို့မှ သိုင်းမတတ်နိုင်ဘူးဆိုရင်၊ အိမ်တော်ကနေ သောင်းကျန်းပြီး သူ့ဘာသာထွက်သွားလိမ့်မယ်။
သူ စားကောင်းသောက်ဖွယ်တွေ ဆက်စားချင်တယ်ဆိုရင်၊ နည်းဗျူဟာသေချာစဥ်းစားမှဖြစ်မယ်။ ဒါပေမယ့်၊ သူအမှန်အတိုင်းဝန်ခံစရာ တစ်ခုတော့ရှိသည်။ သူမ ပိုပြီးတော့မတော်တရော်တွေလုပ်ပြီး အပေါက်ဆိုးလာတယ်ဆိုပေမယ့်လည်း... အခုစုနွမ်နွမ်အသစ်က အရင်တုန်းကအဆိပ်ပြင်းပြီး ဆရာကြီးလုပ်တတ်တဲ့ပုံစံထက် တကယ်ပဲ ပိုပြီးချစ်စရာကောင်းသည်ပင်။'
သူတစ်ယောက်တည်း အတွေးနယ်ချဲ့နေတုန်းမှာပဲ၊ တစ်ညနေခင်းလုံး သူ့နှာခေါင်းကို ကျီစယ်နေခဲ့တဲ့ မွှေးရနံ့က ရုတ်တရက် ပိုပြီးပြင်းလာသည်။ သူ့ဘေးပတ်လည်ကို ကြည့်ကြည့်လိုက်တော့၊ သူမီးဖိုချောင်ထဲရောက်နေပြီး သူသိချင်နေတဲ့ မွှေးရနံ့တွေထွက်နေတဲ့ မီးဖိုချောင်ထဲကအရာက၊ သူ့ရှေ့တည့်တည့်မှာ ရှိနေသည်။ သူ့ရှေ့မှာ အဖုံးဖွင့်ထားတဲ့ အရမ်းကြီးတဲ့အိုးတစ်ခုရှိနေသည်။ အိုးထဲမှာ အငွေ့တွေ လူးလွန့်ပြီး တထောင်းထောင်းထနေတာကြောင့် အထဲမှာ ဘာရှိနေလဲဆိုတာ ကြည့်ဖို့ခက်ခဲနေသည်။ အရမ်းချိုပြီးမွှေးပျံ့နေတဲ့အနံံ့ကတော့ လူတစ်ယောက်ကို ခြေဖျားထိတောင် သရေကျအောင် ဆွဲဆောင်နိုင်ပေသည်။
"ဒါ... ဘာလဲ။"
သွမ့်ထင်းရွှမ်ရဲ့ သိချင်စိတ်က အထွတ်အထိပ်ရောက်နေသည်။ သူ ခြေတစ်လှမ်းရှေ့တိုးပြီး အိုးထဲမှာရှိတဲ့အရာကို ကြည့်လိုက်သည်။ နီညိုရောင်စွပ်ပြုတ်ရည်ထဲမှာ အရမ်းကြီးတဲ့ အရိုးကြီးတွေရှိနေတာ တွေးလိုက်ရသည်။ သူ စွပ်ပြုတ်ကို သေချာလေ့လာနေတုန်းမှာပဲ၊ သူ့ဘေးက စုနွမ်နွမ်က ပြုံးရင်းပြောလိုက်သည်။
"ဒါအရိုးစွပ်ပြုတ်လေ။ အကောင်းဆုံးအရည်အသွေးရှိတဲ့ ဝက်ရိုးတွေကိုရွေးပြီးသုံးဖို့က အထူးအရေးကြီးတဲ့အချက်ပေါ့။ အဲ့ဒီ့အရိုးနဲ့ သန့်ကွေး(တရုတ်ဆေးမြစ်တစ်မျိုး)၊ ကောချီ(တရုတ်ဘယ်ရီတစ်မျိုး)၊ ကြာစေ့၊ တရုတ်ဇီးသီးနဲ့ မြေပဲလိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောပြီးချက်ထားတာလေ။ ကျွန်မဆီမှာ ဟင်းအမည်တွေအကုန်မစုံတာ နှမြောစရာပဲ။ ကျွန်မတို့ တရုတ်ပိန်းဥ၊ ထျန်းချီ(ဂျင်ဆင်းတစ်မျိုး)၊ သန်ရှန်း(အနီရောင်အပင်တစ်မျိုး)၊ ဒါမှမဟုတ်ရင် တခြားဆေးဖက်ဝင်အပင်တွေသာ ထပ်ထည့်နိုင်ရင်၊ အရသာလည်းရှိပြီး အားလည်းဖြစ်အုံးမယ်၊ ခန္ဓာကိုယ်အတွက်ကောစိတ်ဝိညာဉ်အတွက်ကော အံကိုက်ဖြစ်မှာပဲ။"
"မင်း... ဒီလိုအရိုးအကြီးကြီးတွေကို ပြုတ်ပြီးချက်လို့ရတယ်ပေါ့..."
