အခန်း〖၁〗မိစ္ဆာ

1.1K 116 3
                                    

Unicode

ထျန်းရှူးခေတ်၊ မြန်ကျိုး၌ နှင်းဝေသောအခါသမယဝယ်။

ဝူတန်းပင်လယ်သည် မြောက်ခြမ်းခန်းလန်နယ်မြေအထိတိုင်အောင် လီတစ်သိန်းပတ်လည် အေးခဲလျက်ရှိလေ၏။

  ***

အေးလွန်း၍ ရေသေ၌ပင် ပါးလွှာသောရေခဲချပ်က ဖုံးလွှမ်းထားသည်။

ရေကန်အလယ် အပင်သေပေါ်တွင် မတ်တပ်ရပ်နေသော ဝူရှင်းရွှယ်သည် လက်မှသွေးများကို ရေဆေးချနေ၏။

ဖြူဖွေးသွယ်လျသောလက်ချောင်းများသည် လောကဒဏ်အရိပ်အယောင်များကင်းစင်ပြီး ကျောက်စိမ်းနန်းတော်၌ ငှက်ကလေးများနှင့်သာ ဆော့ကစားခဲ့ရသလို သို့မဟုတ် အမတနတ်ဘုရားမြို့တော်တွင် ပန်းကလေးများနှင့်သာ ပျော်မွေ့ခဲ့ရသလို ထင်မှတ်စေ၏။

သို့သော်ငြား မကြာသေးခင်ကပင် ထိုလက်ချောင်းလေးများနှင့် ဦးခေါင်းပေါင်းများစွာကို သုတ်သင်ဖယ်ရှားခဲ့သည်။

စကားဆိုခြင်းမရှိ လက်ကိုသာ အသေအချာဆေးကြောနေသော အပြုအမှုကြောင့် ကမ်းစပ်တွင်ရပ်စောင့်နေကြသူများမှာလည်း ပါးစပ်မဟရဲကြ။ အသက်ရှုတောင်အောင့်ထားမိပြီး အချိန်အတန်ကြာအောင် စောင့်ဆိုင်းနေကြလျက် နောက်ဆုံးမှာတော့ စကားသံထွက်ပေါ်လာသည်။

"အခုဘယ်နှစ်ရောက်ပြီလဲ?"

ကျယ်ပြောသောရေကန်ကို ဖြတ်၍လာသော သူ့အသံက အတန်ငယ်ဝေဝါးနေသည်။

ကမ်းစပ်မှသူများသည် တဒင်္ဂမျှတုံ့ဆိုင်းသွားကြပြီးမှ အလျှင်အမြန်ဖြေကြားလာကြ၏။

"ထျန်းရှူး၂၅နှစ်"

စင်ကြယ်သွားသောလက်ချောင်းများကို နမ်းရှုံ့ကြည့်ပြီး ကမ်းစပ်သို့လှည့်ကြည့်လာသည်။

"ထျန်းရှူးတဲ့လား?"

"ဟုတ်ပါတယ်"

"ထျန်းရှူး... "
  
မရင်းနှီးလှသောအမည်ကို တိုးသဲ့သဲ့ရေရွတ်ကြည့်မိသည်။
  
အဖြေဖြေကြားလာသောသူကပဲ

"ရှန်းမန်ဂိုဏ်းတစ်ရာကျော်လောက်ကပြောင်းလိုက်ကြတယ်"

"ဪ"

ဝူရှင်းရွှယ် လက်ကို အောက်သို့ပြန်ချလိုက်သည်။ ထိုစဥ်မှာ လက်လှုပ်ရှားမှုအတိုင်း ကျောက်တုံးကို သတ္ထုသားရိုက်ခတ်သံက ထွက်ပေါ်လာသည်။

....မသိလျှင် သံကြိုးများလှုပ်ခတ်သွားသည့်အတိုင်း။

ထိုအသံကြားသောအခါ ကမ်းစပ်ဝယ်ရှိနေကြသူများ အကြောများတောင့်တင်းသွားကြပြီး ခေါင်းမွှေးများထောင်ကုန်သည်။ ပြီးလျှင် ရေလယ်၌ ရှိနေသူကို ဂရုတစိုက် ကြည့်လိုက်ကြသည်။

ရေလယ်ခေါင်တွင်ရှိသော အပွင့်အခတ်အချိတ်ပန်းထိုးမပါသည့် စိမ်းရောင်ဖျော့ဖျော့ဝတ်ရုံကို ဝတ်ဆင်ထားသောဝူရှင်းရွှယ်သည် မြူခိုးများကြား ပျောက်လုပျောက်ခင်ဖြစ်နေသည်ကိုသာ တွေ့လေ၏။ လက်ထောင်အောက်တွင်ဖုံးနေသော လက်ကောက်ဝတ်နှင့် ခြေနင်းကင်းသော ခြေကျင်းဝတ်သည် စိမ်းမြမြအရောင်သန်းနေသည်ကလွဲ၍ တပါးမရှိ။

သို့သော်ငြား သံကြိုးအသံကတော့ ရှင်းလင်းလှသည်။

တစ်စုံတစ်ယောက်မှ ခပ်တိုးတိုးနှင့်

"အဲ့ဒီအသံက—"

"ရှူး! ရူးနေလား? ရှေ့တည့်တည့်မှာသွားပြောရဲတယ်တဲ့လား? ငါတို့ကိုသေတွင်းထဲဆွဲမသွင်းနဲ့!"

