40

16.5K 2.5K 160
                                    

{Unicode}

"ဝမ်ယန်ကို သေအောင်သတ်
ပစ်လိုက်မယ်လေဟုတ်ပြီလား"

ယဲ့ထင် အခန်းထဲမှ ထွက်လာချိန်တွင် လက်တစ်ပြင်လုံးမှာ သွေးစိမ်းရှင်ရှင် ထွက်နေလေပြီ။

အကြောအဆစ်များ ထင်ရှားနေသည့် လက်ဖမိုးပေါ်တွင် အကြည့်ရဆိုးသော သွေးထွက်သံယို ထိရှဒဏ်ရာများ အများအပြား ရှိနေပြီး သွေးစက်များက မြေပြင်ပေါ်သို့ တတောက်တောက်နှင့် စီးကျနေသည်။ သူ၏ မျက်နှာမှာလည်း အပြင်းအထန် အရိုက်ခံထားရသလို နီမြန်းနေတော့သည်။

ယဲ့ထင်ကို လာကြိုသည့် ဒရိုင်ဘာသည်ပင် အံ့အားသင့်သွားပြီး ကမန်းကတန်းနှင့် မေးလာသည်။

"ဥက္ကဌယဲ့၊ ဆရာ ဒါက..."

ယဲ့ထင်သည် သူ့အား တိတ်တဆိတ်နှင့် တစ်ချက်မျှသာ ကြည့်လိုက်ပြီး အနောက်ခန်းတွင် ဝင်ထိုင်လိုက်ကာ အေးစက်စက်နှင့်

"ကားမောင်း"

ဒရိုင်ဘာက ဟုတ်ကဲ့ပါဟု ပြန်ဖြေခဲ့သော်လည်း ကားမောင်းနေချိန်မှာတော့ နောက်ကြည့်မှန်မှတစ်ဆင့် ယဲ့ထင်ကို မကြည့်မိဖို့ရန် ထိန်းမထားနိုင်ပါချေ။

ဆေးရုံသို့ ရောက်သွားခဲ့သည်။

ယဲ့ထင်သည် သူနာပြုအား မိမိ၏ လက်ပေါ်မှ ဒဏ်ရာများကို ဖြေရှင်းခိုင်းလိုက်သည်။

ပတ်တီး စည်းပြီးသောအခါ လက်ထောက်မှ အလျင်စလို ရောက်လာပြီး ရန်ကျားလိ သတိရနေပြီ ဖြစ်ကြောင်း သူ့အား အသိပေးသည်။

ယဲ့ထင်၏ ပခုံးသည် ဆတ်ခနဲ တုန်လှုပ်သွားပြီး အလောတကြီး ထရပ်လိုက်သည်။ စကားတစ်ခွန်းမှ မဆိုဘဲ ရန်ကျားလိ၏ လူနာခန်းထဲသို့ ပြေးဝင်သွားသည်။

လူနာခန်းထဲတွင် တိတ်ဆိတ် ငြိမ်သက်နေပြီး မီးရောင်တို့က မှိန်ဖျော့နေသည်။ ရန်ကျားလိသည် လူနာကုတင်ပေါ်တွင် ထိုင်နေပြီး ပိန်လျလျ ခန္ဓာကိုယ်တွင် အပေါ်ကုတ်တစ်ထည် လွှမ်းခြုံထားသည်။ နှုတ်ခမ်းများကို ခပ်တင်းတင်း စေ့ပိတ်ထားပြီး ​ဗလာဖြစ်နေသော မျက်ဝန်းများနှင့် ပြတင်းပေါက် အပြင်မှ ဒလဟော ကျဆင်းနေသော နှင်းစက်များကို ငေးကြည့်နေသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now