အခန်း〖၃〗ရုပ်သေးရုပ်

672 79 8
                                    

Unicode

【ရှောင်ဖုရွှမ်းရဲ့အခေါင်း?】

【ရှောင်ဖုရွှမ်း…】

ဝူရှင်းရွှယ် တိုးသသရေရွတ်လိုက်သည်။

နောက်မှလိုက်ပါလာသော လက်အောက်ငယ်သားများသည် ခေါင်းတလားအနား သွားလိုကြပုံမရ။

နင်ဟွိုက်ရှန်းမှာ လည်ပင်းတဆန့်ဆန့်နှင့် အဝေးကပဲ ကြည့်လာပြီး

"ထူးဆန်းလိုက်တာ..ထျန်းစုရှောင်ရှန်းရဲ့ခေါင်းတလားကဒီမှာဘာလိုလုပ်ပြီးရှိနေတာလဲ?"

【လိမ္မာတဲ့ကောင်လေး...ဘာပြောရမလဲသိတယ်】

ရှောင်ဖုရွှမ်းဘယ်သူမှန်းမသိသော ဝူရှင်းရွှယ်မှာ အမှားလုပ်မိသွားလေမလား ထိတ်လန့်နေခဲ့သည်။ စကားဖောင်သော နင်ဟွိုက်ရှန်းကျေးဇူးကြောင့်သာ အန္တရာယ်မှ လွတ်ကင်းသွားသည်။

သို့သော် ထူးဆန်းတာတော့တကယ်ပင်ဖြစ်သည်။

ဤလောက၏ စည်းမျဥ်းများအကြောင်း နားမလည်ပေမဲ့ စာတမ်းများကိုတော့ ဖတ်ခဲ့ဖူးသည်။ စာပေကျန်းဂန်များတွင် အမတမျိုးနွယ်ဝင်များသည် မိစ္ဆာများကို ညစ်ညမ်းယုတ်ရင့်သောသူများအဖြစ် သမုတ်ကြပြီး တစ်ဖက်နှင့်တစ်ဖက် သင့်မြတ်ကြသည်မဟုတ်။ ဘယ်သူကများ မိစ္ဆာများကို အကျဥ်းချထားသည့်ထောင်မှာ ကိုယ့်ခေါင်းတလားကို လာထားထားမှာတဲ့လဲ?

【ဒါမှမဟုတ် အခြားကိစ္စရပ် ရှိနေတာလား?】
  
ဝူရှင်းရွှယ်တွေးတောရင်းနှင့် သံကပ်ရိုက်ထားသော ခေါင်းတလားကို လက်နှင့် သပ်ကြည့်လိုက်သည်။

ငယ်စဥ်ကတည်းက သူ့ထံတွင် အကျင့်ဆိုးတစ်ခုရှိသည်။ ချွဲမြို့တော်၏ အနွယ်ဝင်များသည် ငါးမန်းပြဒါး၊ မြေသားမီးအိမ် စသဖြင့် ရှားပါးပစ္စည်းများကို နှစ်သက်ကြသည်။ ပန်းဆန်သော အမည်နာမများက တစ်ခုနှင့်တစ်ခု ယှဥ်ပြိုင်ထွန်းပေါက်နေတော့သည်။

သူကတော့မဟုတ်။

ဝူရှင်းရွှယ်သည် လွန်စွာမှ ရှေးရိုးစွဲသူဖြစ်၏။ ကျောက်သားဖြူတစ်မျိုးတည်းကိုသာ နှစ်သက်သောသူဖြစ်ရာ မြင်သည်နှင့် မတတ်သာပဲ အရည်အသွေးစမ်းရန် ထိတွေ့ကိုင်တွယ်မိချင်သည်။

"ဒါတကယ့်ခေါင်းတလားဖြစ်မယ်မထင်ဘူး…အဝတ်တွေနဲ့အကျွင်းအကျန်တွေပဲဖြစ်ရမယ်"

"အဝတ်တွေမြုပ်ထားတဲ့အခေါင်းဆိုတာမထူးဆန်းလွန်းဘူးလား? အလောင်းတကယ်ရှိနေတာနဲ့ဘာများကွာသွားလို့လဲ?"