ဝင်ဟန့်လိုက်သူသည် ရေကန်အလယ်မှပုဂ္ဂိုလ် ကြားသွားမည်စိုး၍ လေသံနှင့်သာ ငေါက်ငမ်းလေ၏။

ကံမကောင်းအကြောင်းမလှစွာဖြင့် ကြားသွားခဲ့ပေသည်။

"ဘာလဲ? ဆက်ပြောကြလေ"

ကမ်းစပ်မှသူများ အသက်ရှူရပ်တန့်သွားကြသည်။ တံတွေးမြိုချကုန်လျက် ခြေဖျားလက်ဖျားများက တုန်ယင်လာသည်။

"မ... မဟုတ်ပါဘူး! ဘာ... ဘာမှမပြောဘူး..တကယ်ဘာမှမပြောပါဘူး"

မြောက်ခြမ်းခန်းလန်နယ်မြေသည် မိစ္ဆာအသိုက်ထက်ပင် ကြောက်မက်ဖွယ်ကောင်းသောနေရာဖြစ်ကြောင်းကို မည်သူမဆိုသိရှိကြ၏။ လောကတစ်ခွင်ရှိ မိစ္ဆာများသည် လူ့ဘုံလောကမှအပြစ်ပေးခြင်း သို့မဟုတ် အဘယ်နတ်ဘုရား၊ ဘုန်းတော်ကြီး၊ ရှန်းမန်သားများကိုမှ မကြောက်လန့်ပေမယ့် ဤနေရာတွင် သေဆုံးသွားရမှာကိုတော့ ကြီးစွာကြောက်ရွံ့ကြလေ၏။

ဤနေရာတွင် အကျဥ်းကျနေသော မိစ္ဆာတို့သည် ကောင်းကင်ဘုံ၏သံကြိုးများနှင့် အထပ်ထပ်အပိတ်ခံရလေ၏။ မမြင်ရသလို မဖြေရှင်းနိုင်သော ကောင်းကင်ဘုံထံမှ ပြစ်ဒဏ်ဖြစ်သည်။ တစ်ရက်တာအား တစ်နှစ်လို့ပင် ထင်မှတ်စေနိုင်သည်။ မိစ္ဆာများသည် စိတ်ဝိညာဥ်တစ်ပိုင်းတစ်စဆီဖြစ်သည်အထိ ကြီးစွာသောဆင်းရဲဒုက္ခကို ခံစားရချေပြီး အသွေးအသားများအား အဖျက်အဆီးခံရလေ၏။

ကောင်းကင်ယံထက်ရှိသော မြောက်ခြမ်းကန်းလန်းနယ်မြေသည် ဝူတန်းပင်လယ်ပေါ်၌ ဖြစ်တည်နေသည်မှာ နှစ်ပေါင်းငါးရာ့တစ်ဆယ့်သုံးနှစ်ရှိလေပြီဖြစ်ကာ အဝင်သာရှိပြီး အထွက်မရှိ။

သို့သော် မိစ္ဆာဝူရှင်းရွှယ်မှလွဲ၍။

ဤနေရာတွင် အပိတ်ခံထားရသည်မှာ နှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်ပြီး အသက်ရှင်နေဆဲ။

မမြင်နိုင်သောသံကြိုးများနှင့် အခတ်ခံထားရသော မိစ္ဆာသည် ညင်သာစွာ စကားဆိုလာ၏။

"ဒါဘာသံလဲ? ပြောလေ? ဘယ်သူဖြေရဲလဲ?"

တိတ်ဆိတ်ခြင်းသာ မြူဆိုင်းသောဝန်းကျင်၌ လွှမ်းခြုံသွားသည်။

ကမ်းစပ်မှသူအများသည် သတိအနေအထားနှင့် ကြည့်နေကြရင်း ဝူရှင်းရွှယ်မှ ခေါင်းကိုစောင်းငဲ့လျက် စကားမဆိုပဲ ပြန်လှည့်ကြည့်လာသည်ကို တွေ့လိုက်ရသည်။ ခေါင်းအစခြေအဆုံး အေးစက်လာတော့သည်။

