31

14.7K 2.2K 82
                                    

{Unicode}

"မပေါက်ကွဲသေးခင်စပ်ကြား"

ရန်ကျားလိ နိုးလာခဲ့သည်။

ခေါင်းတစ်ခုလုံးက မူးဝေနောက်ကျိနေပြီး စူးရှနေသော အလင်းရောင်ကြောင့် မျက်လုံးများပါ ကျိန်းစပ်နာကျင်လာသည်။

လွန်ခဲ့သည့်နှစ်ရက်က ယဲ့ထင်သည် မိုးသက်မုန်တိုင်းသဖွယ် ကဒုန်းကဆိုင်း အရူးတပိုင်း ကျူးကျော်၀င်ရောက်ခဲ့၍ ယခုလက်ရှိအချိန်အထိ သူ့တစ်ကိုယ်လုံးမှာ တစစ်စစ်နှင့် ကိုက်ခဲနာကျင်နေသည်။ သတ္တုလက်ထိတ်နှင့် ပွတ်တိုက်ခံထားရသော လက်ကောက်ဝတ်နေရာမှ နီနီရဲရဲ အစင်းကြောင်းကြီးကလည်း မှေးမှိန်မသွားဘဲ ထင်ထင်ရှားရှား ကျန်ရစ်နေဆဲပင်။

ရန်ကျားလိသည် ကုတင်ပေါ်တွင် အချိန်အတော်ကြာ ထိုင်နေခဲ့ပြီး အပြင်ဘက်မှ ကျဆင်းနေသည့် ဖြူလွှလွှ နှင်းစက်များကို ကြည့်နေသလောက် သူ့စိတ်နှလုံးထဲမှာတော့ အမှောင်အတိ ဖုံးလွှမ်းလို့နေသည်။

သူ ရုတ်တရက် သတိရမိသွားသည်။ တစ်ချိန်တုန်းက သူသည်လည်း ပျော်ရွှင်စွာ ရယ်မောတတ်ခဲ့ဖူးသည်ပင်။

ယဲ့ထင်နှင့် အတူရှိခဲ့စဥ် ကာလများသည် အပျော်ရွှင်ရဆုံး လေးနှစ်တာ အချိန်ကလေးများ ဖြစ်ခဲ့သည်။ ယခုကဲ့သို့ နှင်းကျသည့်နေ့ဆိုလျှင် သူသည် မည်သို့သော အကြောင်းအရာကိုမှ စနှိုးစနောင့် ဖြစ်မနေဘဲ ယဲ့ထင်၏ ရင်ခွင်ထဲသို့ ဝက်ဝံလေးသဖွယ် တိုးဝင်သွားလိမ့်မည်။ ယဲ့ထင်က ပြုံးနေရုံသာ တတ်နိုင်ပြီး ခေါင်းယမ်းလိုက်ကာ သူ့အား ဖက်ထားသည်ကို တိတ်တိတ်ကလေး ပိုတင်းကျပ်လိုက်လေမည်။

ကောင်းကင်တစ်ခွင် ပျံ့လွင့်နေသော နှင်းစက်များကြားတွင် သူသည် စိတ်ချလက်ချနှင့် ယဲ့ထင်လက်ဖဝါးမှ အနွေးဓာတ်လေးကို ခံစားကာ ယဲ့ထင်နှင့် အတူတူ အိုမင်းသွားချင်သည့် အိပ်မက်ကလေးများ ခိုးမက်ခဲ့ဖူးသည်။

သို့သော် နှစ်ရှည်လများ ကြာညောင်းသွားသည့် နောက်မှာတော့ ထိုအိပ်မက်မှာလည်း အလုံးစုံ ပြောင်းလဲသွားတော့သည်။

ယခုတော့ သူသည် ဘောင်မဝင်သော အိမ်မွေးတိရစ္ဆာန်လေးနှယ် ဤစံအိမ်ထဲတွင် အကျဥ်းချ ခံလိုက်ရသည်။ သို့သော် ယဲ့ထင် တယုတယ ထိန်းသိမ်းစောင့်ရှောက်ပေးချင်သည့် အိမ်မွေးတိရစ္ဆာန်လေး အနေနဲ့တော့ မဟုတ်ချေ။ ထိုအတိုင်း ယဲ့ထင် မွေးမြူထားသည့် သာမန်ကျကျ ခွေးတစ်ကောင်သာ ဖြစ်ပေတော့သည်။ သူ့တာဝန်က အင်္ကျီချွတ်ပြီး ခြေထောက်များကို ကားပေးထားကာ ဥက္ကဌ ယဲ့ထင်တစ်ယောက်၏ အားလပ်နေသော အချိန်များတွင် ပိုလျှံနေသော စွမ်းအင်များကို အသုံးချ ခံပေးခြင်းဖြစ်သည်။ ယဲ့ထင်မှ သူ့အား ဆော့ကစားရတာ ငြီးငွေ့သွားပြီး အခြားသော ကြည့်ကောင်းသည့် ကောင်လေးတစ်ယောက်လောက် ရှာတွေ့သွားတော့မှသာ ထိုအခြေအနေကလည်း ရပ်တန့်ပေတော့မည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now