"အမှန်ပဲ! တောင်ပေါ်ကကျောင်းဆောင်ယိုင်နဲ့နဲ့တွေမှာရှိတဲ့ပုံဆိုးပန်းဆိုးရုပ်ထုတွေမှာတောင်အမတစွမ်းအင်ရှိတယ်…သူတိူ့တကယ်ဝတ်ဆင်သွားတဲ့အဝတ်တွေဆိုရင်တော့ပြောမနေနဲ့…တကယ့်အလောင်းနဲ့ဘာများကွာခြားသွားလဲ? မြို့အရှင်—"

နင်ဟွိုက်ရှန်းသည် ခေါင်းလှည့်ကြည့်သောအခါ သူ၏မြို့အရှင် ခေါင်းတလားကို ကိုင်ကြည့်နေသည်အား တွေ့ရှိသွားလေ၏။

နင်ဟွိုက်ရှန်း: "…"

နင်ဟွိုက်ရှန်း: "???'

【အတော်လေးပုံမှန်မဟုတ်တာပဲ】

တမူထူးလှသောမြင်ကွင်းကြောင့် လက်အောက်ငယ်သားများ မင်သတ်ကြောင်အသွားတော့သည်။

ဒီမိစ္ဆာကို တကယ်ပင် မခန့်မှန်းနိုင်။ အမြဲတမ်း မထင်မှတ်ထားတာတွေကိုသာ လုပ်တတ်သည်။ ရယ်နေသည်မှာ ပျော်ရွှင်ဝမ်းမြောက်၍မဟုတ်၊ စကားချိုသာစွာပြောလာလျှင်လည်း ချီးမွမ်းစကားပြောရန် မရည်ရွယ်။

သဘောကျအမှုတော်ထမ်းရန် ခဲယဥ်းလှသလို သူဘာကိုလိုချင်မှန်း မခန့်မှန်းတတ်တော့ချေ။

...

သို့ပေမယ့်လည်း ခေါင်းတလားမှာ ရှောင်ဖုရွှမ်း၏ခေါင်းတလား။ မြောက်ခြမ်းခန်းလန်နယ်မြေမှာ သူ့ကိုချုပ်နှောင်ခဲ့သော ရှောင်ဖုရွှမ်း။ ဘာလို့များ…သွားထိရတာလဲ?

နင်ဟွိုက်ရှန်းနှုတ်ခမ်းသပ်လိုက်ပြီး

"မြို့အရှင်..ဘာလုပ်နေတာလဲ?"

အကုန်လုံးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဝူရှင်းရွှယ်ထံ ပြန်ကြည့်သည်။ နင်ဟွိုက်ရှန်းအနီးရှိ လက်အောက်ငယ်သားဦးခေါင်းမှာ ရုတ်တရက် လိမ်လို့သွားသည်။ ပြီးလျှင် လက်ညှိုးကို ဆန့်ထုတ်ပြီး နင်ဟွိုက်ရှန်း၏လက်ဖဝါးထက်:

"မင်းထင်တာက..."

ရေးလို့ပင်မဆုံးသေး အသံခပ်ကျယ်ကျယ်က ထွက်ပေါ်လာသည်။

ဝူရှင်းရွှယ်လက်တင်ထားခဲ့သောနေရာရှိ အမည်းရောင်သံချောင်းမှာ တစ်လက်မခန့် ထိုး၍ထွက်လာသည်။ ကျောက်သားစိုင်က သံချောင်း၌ ကပ်တွယ်လျက်ရှိနေဆဲဖြစ်ပြီး အားပြင်းပြင်းဖြင့် အဆွဲခံလိုက်ရသည့်နှယ် အပြင်ကို ကြွတက်လာသည်။

"…"

စာရေးလက်စသူမှာ လက်ချောင်းများကို ပြန်ရုတ်သွားသည်။

ထိုအချိန်မှာ နောက်တစ်သံ ထွက်ပေါ်လာ၏။
  
နောက်ထပ် သံတစ်ချောင်း ထပ်မံကြွတက်သွားသည်။

ပြီးလျှင် တတိယသံချောင်း

ထို့နောက် စတုတ္ထ

...

