အခန်း〖၂〗ခေါင်းတလား

404 68 9
                                    

Unicode

မြောက်ခြမ်းခန်းလန်နယ်မြေပြင်ပ။

ရုတ်တရက် ပေါက်ကွဲထွက်လာသော ရွှေကြာပွင့်ကြောင့် ရှန်းမန်ဂိုဏ်းပေါင်းရာကျော်မှာ ပြင်ဆင်ချိန်မရလိုက်သည်မို့ တွေဝေမင်သတ်သွားကြသည်။ လီထောင်ပေါင်းများစွာ လှိုင်းထန်လာသော ပင်လယ်ပြင်နှယ် ကြောက်ခမန်းလိလိအတွင်းအားသည် ပေပေါင်းရာကျော်အဝေးမှသူကိုတောင် ဒူးများတုန်ချိစေ၏။ အနီးအနားမှာ ရှိသူများကတော့ လက်ကိုင်ဆွဲရာ ဓားလက်နက်များ ထက်ပိုင်းကျိုးလျက် ပြန့်ကျဲသွားချေသည်။

"အဟွတ်… အဟွတ်… ဂိုဏ်းချုပ်"

ငယ်ရွယ်သောဂိုဏ်းသားသည် နှင်းများအကြားတွင် ရုန်းကန်နေရ၏။ နှလုံးရှိရာကို ဖိအုပ်ကာ ဓားကိုအားပြုလျက် ထရပ်ရန် ကြံရွယ်လိုက်ပေမယ့် သူ့လက်ထက်တွင် ဓားရိုးသာ ကျန်နေခဲ့သည်ကို တွေ့ရှိလိုက်ရသည်။

"ဂိုဏ်းချုပ်… ကျွန်တော့်ဓား…"

ရှန်းမန်ဂိုဏ်းသားအများစုအတွက် ဓားသည် အသက်ထက်ပင် အရေးပါ၏။ အထူးသဖြင့် ဓားသိုင်းကျင့်ကြံရေးဂိုဏ်း ဖောင်ဂိုဏ်းပေ။

အကြင်လူငယ်လေးသည် ဖောင်ဂိုဏ်းသားဖြစ်လေ၏။

"လွှတ်ပစ်လိုက်တော့... ပြန်ရောက်တော့မှ အသစ်လုပ်လိုက်"

ဖောင်ကျွီယန်အကြည့်တွေက  အဝေးတစ်နေရာသို့ ရောက်ရှိလျက်ရှိပြီး မျက်ခုံးရိုးက ကျုံ့ဆင်းနေသည်။

ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ဂိုဏ်းသားများနှယ် ယိုင်လဲသွားခြင်းမရှိ။ ဓားရှည်ကို လက်ကဆွဲကိုင်ပြီး ဂိုဏ်းသားလူငယ်ရှေ့မှာ ရပ်တန့်၍ အတွင်းအားများကို ကာကွယ်ပေးလိုက်သည်။ မယိုင်မလဲ အနေမထားနှင့် ရှိနေဆဲဖြစ်ပေမယ့် လက်ချောင်းများကနေ သွေးများစိမ့်ထွက်လာပြီး ဓားရှည်တွင် ပုံစံဖော်ထားသော အကွက်များ၌ စွန်းထင်သွားသည်။

သွေးများကို တွေ့သောအခါ ဂိုဏ်းသားလူငယ်မှာ အထိတ်တလန့်ဖြစ်သွားသည်။ ဂိုဏ်းကို ဝင်ကာစဖြစ်သည်မို့ အတွေ့အကြုံမှာ နည်းပါးလှသည်။ ဂိုဏ်းချုပ်ထံမှ ဤသို့သွေးယိုစီးခြင်းကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

Three hundred years without seeing a godWhere stories live. Discover now