{Unicode}
"မင်းနောင်တရနေပြီလား"
ယဲ့ထင်သည် ရန်ကျားလိ၏ မျက်နှာပေါ်ရှိ သွေးစက်များကို စိုက်ကြည့်ရင်း သူ့မျက်လုံးများသည် တစ်ခဏအတွင်း လူသတ်တော့မယောင် စူးရှနေကာ ကြောက်စရာကောင်းလာလေသည်။
သူဖိထားသည့် ခွန်အားက အတော်ကြီးလွန်း၍ ရန်ကျားလိသည်ပင် နာကျင်လွန်း၍ တစစ်စစ်နှင့် သက်ပြင်းရှိုက်နေရသည်။ သူသည် အားသုံးကာ ယဲ့ထင်၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်လိုက်ပြီး ဒေါသများ ပြည့်နှက်နေသော မျက်ဝန်းများနှင့် ကျဥ်းထဲကြပ်ထဲ ကျရောက်နေသည့် မခံချိမခံသာဖြစ်နေသော သားကောင်၏ နောက်ဆုံးလက်ကျန် အားလေးနှင့် အော်ဟစ်လိုက်ကာ
"ဘာလုပ်တာလဲ!"
ရန်ကျားလိသည် ယဲ့ထင်၏လက်ကို ရိုက်ချလိုက်ပြီး ခေါင်းလှည့်သွားကာ အံတင်းတင်း ကြိတ်ထားသည်။
ယဲ့ထင်သည် သူ၏ ဒေါသပုံထနေသော ခံစားချက်များနှင့် တင်းမာမှုတို့ လွန်ဆွဲနေသည့် မျက်နှာထားကို ကြည့်လိုက်ကာ လေသံမှာ သက်ပြင်းချသံအချို့ ပါဝင်နေပြီး မေးလိုက်သည်။
"မျက်နှာပေါ်က ဘယ်လိုဖြစ်တာလဲ။ အရိုက်ခံရတာလား"
ရန်ကျားလိသည် မက်စ်ကိုယူလိုက်ပြီး ပြန်တပ်လိုက်ကာ နှုတ်ဆိတ်မြဲ နှုတ်ဆိတ်နေပြီး စကားမပြောရန် ဆုံးဖြတ်ထားသည်။
ယဲ့ထင်သည် နှုတ်ခမ်းထောင့်က တဖြည်းဖြည်း ထောင့်ကျိုးသွားပြီး မှောင်မိုက်နေသော မျက်နှာနှင့်
"ငါမင်းကို မေးနေတယ်၊ ဘယ်သူရိုက်တာလဲလို့"
မျက်နှာဖုံးအောက်မှ ထိုးထွက်လာသော လေသံတွင် ငြီးငွေ့မှုအချို့ပါ ကပ်ပါလာသည်။
"ဘယ်သူမှ မဟုတ်ဘူး"
ယဲ့ထင်သည် သူဘယ်လိုမှ ပြောဖို့ဆန္ဒ မရှိသည်ကို တွေ့သောအခါ မျက်လုံးများက မှေးစင်းသွားသည်။ သူသည် လက်ဆန့်လိုက်ပြန်ပြီး ရန်ကျားလိ၏ မေးစေ့ကို ဆွဲကိုင်ကာ သူ့မျက်နှာနှင့် နီးကပ်စေသည်။