သံချောင်းတစ်ချောင်း ကျွတ်ထွက်သွားတိုင်း ခေါင်းတလားမှာ အဆမတန် တုန်ခါလာတော့သည်။ ခေါင်းတလားတင်မက ဓားသင်္ချိုင်း၊ သစ်ပင်အိုနှင့် ပတ်ဝန်းကျင်တစ်ခုလုံးပါ လှုပ်ခါလာသည်။

နင်ဟွိုက်ရှန်းတို့မှာ အင်အားကြီးမားသောရန်သူနှင့် ရင်ဆိုင်တွေ့နေရသည့်နှယ် နောက်ပြန်ဆုတ်သွားကြပြီး အော်ဟစ်တော့သည်။

"မြို့အရှင်က...အခေါင်းကိုဖွင့်ချင်တာလား?!"

【မဟုတ်ဘူး】

ဝူရှင်းရွှယ်အတွေးထဲ၌ မှော်အတက်သာသုံးနိုင်လျှင် မင်းတို့ထက်တောင် မြန်အောင်ထွက်ပြေးမည်ဟု တွေးနေမိသည်။

ဆိုးလှတာက သူ မသုံးတတ်။ မပြေးနိုင်သလို ခြေထောက်မှာ မြေကြီးနှင့် ကပ်လို့နေသည်။ ခေါင်းတလားထံတွင် မည်ကဲ့သို့ စွမ်းအင်များ ရှိနေသလဲတော့မသိ။ တုန်ခါနေဆဲကာလအတွင်း မမြင်နိုင်သော လက်ပေါင်းများစွာက သူ့ကို ချုပ်နှောင်ထားသလိုနှယ်။ ထို့ကြောင့် သူ့လူများ နောက်ဆုတ်သွားသောလည်း ဝူရှင်းရွှယ်မှာ အခေါင်းသံများ ပြုတ်ထွက်လာသည်ကိုသာ ကူရာကယ်ရာမဲ့စွာနှင့် မလှုပ်မယှက် တောင့်တင်းလျက် ကြည့်နေရသည်။ နောက်ဆုံးသောသံ ကျွတ်ထွက်သွားပြီးတဲ့နောက်မှာ ခေါင်းတလားအဖုံးသည် တကျိကျိမြည်သံပေးလျက် ပွင့်လာပြီး မြေပြင်ထက် လန်ကျသွား၏။

ဝူရှင်းရွှယ် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ပုပ်အဲ့အဲ့အနံ့ ရမည့်အစား နှင်းလေအေးတငွေ့နှင့် ဖုန်နံ့များကိုသာ ရှုရှိုက်မိသည်။

ချွဲမြို့တော်၏ ဆောင်းလယ်ပိုင်းအခါသမယနှင့်တောင် တူသလိုပင်။

"ပွင့်သွားပြီ..."

နင်ဟွိုက်ရှန်းတို့ဆီမှ တွတ်တီးပြောသံများ ထွက်ပေါ်လာသည်။

"မြို့အရှင်...အထဲမှာဘာရှိလဲ?"

ဝူရှင်းရွှယ် နောက်ဆုံးမှာတော့ မျက်လုံးပြန်ဖွင့်လိုက်သည်။

အဖြူရောင်ကျောက်သားခေါင်းတလားသည် ပုံမှန်ခေါင်းတလားများထက် ပိုရှည်၏။ ဝူရှင်းရွှယ်ရပ်နေသောနေရာကနေ အထဲကို မမြင်ရ။

ခြေထောက်ကို ဆုပ်ကိုင်ထားသော အရာများကလည်း ယခုအခါမှာ ပျောက်ကွယ်သွားပြီနှင့်တူသည်။ တွန့်ဆုတ်လျက် ခြေလှမ်းတစ်လှမ်း တိုးကြည့်လိုက်သည်။

"ဒါက..."

