အပိုင်း ၃

12 0 0
                                    

နေ့လည်မွန်းတည့်ချိန်၏ အပူရှိန်က အတော်ကို ပြင်းလွန်းလှသည်။ ညဈေးက စတင်ခင်းကျင်းနေတာကြောင့်  အနားကနေ ဖြတ်ဖြတ်သွားသည့် အထုပ်ထမ်းသမားတွေနဲ့ ပျံကျဈေးသည်တွေ၏ ချွေးနံ့နဲ့ နေနံ့က သူ့နှာခေါင်းထဲ စူးစူးရှရှတိုးဝင်လာသည်။ တာလပတ်ထီးအုပ်လေးမိုးထားသည့် မြန်မာမုန့်ဆိုင်လေးရဲ့ မလုံ့တလုံအရိပ်ထဲ ခိုနေရင်း ရေဆာလာတာမို့ မနီးမဝေးက ကွမ်းယာဆိုင်ကိုလျှောက်ခဲ့လိုက်သည်။ သူဖြတ်လျှောက်လာသည့်အချိန် ကတ္တရာလမ်းဘေးက အမှိုက်ပုံထဲ ရေသန့်ဗူးခွံတွေ၊ ကော်ခွက်အစုတ်အပြတ်တွေ ဂုန်နီအိတ်ကြီးထဲ ကောက်ထည့်နေသည့် ဆယ်ကျော်သက်ချာတိတ်ကလေးတွေက မော့ကြည့်လာသည်။ နေအပူရှိန်ကြောင့် ကလေးတွေရဲ့ ညစ်ပေနေသည့် မျက်နှာမည်းမည်းလေးတွေက ချွေးစီးကြောင်းတွေနဲ့ နီပုပ်နေလျက်။ ပြင်းပြင်းထန်ထန် ပူလောင်နေသည့် နေရောင်ခြည်ထင်ဟပ်နေသော မျက်လုံးလေးတွေသည်တော့ နွမ်းနယ်နေဟန်မရှိဘဲ နေရောင်နဲ့အပြိုင် တောက်ဖြာနေ၏။

ကွမ်းယာဆိုင်က ရေသန့်တစ်ဗူးဝယ်ပြီး မော့သောက်နေသည့် သူ့အနား ဂုန်နီအိတ်ကြီး မနိုင့်တနိုင်သယ်ပိုးထားသည့် ချာတိတ်လေးက ယောင်လည်လည်နဲ့ရောက်လာသည်။ ကျောပေါ်က ဂုန်နီအိတ်ကြီးကို လက်သေးသေးတွေနဲ့ မြဲမြံအောင်ဆွဲထားရင်း သူ့ကိုမော့ကြည့်၏။

"ကိုကြီး အဲ့ရေသန့်ဗူးလေး သားကိုပေးပါလား..."

"အေး ယူလေကွာ.."

သောက်လက်စ ရေသန်ဗူးကို ပေးလိုက်တော့ ချေးအထပ်ထပ်ဝင်နေသည့် လက်သည်းရှည်တွေနဲ့ လက်မည်းမည်းလေးက အမြန်ပဲဆွဲယူသွားသည်။ ဗူးတစ်ဝက်လောက်ကျန်နေသည့် ရေတွေကို အငမ်းမရ တစ်ဂွပ်ဂွပ်မော့သောက်ပြီးနောက် သူ့ကို ဟီးခနဲရယ်ပြပြီး ပြေးထွက်သွား၏။

"နီတူး ငါ့မှာရေကျန်သေးတယ်ကွ၊ မင်းသောက်အုံးမလား"

အိတ်အလေးကြီးကိုသယ်ရင်း ခြေထောက်သေးသေးလေးတွေနဲ့ အမြန်ပြေးပြီး ရပ်စောင့်နေသည့် သူ့အဖော်ဆီ ကျန်တဲ့ရေကို သွားပေး၏။ နေလောင်ထားသည့် ဆံပင်နီကြောင်ကြောင်လေးတွေနဲ့ ချာတိတ်က ရေဗူးကို ဘုကြည့်ကြည့်ကာ ဆွဲယူသွား၏။ ထို့နောက် နှစ်ယောက်သားတတွတ်တွတ်နဲ့ ပြောဆိုပြီး ပြေးသွားကြပြန်သည်။

You've reached the end of published parts.

⏰ Last updated: Dec 13, 2021 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော့မျက်ဝန်းထဲက ကြယ်ကလေးက တကယ်တော့ လေလွင့်ရွက်ဝါလေးပါတဲ့Where stories live. Discover now