【သွားပြီ】

【ဖျက်ဆီးရက်စက်တက်သောအရှင် ပြန်ရောက်လာပြီ】

ဤသည်မှာ အားလုံး၏အတွေးဖြစ်သည်။

အမည်ကျော်ကြားသောမိစ္ဆာသည် တကယ်တမ်းမှာ အသွင်က ကြောက်မက်ဖွယ်ကောင်းလှသည်မဟုတ်။ အထက်တန်းလွှာမှ ပေါက်ဖွားလာသောသူတစ်ဦးမျက်နှာမျိုးဖြင့် မွေးဖွားလာခဲ့ပြီး အသံကြည်လင်သာယာ၍ အထူးသဖြင့် မျက်လုံးမျက်ခုံးမှာ အမြင်တင့်တယ်လှသည်။ အစွန်းတွင်ကော့ညွှတ်သော မျက်ဝန်းအိမ်နှင့် မော့ကြည့်လိုက်တိုင်းမှာ ရေကန်ဝယ် လတ်တလောပြုတ်ကျသွားသော မင်ရေစက်နှယ် ရွှန်းစိုတောက်ပနေသည်။

သို့ပေမဲ့လည်း ဘာအရေးလဲ?

သူ့လက်အောက်မှ မိစ္ဆာစစ်သူကြီးများကိုအသာထား  လင်းထိုင်၏မသေမျိုးဆယ့်နှစ်ဖော်ကိုတောင်မချန် စိတ်ရှိတိုင်းသုတ်သင်ခဲ့သောသူဖြစ်တာကြောင့် မည်သူကမကြောက်ပဲနေမှာတဲ့လား?

သူစကားဆိုလျှင် အထိတ်တလန့်ဖြစ်ရသည်။

သူစကားမဆိုပြန်တော့လည်း အထိတ်တလန့်ဖြစ်ရပြန်သည်။

ဤသို့ခေါင်းကိုစောင်းကြည့်လိုက်လျှင်တော့ ပို၍ဆိုးချေပြီ။

အကုန်လုံး ချွေးစေးများထွက်ကုန်ကြသည်။

အချိန်အတန်ကြာတော့မှ စကားမှားဆိုမိသောသူသည် တုန်တုန်ယင်ယင်နှင့်

"မြို့အရှင်..ကျွန်တော်မှားသွားပါတယ်..စကားမှားသွားမိတဲ့ကျွန်တော့်အပြစ်ပါ..သံကြိုးအကြောင်းကိုမပြောလိုက်သင့်... ထွီး! ကျွန်တော်ပြောချင်တာကလေ..မပြောလိုက်သင့်ဘူး! တကယ်..တကယ်ကြီး—"

နှုတ်ခမ်းထောင့်မှသွေးကို ဖိသုတ်ပြီး ကျိန်ဆိုရန်ပြင်လာသည်။

ထိုအခါ ဝူရှင်းရွှယ်ထံမှ

"မင်းဘာပြောတာလဲ? ငါနားမလည်ဘူး"

"…"

"ပြီးတော့ငါ့ကိုဘာလို့မြို့အရှင်လို့ခေါ်တာလဲ?"

"…"

【သွားပြီ】

【‘မြို့အရှင်’လို့ခေါ်ခွင့်မပြုရင် ဘယ်လိုခေါ်ရမလဲ?】
  
ကမ်းစပ်မှသူများသည် မေးခွန်းစုံလင်စွာနှင့် ရူးမတတ်ထိတ်ပြာကုန်ကြ၏။

သို့သော် သူတို့သတိမထားမိသည်မှာ အပင်သေပေါ်တွင်ရှိနေသောသူသည်—။

ဝူရှင်းရွှယ်မျက်နှာက တည်ငြိမ်နေပေမယ့် စိတ်အစဥ်ကတော့ လှိုင်းထန်လို့နေသည်။ လေးလုံးသောအက္ခရာများကသာ အတွေးထဲ၌နေရာယူထားသည်: 【ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!】

【အိပ်ပျော်သွားပြီးတဲ့နောက်မှာ အခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲ ရောက်လာတယ်တဲ့လား?】

ကနဦးလေးတင်မှ ချွဲမြို့တော်၏ အရေးပါအရာရောက်သောပုဂ္ဂိုလ် ဖြစ်နေသေးသည်။ ချွီရွှေပွဲတော်၌ သေရည်သောက်ပြီး အိမ်တော်သို့ပြန်လာခဲ့သည်။ နှင်းများမဆဲသည်က နှစ်ရက်ကျော်ကြာပြီမလို့ လမ်းများမှာ ဖြတ်ရန်ခက်ခဲလို့သွားသည်။ ရှည်မိုးသောအရပ်ကြောင့် ထီးမိုးပေးသောအစေခံလေးမှာ တယိမ်းဒယိုင်နှင့် ဒုက္ခများလို့နေသည်။ ကြည့်မနေနိုင်တော့သည့်အတွက် ထီးကိုယူကာဆောင်းလိုက်ပြီး ကျောက်စိမ်းအပူပေးအိုးငယ်ကို ကမ်းပေးလိုက်သည်။ အစေခံလေးမှာ ပျော်ရွှင်မြူးတူးသွားတော့သည်။