ရှောင်ဖုရွှမ်း

ဝူရှင်းရွှယ်နှုတ်ခမ်းပါးများ လှုပ်ရှားသွားပြီး မသိလိုက်ပါပဲ တင်းတင်းပြန်စေ့မိသည်။

သူ မထင်မှတ်ထားခဲ့။

ကျောက်သားဖြူခေါင်းတလားထဲ လဲလျောင်းနေသူသည် တကယ်ပင် ထျန်းစုရှောင်ရှန်းဖြစ်ချေ၏။ ရွှေကြာပွင့်ထဲမှ ထွက်လာခဲ့သောပုံရိပ်နှင့် ဆင်တူသော်လည်း တထေရာတည်းမဟုတ်။

ခေါင်းတလား၏ အတွင်း၌ လေအေးများက အပြည့်နေရာယူထားပြီး ရှောင်ဖုရွှမ်းမှာ ထိုအကြား၌ လဲလျောင်းလျက်ရှိသည်။ ပိတ်ထားသော မျက်ခုံးရိုးနှင့် နားရွက်တွင် စိုက်ထားသော အမည်းရောင်သံချောင်းများ၌ ရေခဲချပ်များကပ်နေသည်။ ကျောက်စိမ်းပီထက်တောင် အေးခဲနေသောပုံတွင် အသက်ငွေ့ငွေ့တောင် ရှိမည်မထင်။

ဝူရှင်းရွှယ်သည် ခေါင်းတလားအနားကပ်၍ အချိန်တစ်ခုအထိ စိုက်ကြည့်နေမိ၏။

"မြို့အရှင်…အဲ့ဒါအဝတ်အခေါင်းလား? ဒါမှမဟုတ် အထဲမှာဘာပစ္စည်းတွေရှိနေတာလဲ?"

နင်ဟွိုက်ရှန်းအသံက တဖြည်းဖြည်းနှင့် အနားရောက်လာသည်။ အဖြေမလာတာကြောင့် လက်အောက်ငယ်သားအများစုမှာ မစောင့်နိုင်တော့ပဲ တုံ့ဆိုင်းဆိုင်းနှင့် အနားတိုးလာကြသည်။

အနားရောက်သည်နှင့် ရှောင်ဖုရွှမ်းမျက်နှာကို တွေ့သွားကြသည်။

...

နင်ဟွိုက်ရှန်းမှာ စမှတ်ကို အမြန်ပြန်ပြေးတော့သည်။ အကုန်လုံးလည်း ပြန်ပြေးရန် တာဆူလာကြပေမယ့် တစ်ယောက်က

"မဟုတ်ဘူး..ခဏနေဦး!"

နင်ဟွိုက်ရှန်း: "နေဦးတဲ့လား? ငါရူးနေတယ်ထင်လား?"

"မြို့အရှင်ဒီမှာရှိနေတယ်လေ…ဘာကိုကြောက်နေကြတာလဲ! သေချာကြည့်စမ်း! အခေါင်းထဲမှာရှိတဲ့သူကရှောင်ရှန်းမဟုတ်ဘူး"

【ဟမ်?ရှောင်ရှန်းမဟုတ်ဘူး?】

ဝူရှင်းရွှယ် မျက်ခုံးများပင့်တတ်သွားသည်။ ပြီးမှ အလွန်တရာမှ အံ့သြသွားပုံပေါက်သွားမည်စိုး၍ မျက်နှာထားပြန်တည်လိုက်သည်။

သူကံကောင်းသည်က နင်ဟွိုက်ရှန်းမှပဲ

"ရှောင်ရှန်းမဟုတ်ဘူးလား?"

"အေး...မင်းမသိဘူးလား? အဲ့ဒီရှောင်ရှန်းတွေကဘာလုပ်တတ်ကြလဲဆိုတာ...သူတို့ခန္ဓာကိုယ်နဲ့ဝိညာဥ်ကိုခွဲထုတ်ပြီးဟိုနေရာတစ်ပုံဒီနေရာတစ်မျိုးလျှောက်ထားတတ်ကြတာ"

【အံမယ်...ဒီလိုစာအုပ်မျိုးဆိုငါသိပ်သဘောကျတာ...နတ်ဘုရားများ လူ့လောကကို ခရီးနယ်ဆန့်ကြပုံများ...】

ဤသည်မှာ ဝူရှင်းရွှယ်၏အတွေးဖြစ်သည်။

"ဘယ်လိုလုပ်သိတာလဲ?"

