39

17K 2.5K 120
                                    

{Unicode}

"လက်ဝါးတစ်ချက်"

အေးမြနေသည့် လေလှိုင်းလုံးများ တိုက်ခတ်လာသံက စီစီညံလို့နေကာ  ဆီးနှင်းပွင့်များကလည်း ဝေ့ဝဲလှည့်ပတ်နေလျက်။

ယဲ့ထင်သည် ဆေးရုံ၏ လသာဆောင်တွင် ရပ်နေသည်။ ခေါင်းငုံ့ထားပြီး မျက်လုံးတစ်စုံက နီမြန်းနေကာ လှုပ်ရှားသံတို့ပင် မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

ဖြေးဖွဖွ ကျဆင်းနေသည့် နှင်းမှုန်များက သူ့ကိုယ်ပေါ် ကပ်ငြိနေသည့်တိုင် သူကိုယ်တိုင်ကတော့ လျှို့ဝှက်နက်နဲသည့် အတွေးကမ္ဘာထဲ နစ်မြှုပ်နေသကဲ့သို့ မည်သို့သော တုံ့ပြန်မှုမှ မပြုလာခဲ့ပေ။

လက်ထောက်က စိုးရိမ်ပူပန်စပြုလာ၍ ယဲ့ထင်အား လေးငါးကြိမ်မျှ အခေါ်အမေး ပြုခဲ့သော်လည်း တစ်ဖက်က တုံ့ပြန်လာခြင်း မရှိပေ။

ဆရာဝန်မှ ရန်ကျားလိ လူနာဆောင်မှ ထွက်လာပါပြီ ဟူသောစကားကို လက်ထောက်ဖြစ်သူက တစ်ဆင့်  ပြန်ပြောပေးလိုက်မှသာ ယဲ့ထင်တစ်ယောက် ရုတ်ခြည်း အသိ ပြန်ကပ်သွားပေတော့သည်။

သူသည် ကိုယ်ပေါ်မှ နှင်းမှုန်များကို ခါချလိုက်ကာ ကမန်းကတန်းနှင့် အဆောက်အဦးအတွင်း ပြန်ဝင်သွားသည်။

ဆရာဝန်သည် စစ်ဆေးချက်အချို့ကို ကိုင်ထားပြီး အသေးစိတ်ကျကျ ကြည့်ရှူနေသည်။ ခြေသံကြားသောအခါ ခေါင်းမော့လာပြီး ကြင်နာပျူဌာသော လေသံနှင့်

"လူနာက ရှော့ရသွားတာကနေ သတိပြန်ရလာတော့ ကျွန်တော်တို့ သူ့ရဲ့အခြေအနေကို စစ်ဆေးကြည့်လိုက်ပါတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေက မူမမှန်တာမို့ လောလောဆယ်တော့ စိတ်သက်သာရာရအောင် အိပ်ပြီး အနားယူခိုင်းထားပါတယ်"

ယဲ့ထင်သည် လက်သီးကို ခပ်တင်းတင်း ဆုပ်ထားမိပြီး လက်ဖဝါးမှာလည်း ချွေးစေးများ စိမ့်ထွက်လာသည်။

"ဆက်ပြော"

ဆရာဝန်က မျက်မှန်ကို ပင့်လိုက်ပြီး အကြည့်များက အနည်းငယ် လေးနက်လာကာ

"သူသောက်နေရတဲ့ ဆေးတွေနဲ့ ဆေးစစ်ချက် အဖြေတွေအရ ကြည့်မယ်ဆိုရင် သူက စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာ ရှိနေပေမယ့် စိတ်ကနေ လက္ခဏာ မပြဘဲ ရုပ်ပိုင်းဆိုင်ရာကနေ လက္ခဏာတွေ ပြသလို ဖြစ်နေတာပေါ့။ ပြီးတော့ သူမကြိုက်တာကို အတင်းဖိအားပေးလို့ လုပ်နေရတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် အထင်သေး အားငယ်နေလို့ တခြားလူတွေကြားထဲ ဝင်မဆံ့တာမျိုး၊ နောက် စိတ်အခြေအနေတွေ အတက်အကျ ဖြစ်လွန်းတာနဲ့ စိုးရိမ် ပူပန်တတ်လွန်းတဲ့ ရောဂါလက္ခဏာတွေ၊ အဲ့လို လက္ခဏာတွေကြောင့် စိတ်ကျရောဂါ ဖြစ်နေတယ်လို့ သတ်မှတ်လို့ရပါတယ်။ ရောဂါ အခြေအနေ ပြင်းထန်မှု အဆင့်ကတော့ အလယ်အလတ် အဆင့်မှာပါ"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now