အိမ်တော်ရှိအစေခံများသည် အခန်းထဲ၌ ရေနွေးအိုးများနှင့် အပူလှောင်ပြီးသားဖြစ်သောကြောင့် တံခါးမှဝင်တာနှင့် နွေးလို့သွားကာ အိပ်ချင်စိတ်ပေါ်လာလေသည်။

ရိုးရာဓလေ့ပုံပြင်စာအုပ်ကိုထုတ်ကာ ခုံတန်းပေါ်တွင်မှီတွယ်လျက် ဖတ်ခဲ့သည်ကိုတော့ မှတ်မိနေသည်။

ပြတင်းအပြင်ရှိပန်းခုံ၌ ချိတ်ဆွဲထားသောခေါင်းလောင်းကို ကြက်တူရွေးမှလာနားသောအခါ ခေါင်းလောင်းမြည်သံက ထွက်ပေါ်လာခဲ့သည်။ ထိုအသံကိုနားထောင်ရင်း စာဖတ်လျက် ထိုင်ရက်သားနှင့် အဘယ်ကြောင့်များ အိပ်ပျော်သွားရသည်ကိုတော့ အသေအချာမသိ။

ဆူညံသံများကြောင့် နိုးလာပြီး မျက်လုံးဖွင့်လိုက်သောအခါ သရဲခြောက်သောနေရာ၌ ရောက်ရှိနေခဲ့သည်။

ရေများက ပတ်ပတ်လည်ဝန်းရံနေပြီး ကောင်းကင်ယံထက် မြူခိုးများက အုပ်ကာထားသည်။

ရေကန်အလယ်တွင်ရှိသော အပင်သေ၌ တစ်ဦးတည်းထီးထီး။ ရေကန်အောက်မှာတော့ အရိပ်မည်းများက ပျားပန်းခတ်လှုပ်ရှားနေကြပြီး ဖြူပြာရောယှက်အကိုင်းအခတ်များက နေရာယူထားသည်။။

အစကတော့ ချွဲမြို့တော်တွင် အချိန်တစ်ခုအထိ ကျော်ကြားခဲ့သော သန္တာကျောက်ဖြူများဖြစ်မည်ဟု ထင်ခဲ့ပေမယ့် အနီးကပ်ကြည့်လိုက်တော့မှ လူလက်များဖြစ်နေကြသည်။

လက်များမှာအပြည့်။

သူသည် ဘယ်အချိန်မဆိုကျိုးကျေသွားနိုင်သော အပင်သေပေါ်တွင် ခြေဗလာနှင့် အကာအကွယ်မပါပဲ မတ်တပ်ရပ်နေလေ၏။

...

ထို့ပြင် လေပြင်းများက တသောသောနှင့်။

အပင်သေက လှုပ်လိလှုပ်လဲ့။

သွေးများကစိုရွှဲလို့။

သူဘယ်တောင်တောင် ဆဲဆိုအော်ဟစ်ပစ်လိုက်ချင်သလဲဆိုတာကို ကောင်းကင်ဘုံကသာ သိလိမ့်မည်။

‘လူငယ်များ၏အိမ်မက်’စာပေကို ဖတ်နေရာမှ မျက်လုံးမှိတ်လိုက်သောအခါ ‘တစ္ဆေအပူးခံရခြင်း’အဖြစ်သို့ နိုးထလာခဲ့သည်။

ဪ.. မဟုတ်သေး၊ သူကသာတစ္ဆေခန္ဓာကိုယ်ကိုဝင်ပူးခဲ့တာ။

ကမ်းစပ်ရှိပါးစပ်ဖွာသောသူများကို ကျေးဇူးတင်ရမည်။ စကားမှားမဆိုမိသေးခင် အရေးကြီးသောအချက်များကို သိရှိခဲ့ရသည်။

ဤသရဲခြောက်သောနေရာကို မြောက်ခြမ်းခန်းလန်နယ်မြေဟုခေါ်ပြီး မိစ္ဆာများကို အကျဥ်းချထားသောနေရာဖြစ်သည်။

ပြီးလျှင် သူက ယင်းနေရာမှာ အကျဥ်းကျနေသောမိစ္ဆာ။

ကမ်းစပ်မှာရှိသောသူများသည် ယခင်ကလက်အောက်ခံများဖြစ်ပုံရ၏။ ထိုအစုအဝေးထဲမှတစ်ယောက်သည် တစ်ပိုင်းပြတ်နေသောအလောင်းကို သယ်လာပြီး ရေထဲသို့ မျက်နှာထားတည်တည်နှင့် ပစ်ချလိုက်သေး၏။

သူတော်ကောင်းများဖြစ်ကြမယ်မထင်။

ထိုကဲ့သို့သူများ အဝိုင်းခံထားရသောအချိန်တွင် လက်ရှိခန္ဓာကိုယ်ပိုင်ရှင်မဟုတ်ပါဟူ၍ ပြောလို့ရနိုင်မှာလား?

