{Unicode}
"အရှုံးပေးခြင်း"
"မင်းက ငါ့ကို ဆုံးမရဲတယ်?"
ရှောက်ယယ်၏ မျက်လုံးမှာ ရုန့်ရင်းကြမ်းတမ်းနေပြီး မျက်နှာထားမှာလည်း အတော်လေး ကြည့်ရဆိုးလှသည်။
ရန်ကျားလိသည် နှုတ်ခမ်းတွန့်သွားကာ မာဆတ်ဆတ် ပြုံးလိုက်ပြီး လေသံထဲတွင် ပျော့ပြောင်းမှုတို့ မရှိတော့ကာ
"ဆုံးမတယ်လို့ ပြောလို့မရပါဘူး။ အချစ်ကို လှည့်စားတဲ့သူကို ကြည့်မရလို့ ကဲ့ရဲ့ရှုတ်ချတာပါ။ အမှန်တိုင်း ပြောရရင်၊ ဟိုင်ကောနဲ့ ခုနစ်နှစ် ဖြတ်သန်းခဲ့ပြီး ခင်ဗျားသူ့အတွက် ဘာတွေလုပ်ပေးခဲ့လို့လဲ"
ရှောက်ယယ်၏ မျက်လုံးက အေးစက်လာပြီး
"မင်းပြောစရာ မလိုဘူး"
"သူကတော့ ခင်ဗျားကို ချစ်သူလို၊ ဆွေမျိုးအရင်းအချာလို သဘောထားလို့ ထောက်ထားညှာတာပြီး ဂရုစိုက်ပေးခဲ့ပေမယ့်၊ ခင်ဗျားကရော? သူက ဒီလောက် အလုပ်များနေခဲ့တာတောင် အချိန်ဖဲ့ပြီး ခင်ဗျားအတွက် ညစာပြင်ပေးခဲ့တယ်။ လဲ့လဲ့ကို ဂရုစိုက်ရတဲ့ အချိန်တွေဆိုလည်း ခါးရိုးက နာလွန်းလို့ မတ်မတ်တောင် မရပ်နိုင်ခဲ့ဘူး။ သူ ညတိုင်းည ခင်ဗျားပြန်လာအောင် ညဥ့်နက်တဲ့ထိ စောင့်နေရတုန်းက ခင်ဗျား ဘာလုပ်နေလဲ"
"ခင်ဗျားက အပြင်မှာ အပျော်အပါးလေး လိုက်စားရင်း အရက်လေးသောက်လိုက်နဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းနေတယ်။ ခင်ဗျားက ညစာစားပွဲတွေမှာ အရက်သောက်ပြီး လေးငါးရက်လောက် အိမ်ပြန်မလာဘူး။ ခင်ဗျားက အနုပညာရှင်လေးတွေကို ခေါ်ပြီး အဆင့်မြင့်နေရာတွေကို သွားလိုက်၊ ရုပ်ရှင်ရုံတွေ သွားလိုက်နဲ့ နတ်သားတစ်ပါးလိုမျိုး နေ့ရက်တွေကို သက်တောင့်သက်သာ ဖြတ်သန်းနေတာလေ"
ရှောက်ယယ်သည် ထိုးနှက်ခံရ၍လားမသိ မျက်နှာက ရုတ်ခြည်း မည်းမှောင်လာကာ
"ရန်ကျားလိ၊ မင်းပါးစပ် ပိတ်ထားစမ်း!"
"ပါးစပ် ပိတ်ရမယ်? ဒီအဖေက လော်စပီကာယူပြီး လမ်းထိပ်လမ်းထောင့်တွေမှာတောင် ခင်ဗျားရဲ့ ဂုဏ်သရေရှိလှတဲ့ ကုသိုလ်ကောင်းမှုတွေကို စောက်ရမ်း လိုက်ကြေညာချင်နေတာ"