သွမ့်ထင်းရွှမ် အံ့အားသင့်သွားသည်။ သူကြားဖူးတာတော့ အရိုးကြီးတွေကို တခြားဟင်းတွေကို အရသာပိုကောင်းအောင်လုပ်ရင် ထည့်သုံးရတဲ့ အထက်တန်းအဆင့်အရိုးပြုတ်ရည်တွေလုပ်ဖို့ပဲ သုံးလို့ရတာပါ။ သူ အဲ့ဒီ့အရိုးပြုတ်ရည်က သူ့ဟာသူစွပ်ပြုတ်အနေနဲ့လည်း သောက်လို့ရတယ်လို့ လုံးဝမသိခဲ့ဘူး။ သူ စုနွမ်နွမ် အိုးအဖုံးကို ဘေးဘက်မှာချထားလိုက်ပြီး မတ်တတ်ရပ်နေရင်းနဲ့ပဲ အငွေ့တထောင်းထောင်းထနေတဲ့ မွှေးပျံ့လှတဲ့အနံ့ကို ရှူရှိုက်ရင်း အရသာခံနေတာကိုကြည့်ရတာ၊ သူမ ပျော်ရွှင်မှုမှာ ယစ်မူးနေသလိုပင်။
"ဒါ နည်းနည်းလောက် အအေးခံပြီးသွားရင်၊ ကျွန်မတို့ အပေါ်မှာဝေ့နေတဲ့အဆီတွေကိုဖယ်ပြီး သောက်လို့ရပြီ။ ဟွန့်! ကျွန်မတို့ ဒါကို နှစ်ရှီချန်(လေးနာရီ)တောင်ကြာအောင် ပြုတ်ထားရတာ။"
သွမ့်ထင်းရွှမ် တကယ်ပဲ အခုချက်ချင်း ဟင်းရည်ကိုသောက်လိုက်ချင်သည်။ ဒါပေမယ့် သူခဏလောက် စဥ်းစားပြီးချိန်မှာတော့၊ သူ့ရဲ့ အထူးလေ့ကျင့်ထားတဲ့ ကွန်ဖူးပညာက သူ့လျှာကို ဒီကျစ်ကျစ်တောက်ပူနေတဲ့စွပ်ပြုတ်လက်ကနေ ကယ်တင်နိုင်မလားဆိုတာ စမ်းသပ်ဖို့ မပြင်ဆင်ထားတာကြောင့် လက်လျော့လိုက်ရသည်။ ဒါကြောင့်၊ သူ စုနွမ်နွမ်နောက်ကနေလိုက်ပြီး မီးဖိုချောင်ထဲကနေ ထွက်လာခဲ့လိုက်ရသည်။
ပထမဆုံးအကြိမ်အဖြစ် လင်မယားနှစ်ယောက် ထမင်းစားပွဲမှာ အေးအေးဆေးဆေးထိုင်နေကြသည်။ သွမ့်ထင်းရွှမ် စစ်ပင်းနဲ့ရှမ်းယွမ်တို့ ကြွက်ထောင်ချောက်တွေ ရှုပ်ပွနေတဲ့ပဲတွေကို သိမ်းဆည်းရင်း အလုပ်များနေတာကိုတွေ့တော့၊ သူ့ရဲ့ပျော်နေတဲ့စိတ်လေး မှောင်မိုက်သွားသည်။ သူအံကြိတ်ရင်း ပြောလိုက်သည်။
"မင်းတကယ် နှလုံးသားမရှိတာပဲ။ အိမ်ရှေ့ဝင်ပေါက်မှာ ပဲတွေပြန့်ကျဲထားရတာကို အားမရလို့၊ ကြွက်ထောင်ချောက်တွေကိုပါ ပြင်ထားလိုက်သေးတယ်။ မင်းငါ့ကို တကယ်ပဲ အဲ့ဒီ့လောက်တောင် မုန်းနေရလား။"