ဤသို့ပြောလိုက်လျှင် ယခင်ကထိတ်လန့်ခြောက်ခြားနေခဲ့သော လက်အောက်ငယ်သားများသည် ဤနေရာ၌ပဲ သူ့ကိုနှစ်ခြမ်းဆွဲခြမ်းပြီး ရေထဲပစ်ချလိုက်နိုင်၏။

ထို့ကြောင့်ပဲ သူတို့ပြောနေကြသည့် စကားသံများကိုနားထောင်ရင်း လက်မှသွေးများကို အချိန်ယူဆေးနေခဲ့သည်။

တစ်ရက်နီးပါး အချိန်ကာလအတောအတွင်း 'မြို့အရှင်..ကျွန်တော်မှားပါပြီ'၊ 'မြို့အရှင်..ကျွန်တော်မပြောတော့ပါဘူး'နှင့် 'ထွီ'ဆိုသည်သာ သိလိုက်ရသည်။

【သေမလိုပဲ!】

  ***

စိတ်တွင်းဗျာများနေချိန်မှာ ကျယ်လောင်လှသောအသံတစ်သံကို ကြားလိုက်ရသည်။ သံထည်နှယ်ထူထဲလှသော တောင်နံရံက ကာခြားထားသည်ဖြစ်သောကြောင့် အဘယ်အသံဖြစ်ကြောင်းကို ခွဲခြားရန်ခဲယဥ်းသည်။ သို့သော် ကြားဖန်များလာတော့ မရေမတွက်နိုင်အောင်များပြားလှသော လူစုလူဝေးကြီး ဓားများဆွဲကိုင်ကာ ဝန်းရံထားသည်နှင့်တူလာသည်။

ဓားသံများအပြင် လူသံများကိုလည်း ရောယှက်ကြားနေရသည်။ "ဘာကိုစောင့်နေကြတာလဲ?" "အဲ့ဒီမိစ္ဆာ" စသဖြင့်စကားသံများကို ဝိုးတဝါးကြားရသည်။

ထိုစကားသံများမစဲသေးခင် မြေမဟာတုန်ခါတော့မတက် မြည်ဟီးလာသောအသံနက်ကြီးက ထွက်ပေါ်လာသည်။ တောင်နံရံပေါ်က ကျောက်တုံးများလိမ့်ဆင်းလာကြပြီး တည်ငြိမ်နေခဲ့သောရေကန်မျက်နှာပြင်မှာ ငလျင်လှုပ်သည့်နှယ် လှုပ်ယမ်းလာတော့သည်။

ဝူရှင်းရွှယ်ခမျာ အနီးရှိသစ်ကိုင်းကို အားပြုမှီတွယ်လိုက်ရသည်။

"…"

တောင်တစ်ဖက်ခြမ်းမှအသံများကို နားထောင်နေသော ကမ်းစပ်မှသူများသည် မျက်မှောင်ကျုံ့လျက် မျက်နှာများရှုံ့တွလာကြ၏။

"အသံကတော့မကောင်းဘူး"

"ရှန်းမန်ဂိုဏ်းပေါင်းရာကျော်ရောက်လာကြတာနဲ့တူတယ်"

"သူတို့ရောက်လာကြမှာမလွဲပဲ..မြောက်ခြမ်းခန်းလန်နယ်မြေကိုအသက်တမျှလို့သတ်မှတ်ထားကြတာပဲမဟုတ်လား?"

"ဘယ်လိုများပြောလိုက်တာလဲ? လောကတစ်ခွင်ကမိစ္ဆာတွေကိုအရိုးထဲအသားထဲအထိကြောက်စိတ်ဝင်စေတဲ့တစ်ခုတည်းသောနေရာကိုအသက်တမျှတန်ဖိုးထားတယ်ဆိုတာလျှော်ကန်လှတာပေါ့"

"ကဲ..ဒါဆိုဘာလဲ? အချိန်ရှိပါသေးတယ်"

ဘန်း!

တောင်နံရံသည် သံထည်နှယ်မာကျောဆဲဖြစ်ပေမယ့် ပို၍အဆမတန်ယမ်းခါလာ၏။

"မဖြစ်ဘူး..ဒီပုံစံအတိုင်းဆိုရင်မကြာခင်မှာရောက်လာကြလိမ့်မယ်! မြို့အရှင်..အမြန်—"

လှည့်ကြည့်လာသောအမျိုးသားများ၏စကားသံမှာ တစ်ဝက်တစ်ပျက်ရပ်တန့်သွားသည်။

ပြုတ်ထွက်သွားသော သစ်ကိုင်းခြောက်များကို ဆုပ်ကိုင်ထားသောဝူရှင်းရွှယ်ကို မြင်သည်။

လက်အောက်ငယ်သားများ: "?"