နင်ဟွိုက်ရှန်းသည် ယုံရခက်ခက်နှင့် အနားကို ပြန်လျှောက်လာ၏။

"အသက်အရွယ်အရဒီလိုမျိုးတွေကြုံဖူးတယ်...သူ့ဘယ်ဘက်လက်ထောက်ဝတ်ကိုကြည့်လိုက်"

ဝူရှင်းရွှယ်လည်း ကဲကြည့်လိုက်သည်။

ခေါင်းတလားအတွင်း လဲလျောင်းနေသူ၏ ဘယ်ဘက်လက်ကောက်ဝတ်၌ ကြာပွင့်မှထွက်လာသူတွင်ရှိသော တံဆိပ်နှယ်စာသားကို အမည်းရောင်ဖြင့် ကပ်နှိပ်ထားသည်ကို တွေ့သည်။

【ရှောင်ရှန်းမဟုတ်ဘူးဆိုတာအမှန်ပဲလား? ခန္ဓာကိုယ်အလွတ်ပဲကျန်ခဲ့တာလား? 】

လက်အောက်ငယ်သားများမှာ စိုးစိစိုးစိ စကားပြောနေကြဆဲဖြစ်ပေမဲ့ ဝူရှင်းရွှယ်နားထောင်ရန် အာရုံမရနိုင်သေး။

သူ့ခေါင်းထဲတွင် နေရာယူထားသော မေးခွန်းတစ်ခုက ရှိလို့နေသည်။

【ခေါင်းတလားထဲကသူကရှောင်ရှန်းမဟုတ်ဘူးဆိုရင်… ရုတ်တရက်အလောင်း အသက်ဝင်လာတာမဟုတ်ဘူးဆိုရင် ဘယ်သူက အခေါင်းကို ဖွင့်လိုက်တာလဲ?】

ထိုအတွေးနှင့်အတူ သူ့လက်သူ ငုံကြည့်မိသွားသည်။ မူလပိုင်ရှင်မိစ္ဆာသည် လွင့်စင်ပပျောက်မသွားသေးတာ ဖြစ်နိုင်သည်။ သို့မဟုတ် မူလခန္ဓာကိုယ်ပိုင်ရှင်ထံတွင် စွမ်းအားအကြွင်းအကျန်အချို့ ကျန်နေသေးတာလည်း ဖြစ်နိုင်လောက်မည်ဟု သံသယဝင်မိသည်။

သို့သော်လည်း မဟုတ်သေး။

ခေါင်းတလားကို ထိလိုက်စဥ်က အကျိုးမဲ့အားထုတ်သုံးလိုက်တာမျိုး မဟုတ်။ ထိရုံမျှသာ ထိလိုက်ခြင်းဖြစ်သည်။

ထို့အပြင်…

မူလခန္ဓာကိုယ်ပိုင်ရှင်ဝိညာဥ်သာ ဒီမှာရှိနေသေးမည်ဆိုလျှင် ထိုသူ့စွမ်းအင်နှင့် အလွယ်လေး ဤခန္ဓာကိုယ်ကို ပြန်ယူလိုက်လို့ရသည်။ ဘာကြောင့်များ အခုအချိန်အထိ သူ့ကို ဒီခန္ဓာကိုယ်ထဲ ဆက်ရှိနေခိုင်းမှာတဲ့လဲ?

ဝူရှင်းရွှယ် တောင်ရောက်မြောက်ရောက် တွေးတောနေရင်း ရှောင်ဖုရွှမ်းလက်ဖဝါးအောက်မှ မသိမသာ မြင်နေရသော ပစ္စည်းတစ်ခုကို မျက်လုံးထောင့်ကနေ တွေ့သွားသည်။

【ကျောက်သားရုပ်ထုလား?】

ဝူရှင်းရွှယ်မှာ တုံ့ဆိုင်းနေရင်း စိတ်ထဲ၌ ရေရွတ်မိသည်။
  
【ခန္ဓာကိုယ်အလွတ်သက်သက်ဖြစ်ပေမဲ့လည်းဂါဝရပြုပါတယ်...စော်ကားမိပြီ】

အေးစက်နေသော လက်ချောင်းများကို ဘေးသို့တွန်းဖယ်ပြီး လက်ဖဝါးအောက်မှ ပစ္စည်းကို ထုတ်ယူလိုက်သည်။