"ရှင်က ကျွန်မရှင့်အပေါ်မှာ နည်းနည်းလောက်ဖြစ်ဖြစ် စိတ်ဝင်စားလိမ့်အုံးမယ်လို့ မျှော်လင့်ထားတာလား။"
စုနွမ်နွမ် အဲ့ဒီ့လူညစ်ကို မျက်စောင်းထိုးရင်းပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင်၊ ကျွန်မ နောက်ထပ်ဒူးလေးတွေပါ အတန်းလိုက်ပြင်ထားချင်သေးတာ၊ ဒါပေမယ့် ကြွက်ထောင်ချောက်တွေပဲ သုံးလိုက်ရတယ်။ ရှင်ဝမ်းသာသင့်တယ်။ မဟုတ်ရင်၊ ရှင်ဒီနေရာမှာခြေချလိုက်တာနဲ့ ဖြူးကောင်အဖြစ် တစ်ခါတည်းရောက်သွားမှာ။"
"တောက်!"
သွမ့်ထင်းရွှမ် အထင်သေးစွာပြောလိုက်သည်။
"မင်းက စာအုပ်ဖတ်ပြီး လေးတွေမြှားတွေလုပ်ဖို့ ကြံစည်နေတာလား။ မင်းကြံတာတော့ ကြံလို့ရပါတယ်။ ဒါပေမယ့် မင်းရဲ့အိပ်မက်ကို တကယ်ပဲ အကောင်အထည်ဖော်နိုင်တဲ့အစွမ်းအစရှိလို့လား။ ငါ့မှာတောင် အားပြင်းတဲ့လေးနဲ့မြား သုံးဆက်ပဲရှိတယ်၊ ပြီးတော့ အကုန်လုံးက နန်းတော်ကနေ လက်ဆောင်ရထားတာ။"
သူပြောလေလေ၊ ပိုပြီးခံပြင်းလေလေဖြစ်လာသည်။
"မင်း တကယ်ပဲ ငါ့ကိုဒီလောက်တောင် မုန်းစရာလိုလို့လား။ တကယ်တမ်းကျတော့ ငါ့မင်းအပေါ် အဲ့လောက်ထိမကောင်းတာ မလုပ်ခဲ့ဘူးလေ။"
"ရှင် ဘာပြောဖို့ကြိုးစားနေတာလဲ။"
စုနွမ်နွမ် မျက်လုံးတွေကိုကျဥ်းမြောင်းလိုက်ရင်း ဒီကိုယ့်ကိုယ်ကိုမသိတဲ့ လူတေလူညစ်ကို မျက်စောင်းရှည်တစ်ခုထိုးလိုက်သည်။
"ရှင် ကျွန်မတို့သုံးယောက်ကို ကျွန်မတို့ဘာသာ သေသေရှင်ရှင်ဆိုပြီးပစ်ထားဖို့ရည်ရွယ်ချက်နဲ့ ဒီမေယွဲ့အိမ်တော်ကို ပို့လိုက်တာမဟုတ်ဘူးလို့ ပြောရဲလား။ ကျွန်မအစာရေစာငတ်ပြတ်ပြီး သေခါနီးထိဖြစ်သွားတာ ရှင်သိလား။ ပြီးတော့ ကျွန်မရလိုက်တဲ့ ယမမင်းရဲ့လက်ဆောင်ကြောင့်သာမဟုတ်ရင်၊ ရှင်ကျွန်မအပေါ်  တကယ်ပဲဒီလောက်ကောင်းမှာတဲ့လား။"