"ဘာလဲ? ဆက်ပြောလေ"

ဝူရှင်းရွှယ်ပုံစံက ပျင်းရိလာ၍ သစ်ကိုင်းခြောက်များနှင့် အပျင်းဖြေနေရသည့်ပုံဖြစ်သည်။ ပြီးလျှင် သစ်ကိုင်းခြောက်များကို စိတ်မဝင်စားတော့သည့်ပုံနှင့် ရေထဲပစ်ချလိုက်၏။

ရေပေါ်တွင်ပေါလောပေါ်နေသော သစ်ကိုင်းခြောက်များကို စိုက်ကြည့်ရင်း လက်အောက်ငယ်သားများ၏မျက်နှာက မည်းမှောင်လို့သွားသည်။ တလောကလုံးသိရှိကြသော အကြောင်းအရာမှာ မိစ္ဆာအရှင်လက်ဖဝါးမှ ဖြတ်သွားသောအရာအားလုံးသည် ယုတ်ဆွအဆုံး ရေတစ်စက်တောင်မှ ကြောက်မက်ဖွယ်ကောင်းသည်ဟူ၍။

"အမြန်... "

လက်အောက်ငယ်သားမှာ ခြောက်သွေ့နေသောနှုတ်ခမ်းကိုသပ်လိုက်ပြီး မတတ်သာပဲ သစ်ကိုင်းခြောက်များကိုသာ တကြည့်ကြည့်ဖြစ်နေသည်။

"ဒီကနေထွက်သွားရအောင်"

"အမှန်ပဲမြို့အရှင်..မြောက်ခြမ်းခန်းလန်နယ်မြေမှာလွန်ခဲ့တဲ့နှစ်ရက်ကတည်းကရေမြေလက္ခဏာတွေပြောင်းလဲနေခဲ့တာ..အချိန်ကျပြီဆိုတဲ့ကောလဟာလကလည်းနေရာအနှံ့မှာပဲ..ရှန်းမန်ဂိုဏ်းပေါင်းရာကျော်ကဒီနယ်မြေပြိုကျတော့မှာကိုစိုးရိမ်နေကြတယ်..ဒီကိုရောက်လာကြလိမ့်မယ်"

တစ်ဖက်ကတော့ အသက်နှင့်ရင်းပြီး ကြိုးစားကာကွယ်ကြမည်။

တစ်ဖက်ကတော့ မသေသေးသော အကျဥ်းကျခံမိစ္ဆာများကို ထိတ်လန့်နေကြသည်။

ထိုနှစ်ဖက်တွေ့ဆုံမိလျှင်ဖြင့် ပဋိပက္ခကြီးဖြစ်ပေလိမ့်မည်။ တွေးကြည့်ရုံနှင့်တင် လက်အောက်ငယ်သားများမှာ ခေါင်းခဲကြ၏။

အပြင်းအထန်တိုက်တွန်းတော့မည် ပြင်လိုက်ကြချိန်ဝယ် ဝူရှင်းရွှယ်ထံမှ စကားသံထွက်ပေါ်လာသည်။

"အလျင်လိုနေတဲ့ပုံကြည့်ရတာမတိုက်နိုင်လို့လား?"

လက်အောက်ငယ်သားများ: "…"

ခေါင်းသွားငြိမ့်လို့ကလည်းမဖြစ်။

"မြို့အရှင်..အပြင်မှာရှိတဲ့ကျင့်ကြံသူတွေကစကားထဲထည့်ပြောဖို့တောင်မတန်ပါဘူး"

နှစ်စက္ကန့်မျှတိတ်ဆိတ်သွားကြသော ကမ်းစပ်မှသူများသည် ထိုသူ့ကိုစိုက်ကြည့်လိုက်၏။

"?"

"ဒီမြောက်ခြမ်းခန်းလန်နယ်မြေကြောင့်ပါ"

ဘေးဘီဝဲယာကို တစ်ချက်ကြည့်ပြီး

"အခုရက်ပိုင်းဒီနယ်မြေမှာနိမိတ်ဆိုးတွေမြင်နေရတယ်လို့အပြောများကြပြီးချိဓာတ်စွမ်းအင်စီးဆင်းမှုကလည်းလျော့ပါးသွားပါတယ်..မဟုတ်ဘူးဆိုရင်ဒီအထိရောက်အောင်ကျွန်တော်တို့အစွမ်းနဲ့ဝင်လို့ရမယ်မထင်ဘူး..ပြီးတော့ဒီနေရာကအဲ့..အဲ့ဒီထျန်းစုရှောင်ရှန်းရဲ့အပိုင်လေ"

'ထျန်းစုရှောင်ရှန်း'ဟုဆိုလာသော စကားက ခပ်သွက်သွက်နိုင်လှပြီး မပီသပေမယ့် ဘေးမှလူများက တံတောင်နှင့်တွတ်တာကို ခံလိုက်ရသေးသည်။

"အမတနတ်ဘုရားမြို့တော်နဲ့အတူပျက်ဆီးသွားပြီလေ..ဘာလို့မြို့အရှင်ရှေ့မှာအဲ့အမည်ကိုထုတ်ပြောရတာလဲ?!"