အဖြူရောင်ကျောက်သားနှင့် ထွင်းထုထားသော ရုပ်ထုတစ်ရုပ်ဖြစ်ပြီး လူပုံသဏ္ဍာန်ဖြစ်သော်လည်း မျက်နှာမပါ။ ထို့ကြောင့် ဘယ်သူဘယ်ဝါမှန်း ခွဲခြားရန် ခဲယဥ်းလှသည်။ လက်ထဲတွင် ဓားရှည်ကို ကိုင်ဆောင်ထားပြီး ခြေထောက်အောက်၌ လေးထောင်ကျောင်းဆောင်တစ်ဆောင်ပါသည်။

ချွဲမြို့တော်၌ ဤကဲ့သို့ကျောက်သားရုပ်ထုနှင့် တပါတည်းပါသော လေးထောင့်ကျောင်းဆောင်များသည် လူအများ ကိုးကွယ်ဆည်းကပ်ကြသော နတ်မင်းများသာဖြစ်လေ၏။

ဒီနေရာမှာတော့ တူမတူ မသေချာ။

ဓားကိုင်ထားသော နတ်မင်းတစ်ပါးဆိုလျှင်ဖြင့် ထျန်းစုရှောင်ရှန်းကိုယ်တိုင်သာ ဖြစ်လောက်မည်။

ဝူရှင်းရွှယ်တွေးဆရင်းနှင့် လေးထောင့်ကျောင်းဆောင်တွင် ထွင်းထုထားသော ပန်းခက်များကို လက်မနှင့် မသိလိုက်ပါပဲ ဖိပွတ်မိသွားသည်။ ထိမိသွားသည်ကို သတိမထားမိလိုက်ပေမယ့် အသံတစ်သံကို ရုတ်တရက်ကြားလိုက်သောအခါ နှလုံးခုန်ရပ်မတတ် ထိတ်လန့်သွားတော့သည်။

"မန်းတုမြို့တော်အနောက်အရပ်မှာရှိတဲ့ချွမ်းဖန်မြို့ကိုရောက်ဖူးလား? အဲ့ဒီမှာဆန်းပြားတဲ့သမားတော်ယိဝူရှန်းရှိတယ်"

ဝူရှင်းရွှယ်: "…"

ဝူရှင်းရွှယ် ရုပ်ထုကို လွတ်ပစ်မိတော့မလို ဖြစ်သွားသည်။

သို့သော်လည်း ကံကောင်းလှစွာဖြင့် ချွဲမြို့တော်တွင်ရှိစဥ်က ဤကဲ့သို့ အဖြစ်အပျက်များနှင့် မရေမတွက်နိုင်စွာ ရင်ဆိုင်ကြုံတွေ့ဖူးတာကြောင့် မျက်နှာထားကို အမြန်ထိန်းသိမ်းထားလိုက်နိုင်သည်။

【ဘယ်သူပြောလိုက်တာလဲ? ဘာလို့ဒီအသံကိုကြားနေရတာလဲ?】

ဝူရှင်းရွှယ် အောက်ကိုငုံ့ကြည့်ရင်း သူ့နှလုံးအိမ်ကတော့ လှိုင်းထန်လို့နေသည်။

【ဒီရုပ်ထုကို ကိုင်ထားလို့လား?】

ဝူရှင်းရွှယ် တဒင်္ဂမျှ ငြိမ်သက်နေပြီးနောက် ထွင်းထုထားသော ပန်းခက်များကို လက်မနှင့် ထပ်ထိကြည့်လိုက်သည်။

ဤတစ်ခါတော့ အပြောင်းအလဲမရှိ။

【ဘာဖြစ်ပြန်တာလဲ? အပူးခံရပြီးတဲ့နောက်ထင်ယောင်ထင်မှားတွေဖြစ်နေတာလား?】

ဝူရှင်းရွှယ် ရုပ်ထုကိုကြည့်ရင်းနှင့် စိတ်ထဲ၌ ရေရွတ်လိုက်သည်။

"ပြန်သွားချင်လား? သူ့ကိုသွားရှာ"

