52

13.1K 2.1K 201
                                    

{Unicode}

"အမဲလိုက်"

ရန်ကျားလိမှာ မီးမဖွင့်ထားသည်မို့ အခန်းတစ်ခုလုံး မှောင်မိုက်နေပြီး သူသည်လည်း ထိတွေ့ခံစားမှုအရ တံခါးလက်ကိုင်ကို စမ်းကြည့်နေရသည်။

တံခါးကို တိတ်တိတ်ကလေး ဖွင့်ကြည့်လိုက်ရာ စင်္ကြန်လမ်းတစ်လျှောက် မည်သို့သော အသံမှ မကြားရဘဲ လေးဖက်လေးလံ အရပ်ရပ်မှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ နံရံ၏ အောက်ခြေတွင် ထွင်းထုထားသော အရေးပေါ် ထွက်ပေါက်၏ ဆိုင်းဘုတ်ကသာလျှင် မီးစိမ်းဖျော့ရောင် လင်းလက်နေသည်။

သူသည် တံခါးကို ညင်ညင်သာသာ ဆွဲပိတ်လိုက်ပြီး စင်္ကြန်ဘက်သို့ လျှောက်သွားကာ ခဏ ရပ်လိုက်သည်။ ထို့နောက် ခေါင်းလှည့်ကာ ယဲ့ထင်၏ အခန်းကို တစ်ချက် ကြည့်လိုက်သည်။

ယဲ့ထင်၏ တံခါးမှာ တင်းတင်းကျပ်ကျပ် ဆွဲပိတ်ထားပြီး တံခါးမှတစ်ဆင့် မည်သို့သော အသံမှ မကြားရပေ။

ရန်ကျားလိသည် စိတ်မချနိုင်သေးဘဲ ခြေလှမ်း အနည်းငယ် တိုးကပ်လိုက်ကာ သတိကြီးစွာနှင့် တံခါးပေါက်အကြားမှ ချောင်းမြောင်း ကြည့်ရှူလိုက်သည်။

ထို တံခါး အက်ကွဲကြောင်းကြားတွင် အလင်းရောင် တစိုးတစိမျှပင် ရှိမနေဘဲ မှောင်မိုက်ခြင်းအတိ ဖုံးလွမ်းနေ၏။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ယဲ့ထင်တစ်ယောက် မီးပိတ်ပြီး အိပ်ပျော်သွားဟန်တူ၏။

သူသည် အသံမထွက်သည့် သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်သက်သာရာ ရသွားသည်။

ထို့နောက် ယဲ့ထင်၏ တံခါးဘက် ဦးတည်ပြီး လက်သီးတစ်လုံး ဝှေ့ယမ်းပြလိုက်ကာ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

"စိတ်မနှံ့တဲ့ ခွေးရူးကောင်!"

ရန်ကျားလိသည် ယဲ့ထင်တစ်ယောက် အအိပ်ဆတ်သည်ကို သိရှိသည်မို့ အောက်ထပ်သို့ ဆင်းလာရာတွင် ဝရုန်းသုန်းကား ခုန်ပေါက်ကာ ပြေးမဆင်းရဲပေ။ သူသည် လမ်း​လျှောက်သင်နေသော ကလေးငယ် တစ်ယောက်ကဲ့သို့ လက်က လက်ရန်းကို သေချာကိုင်ထားကာ သတိကြီးစွာနှင့် လှေကားထစ်များပေါ် တစ်လှမ်းချင်း တစ်လှမ်းချင်း လှမ်းနေပြီး ယုတ်စွအဆုံး လေသံတစ်ချက်ပင် မထွက်ရဲခဲ့ချေ။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now