ရေအလယ်နှင့်ကမ်းစပ်အကြား အကွာအဝေးကို အခွင့်ကောင်းယူ၍ ဝူရှင်းရွှယ်ကို ခိုးကြောင်ခိုးဝှက်ကြည့်ပြီး အသံသိပ်မထွက်အောင် ကျိတ်ပြောနေကြသည်။

"…"

ဝူရှင်းရွှယ်အတွေးမှာ 'လုပ်ကြပြန်ပြီ' ။ ဖြူလျှော်သောမျက်နှာပိုင်ရှင်၏စိတ်ထဲ၌ ထုတ်မပြောနိုင်သောအတွေးများက နေရာယူထားသည်။

【အဲ့ဒီထျန်းစုရှောင်ရှန်းနဲ့ငါ့အကြားမှာ—မဟုတ်သေး—ဒီခန္ဓာကိုယ်အကြားမှာဘာလျို့ဝှက်ချက်တွေများရှိနေတာလဲ? ငါ့ကိုဒီလိုကြည့်လာကြတယ်ဆိုတော့..】

ဇာတ်ကြောင်းတစ်ခုလုံးကို နားလည်သွားရန်အလို့ငှာ လက်အောက်ငယ်သားများကို ထိုအကြောင်းအား ဝူရှင်းရွှယ်ဆက်ပြောစေချင်သည်။ သို့ပေမယ့် သူ့အနေအထားအရ လက်လျော့ရမည့်ပုံပေါက်နေသည်။ ဤနေရာတွင် အပိတ်ခံထားရသော မိစ္ဆာအရှင်မဟုတ်သည်မို့ အခြားအမူအရာ သွားပြလို့မဖြစ်။ ထို့ကြောင့် မျက်နှာသေနှင့် တိတ်တဆိတ်သာ မရင်းနှီးလှသောအမည်ကို နားထောင်ရုံသာရှိသည်။

လက်အောက်ငယ်သားများသည် သူရှိရာသို့ ကြည့်လာကြပြီး

"ပြောရရင်အဲ့ဒီတစ်ယောက်မရှိတော့တာကြာခဲ့ပြီဆိုပေမယ့်ဒီငရဲတွင်းထဲမှာထောင်ချောက်တွေရှိနေနိုင်သေးတာမလို့အဖမ်းခံရမယ်ဆိုရင်အခြေအနေမကောင်းလှဘူး"

"ဟုတ်တယ်"

"မြို့အရှင်..အမြန်သွားကြရအောင်!"

အလေးအနက်နှင့် စိုးရိမ်ပူပန်စွာ ပြောလာသောစကားများ၌ စိတ်ရင်းအမှန် ဖျောင်းဖျသောသဘောပါလာသည်။ အဓိပ္ပာယ်ရှိသည်ဟု တွေးမိသောမြို့အရှင်လည်း ခေါင်းငြိမ့်ပြလိုက်သည်။ သို့ပေမယ့် မြို့အရှင်ထံ၌ နောက်ထပ်ပြဿနာတစ်ရပ် ရောက်ရှိလာသည်။

မိစ္ဆာပြယုဂ်လည်း ပျောက်ကွယ်သွားခြင်းမရှိအောင် ဒီသစ်တုံးပေါ်က ဘယ်လိုဆင်းရမည်ဟူ၍။

ဝူရှင်းရွှယ်တစ်ယောက် ခြေဖဝါးအောက်က ရေပြင်ထဲငုံ့ကြည့်ပြီးလျှင် ကမ်းစပ်ကိုလှမ်းကြည့်သည်။ ဒုန်းဆိုင်းနေကြပြီဖြစ်သော လက်အောက်ငယ်သားများသည် သူ့အမိန့်ကို စောင့်စားနေပုံပင်။

တဒင်္ဂမျှတွေးတောနေပြီးနောက် လက်မြှောက်လိုက်သည်။ လက်ညှိုးထိုးလျက် မျက်လုံးထဲတွင် လွယ်ကူမည့်ပုံပေါ်သောတစ်ယောက်ကို ရွေးထုတ်လိုက်သည်။

"ဒီကိုလာခဲ့"

အသံကတည်ကြည်နေဆဲ။

အခေါ်ခံရသောသူသည် တစ်ကိုယ်လုံးတုန်ယင်လာပြီး အကြောင်းရေရေရာရာမရှိပါပဲ မတ်တပ်ရပ်လျက် တုံ့ဆိုင်းနေတော့၏။

"ကျွန်တော်လား?"
  