ထိုအချိန်၌ သတိပေးခြင်းအလျင်းမရှိ အသံတစ်သံက ထပ်မံထွက်ပေါ်လာသည်။

ဝူရှင်းရွှယ် လက်ချောင်းများက တင်းကျပ်သွားသည်။

စာသားက အဓိပ္ပာယ်မရှိပေမယ့် 'ပြန်သွားချင်လား'ဆိုသည့်စကားက သူ့ရင်ထဲ စွဲထင်လို့သွားသည်။

【ပြန်သွားချင်လား?】
  
ချွဲမြို့တော်ကို သူ အလွန်တရာမှ ပြန်သွားချင်သည်။ ထိုတွင် မိစ္ဆာများမရှိသလို ခန်းလန်မြောက်ခြမ်းနယ်မြေလို နေရာမျိုးလည်းမရှိ၊ တချွင်ချွင်မြည်နေသော သံကြိုးများလည်း မရှိပေ။ အမတနတ်ဘုရားမြို့တော်နှင့် မိစ္ဆာအသိုက်ကဲ့သို့ ပိုင်းခြားထားသော နေရာများလည်းမရှိ။ လူ့ဘုံလောက၌ တဆူတညံနိုင်လှသာ မြင်းရထားများနှင့် လွယ်လင့်တကူ လွတ်လပ်စွာ သွားလာနိုင်သည်။

【ချွမ်းဖန်မြို့】

【ယိဝူရှန်း…】

ထိုအမည်နှစ်ခုကို မသိစိတ်မှ ရေရွတ်မိပြီးနောက် ကိုယ့်အဖြစ်ကို ရယ်မောလိုက်မိသည်။

【မင်းတကယ်ရူးနေပြီပဲ】

ဝူရှင်းရွှယ် ကိုယ့်ကိုယ်ကို ပြောမိသည်။
  
【အသံပိုင်ရှင် ဘယ်သူဆိုတာ မသိသလို ဘယ်ကို ပြောနေမှန်းလည်းမသိဘူး… ရုပ်ထုမှာ ကျန်နေခဲ့တဲ့ စွမ်းအားကြောင့် ကြားနေရတာ ဖြစ်နိုင်တာကို ငါကလည်း အတည်ယူနေပြန်ပြီ】 

ခေါင်းယမ်းလျက် ရုပ်ထုကို ပြန်ထားမည်ပြင်ချိန်တွင် နောက်တစ်သံ ထွက်ပေါ်လာပြန်သည်။

"ဒီလိုခန္ဓာကိုယ်မျိုးကအသုံးအဝင်ဆုံးပဲ...လက်ကောက်ဝတ်ကိုကိုင်ပြီးအတွင်းအားထည့်ပေးလိုက်ရင်ရုပ်သေးရုပ်ဖြစ်လာလိမ့်မယ်…စွမ်းအားကြီးတဲ့သူဖြစ်လေလေအကျိုးအမြတ်များလေလေပဲ…မင်းစကားကိုလည်းတသွေမသိမ်းနားထောင်လိမ့်မယ်…ငါပြောတာကြားတယ်မလား?'

"…"

ဝူရှင်းရွှယ် ဤတစ်ခါတော့ ရုပ်ထုကို ခေါင်းတလားထဲ ပစ်ထည့်လိုက်သည်။

ထျန်းစုရှောင်ရှန်းလိုသူအတွက်တော့ အရိုအသေမဲ့ခြင်းပင်။ ရုပ်ထုသည် ခေါင်းတလားအောက်နှင့် ထိသွားသောအခါ အသံကျယ်ကျယ်ထွက်ပေါ်လာ၍ နင်ဟွိုက်ရှန်းတို့ တုန်တက်သွားကြသည်။

"မြို့အရှင်…ဒီရုပ်ထုကြည့်ရတာ… မြို့အရှင်တော့မဖြစ်နိုင်ဘူးမလား?"