"ဟွန့်! ရှင် ဒီကိုရောက်လာတာ တကယ် ကွာရှင်းစာချုပ်ပေးဖို့မဟုတ်လား။ သခင်မယွင် ကျွန်မလက်ထဲမှာ ဒီလောက်ရှုံးသွားတာ၊ သူ ဒီတိုင်းပဲ လွှတ်ထားလိုက်မှာတဲ့လား။ ကျွန်မက ကန်ထုတ်ခံရခါနီးတောင်ဖြစ်နေပြီပဲ၊ ထပ်ပြီး ဘာကိုကြောက်နေစရာလိုအုံးမှာလဲ။ ရှင့်ကို ဒုက္ခသိပ်မပေးတာကိုပဲ ရှင် ကျွန်မရဲ့ကြင်နာတတ်တဲ့နှလုံးသားလေးကို ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် ကျွန်မအလုပ်ရှုပ်ခံပြီး ကြွက်ထောင်ချောက်တွေ ပြင်နေမှာမဟုတ်ဘူး။ ကျွန်မ ရှင်စားမယ့်အရိုးစွပ်ပြုတ်ထဲကို ကြွက်သတ်ဆေးထည့်လိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ။"
"ကြွက်သတ်ဆေးဟုတ်လား။ မင်း ကိုယ့်ယောက်ျားကို သတ်ဖို့တောင် စဥ်းစားရဲသေးတယ်ပေါ့။"
သွမ့်ထင်းရွှမ် ထခုန်လိုက်ပြီးတော့ စုနွမ်နွမ် စိတ်မပါလက်မပါ လက်တွေဝှေ့ယမ်းပြလိုက်တာကို တွေ့လိုက်ရသည်။
"စိတ်ချပါ၊ စိတ်ချပါ၊ ကျွန်မဒီတိုင်းပြောလိုက်တာပါ။ တကယ်မလုပ်ပါဘူး။ ဟုတ်တယ်မလား။"
"ဟွန့်၊ တကယ်တမ်းကျတော့၊ ကျွန်မရဲ့ အဖိုးတန်အရိုးစွပ်ပြုတ်လေးကို ရှင့်လိုလူညစ်အတွက် အလဟဿဖြုန်းတီးပစ်ဖို့ အတွေးနဲ့တင် ကျွန်မရင်နာနေရပြီလေ။ အဲ့ဒါကြောင့် နောက်ဆုံး ကြွက်ထောင်ချောက်နဲ့ အဆုံးသတ်သွားတာ။ အိုး၊ ဟုတ်သားပဲ။ ရှင်ဒီကိုလာတာ ကွာရှင်းစာချုပ်တွေပေးဖို့မလား။ တစ်ချက်လောက်ကြည့်ရအောင်။ ကျွန်မကြားတာတော့ ကျွန်မရဲ့အရှင်က လက်ရုံးရည်ကော နှလုံးရည်မှာပါ ထူးချွန်တယ်တဲ့။ ကျွန်မကို ရှင့်ရဲ့လက်ရေးလေးပြပါအုံး။"
"ဘာကွာရှင်းစာချုပ်လဲ။"
သွမ့်ထင်းရွှမ်ရဲ့မျက်နှာ သိပ်မကောင်းနေပေ။
"အဲ့လိုကိစ္စမျိုးကို အမှန်လို့ထင်မနေနဲ့။ ရှူရန်ယွင် ငါ့ကို စကားနည်းနည်းပြောလိုက်တယ်ဆိုပေမယ့်၊ မင်းကိုကွာရှင်းတာနဲ့ ဘာမှမပတ်သတ်ဘူး။ မြင့်မြတ်တဲ့အမျိုးသမီးတစ်ယောက်ကို မင်းရဲ့သာမန်စိတ်ကူးလေးနဲ့ ခန့်မှန်းပုံဖော်မနေနဲ့။"

The Feast (စားတော်ပွဲ)Where stories live. Discover now