"ဟုတ်တယ်"

"မြို့အရှင်..ကျွန်တော်ဘာအမှားများဆိုမိတာလဲ? အခုထိဘာမှမပြောရသေးပါဘူး"

ဝူရှင်းရွှယ်: "…"【ငကြောက်တွေ】
  
"ဒီကိုလာ"

လက်ကိုပြန်ရုတ်ပြီး နူးညံ့စွာ နောက်တစ်ခွန်းထပ်ပြောလိုက်သည်။ ထိုအခြင်းအရာကြောင့် မမြင်နိုင်သော သံကြိုးအသံများက ထွက်ပေါ်လာပြန်သည်။

အခေါ်ခံရသောသူသည် မေးခွန်းထပ်မမေးရဲတော့။ ခေါင်းမတ်လျက် ရေကန်ထဲဆင်းပြီး ခြေတစ်လှမ်းကို ကျန့်တစ်ရာချဲ၍ လှမ်းလျှောက်လာသည်။ အချိန်တိုလေးအတွင်းမှာပဲ အပင်သေအရှေ့သို့ ရောက်သွားပြီဖြစ်သည်။

"မြို့အရှင်"

သစ်ပင်ပေါ်တက်မည်ပြင်လိုက်သောအခါ အသံနက်ကြီးက ထွက်ပေါ်လာသည်။

မြောက်ခြမ်းခန်းလန်နယ်မြေကို ကာရံထားသော လီတစ်သိန်းရေခဲပြင်ဆီမှ အအေးဓာတ်ကို သယ်ဆောင်လာသည့် မရေမတွက်နိုင်သောဓားရှည်များက အရပ်ရှစ်မျက်နှာမှ ဝန်းရံလာသည်။ ဝူရှင်းရွှယ်ထံ ဆန့်တန်းပေးထားသောလက်မှာ သွေးချင်းချင်းရဲသွားပြီး တစ်ကိုယ်လုံးကတော့ ကမ်းစပ်ဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။

တမဟုတ်ချင်းဝယ် ရေကန်တစ်ပြင်လုံး ကောင်းကင်ယံထက်ဦးတည်ပြီး လှိုင်းထန်လာသည်။
  
နှင်းခဲနေသောဓား မျက်နှာရှေ့ဦးတည်လာတာကို တွေ့သောအခါ ဝူရှင်းရွှယ်မသိလိုက်ပါပဲ မျက်လုံးအစုံကို မှိတ်ချလိုက်သည်။

တဖန်ပြန်လည်ဖွင့်ကြည့်လိုက်သောအခါ မြောက်ခြမ်းခန်းလန်အကျဥ်းထောင်တစ်ခုလုံးကို ဖုံးကာနိုင်လောက်သည်အထိ ကြီးမားသောရွှေရောင်ကြာပွင့်မှာ ခြေထောက်အောက်မှ ပွင့်ထွက်သွားသည်ကို တွေ့လိုက်ရသည်။

နှင်းမှုန်များက တဖွဲဖွဲနှင့် ရွှေရောင်အဆင်း အားပြိုင်နေသော မျက်စိကျိန်းလောက်ဖွယ်ရာအချိန်အတွင်း ဓါးရှည်ကိုဆွဲကိုင်ထားသောအသွင်ကို မြင်လိုက်ရသည်။

ရှည်မိုးသောအရပ်ပိုင်ရှင် ထိုအမျိုးသား၏ညာနားရွက်၌ အမည်းရောင်သံသုံးချောင်း စိုက်ထားသည်။ အန္တရာယ်အငွေ့အသက်များ ကိန်းအောင်းနေသော အတွင်းအားသည် မိုးမြေအထိတိုင်အောင်တက်လျက်ရှိပြီး စကျင်ကျောက်သားစိုင်နှယ်သူ့အသွင်က ချောမောခန့်ညားလှသည်။  ဝူတန်းပင်လယ်မှ လေအဝှေ့တွင် သံ၏ရနံ့နှင့် ရောယှက်နေသလိုပင်။

နားရွက်အောက်ကနေ လည်ပင်းအောက်ခြေအထိရောက်သော ရွှေရောင်တံဆိပ်တစ်ခုကို မြင်လိုက်ရသည်။

ယင်းစာသားမှာ 'မြန်' ဟူ၍။

ထျန်းစုရှောင်ရှန်း ရှောင်ဖုရွှမ်းကို ကောင်းကင်ဘုံမှ 'မြန်'ဟူသော အမည်နာမကို အပ်နှင်းခဲ့သည်အား မည်သူမဆို သိကြသည်။

မြန်၊ ချမ်းသာခွင့်ပေးသည်၊ အပြစ်များအားလုံး ဖယ်ရှားပေးခဲ့သည်။

🌱🌱🌱

Three hundred years without seeing a godWhere stories live. Discover now