87

9.9K 1.5K 196
                                    

{Unicode}

"Jealousy Everywhere"

ယဲ့ထင်သည် တစ်ညလုံး ကားမောင်းလာခဲ့ပြီးမှ ဆင်ခြေဖုံးအရပ်သို့ နီးကပ်လာသည်။

စံအိမ်သို့ သတင်းထောက်လှမ်းရန် စေလွှတ်ထားခဲ့သော အုပ်စုသည်လည်း ဥက္ကဌယဲ့ ရောက်လာမည်ဆိုသည့် သတင်းအား ကြိုတင်သိရှိထားကြပြီးဖြစ်သည်။

သူတို့သည် အနီးအနားရှိ ဟော်တယ်တစ်ခုတွင် ယဲ့ထင် တည်းခိုဖို့ရန် စီစဥ်ပေးထားပြီး အစောကြီးကတည်းက ထိုဟော်တယ် အဝင်ဝတွင် စောင့်နေခဲ့ကြသည်။

ယဲ့ထင် ကားမောင်းပြီး ရောက်လာချိန်တွင် ကောင်းကင်ကြီးမှာ မိုးစင်စင် လင်းနေပြီဖြစ်သည်။ ကားပေါ်က ဆင်းလာချိန်တွင် သူ့ပုံစံမှာ အနည်းငယ် ပင်ပန်းနွမ်းလျနေပုံ ပေါ်သော်လည်း မျက်လုံးများကတော့ စူးရှ တောက်ပဆဲဖြစ်ပြီး တစ်ချက်ကြည့်ရုံနှင့် လူတို့၏ စိတ်နှလုံးအား တုန်လှုပ်သွားစေနိုင်သည်။ သူ့တစ်ကိုယ်လုံးတွင် အနက်ရင့်ရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင် မည်သို့သော အမူအရာမှ မရှိဘဲ လမ်းသွားလမ်းလာများကြား အထက်အရာရှိကဲ့သို့ ဖိနှိပ်လွှမ်းမိုးသည့် အငွေ့အသက်မျိုး ယူငင်လာသည်။

လက်အောက်ငယ်သားများသည် ယဲ့ထင်ကို အထဲသို့ လျင်လျင်မြန်မြန် ဝင်ရောက်ခိုင်းသည်။

ယဲ့ထင်သည် ပစ္စည်းများကို ချလိုက်ပြီး ရိုးရိုးတန်းတန်း သိမ်းဆည်း နေရာချပြီးနောက် လက်အောက်ငယ်သားများနှင့် သီးသန့်ခန်းထဲတွင် အစားအစာ သုံးဆောင်ကာ အဆွေးအနွေး ပြုခဲ့သည်။

ခေါင်းဆောင်နှင့်တူသော လက်အောက်ငယ်သား တစ်ဦးသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ တွေ့ရှိခဲ့သည့် အရာများကို ယဲ့ထင်ထံတွင် အမှန်အတိုင်း အစီရင်ခံ တင်ပြလာသည်။

"ကျွန်တော်တို့ ကျင်းယွမ်စံအိမ်ကို ရောက်တာနဲ့ အဲ့က အခြေအနေတွေကို သတိထားပြီး စောင့်ကြည့်ခဲ့ပါတယ်။ လူကြီးမင်းရန်က တကယ် ဒီမှာ ပုန်းနေတယ်ဆိုတာ အတည်ပြုပြီးတာနဲ့ ဆရာ့ကို ချက်ချင်း သတင်းပို့လိုက်တာပါ။ ကျွန်တော်တို့ရဲ့ လေ့လာတွေ့ရှိချက် အရဆိုရင် လူကြီးမင်းရန်က တော်ရုံတန်ရုံ စံအိမ်ထဲက အပြင်ကို မထွက်ပါဘူး။ ဒါပေမဲ့ သူ အပြင်ထွက်လာတိုင်းလည်း သူ့ဘေးမှာ စံအိမ်ရဲ့ သူဌေးလျိုက သေချာပေါက် ရှိနေပါတယ်"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now