သူတို့မြို့အရှင် ခေါင်းတလားအနား တိုးကပ်သွားပြီး အရိုအသေပြုကာ အလောင်းရှိရာသို့ လက်ဆန့်တန်းလိုက်တာကြောင့် နင်ဟွိုက်ရှန်းစကားများက ရပ်တန့်သွားတော့သည်။

ဝူရှင်းရွှယ်သည် ရှောင်ဖုရွှမ်း၏လက်ကို ဆုပ်ကိုင်ထားပြီး လက်မနှင့် အမည်းရောင်တံဆိပ်ကို ပွတ်သတ်လိုက်သည်ကို တွေ့လေ၏။

【မဟုတ်ဘူးလား...ဒါရုပ်သေးရုပ်ဖြစ်စေတဲ့နည်းလမ်းမဟုတ်ဘူးလား!】
 
လက်အောက်ငယ်သားများမှာ တထိတ်တလန့်နှင့်

"မြို့အရှင်! အမတမျိုးနွယ်ရဲ့ခန္ဓာကိုယ်ကိုကိုယ်ပိုင်ရုပ်သေးရုပ်အဖြစ်ပြောင်းပစ်မလို့လား!"

ဝူရှင်းရွှယ်အတွေး၌

【ဘယ်ဟုတ်မလဲ… ဘယ်လိုလုပ် လုပ်ရဲမှာလဲ? ပြီးတော့… ငါ့မှာအစွမ်းလဲမရှိပဲနဲ့】

တကယ်တမ်းပြောရလျှင် ဘာအတွက်ကြောင့် သွားထိမိမှန်း သူမပြောတတ်။ ခေါင်းထဲမှာကြားနေရတဲ့အသံက တကယ်ဟုတ်မဟုတ် အတည်ပြုချင်လို့လား? သို့ပေမယ့်လည်း ထိုအသံပြောကြားချက်အတိုင်း တတ်နိုင်သည်လည်းမဟုတ်။ သူ့ထံတွင် ထည့်ပေးစရာ အတွင်းအားမရှိတာကြောင့် ဒီအတိုင်းသာ ဖိလိုက်ခြင်းဖြစ်သည်။ ရလဒ်မှန်မမှန် ဘယ်လိုများ အတည်ပြုနိုင်မှာတဲ့လဲ?

ထိုအတွေး မပျောက်ကွယ်သွားခင် လက်မအောက်မှ တစ်စုံတစ်ရာ တစ်ချက်ခုန်သွားသည်အား ရုတ်တရက်ခံစားလိုက်ရသည်။ သက်ရှိလူတစ်ဦး၏ သွေးကြောများ လှုပ်ရှားနေသည့်နှယ်။

ဝူရှင်းရွှယ်: "?"

【…….………နေပါဦး】

ရုတ်ချင်းလန့်ဖြန့်သွားပြီး အောက်ငုံ့ကြည့်သောအခါ ဘယ်အချိန်တည်းကမှန်းမသိ သေဆုံးနေခဲ့သောအလောင်းသည် ရုတ်တရက်မျက်လုံးပွင့်သွားသည်ကို တွေ့လိုက်ရ၏။

နင်ဟွိုက်ရှန်း၏ ပြာတတ်သွားသောအော်သံသည် ကောင်းကင်ယံထက် ပဲ့တင်ထပ်သွား၏။

"ရသွားပြီ! တကယ်ရသွားပြီ! မြို့အရှင်…ကြည့်ပါဦး…ရုပ်သေးရုပ်ဖြစ်သွားပြီ…မျက်လုံးတွေပွင့်လာပြီ!"

မြို့အရှင်ကတော့ နှလုံးသား တော်တော်အေးစက်လှတဲ့သူ။

【သူ့မျက်လုံးတွေပွင့်လာပြီ...ငါလည်းဘာမှမလုပ်ပဲနဲ့သူ့မျက်လုံးတွေပွင့်သွားတယ်】

ဝူရှင်းရွှယ်မှ ရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက် စဥ်းစားတွေးတောချိန်တောင်မရလိုက်။ မြင်ကွင်းများက ဝေဝါးလို့လာပြီး ကြီးစွာသောအားက ပြေးဆောင့်တာကြောင့် အာကာယံမှာ ချက်ချင်းလည်ချင်လာသည်မို့ မျက်လုံးများကို မှိတ်ထားလိုက်သည်။

ခေါင်းတလားဆီသို့ တိုး၍လာသော နှင်းများရစ်ဝဲပါလာသည့် လေတစ်သိုက်ကြောင့် လက်ရှိလေးတင်မှ အသက်ဝင်လာသော ရုပ်သေးရုပ် မည်သို့ထလာမှန်း သေသေချာချာ မမြင်ရကြ။

ဓားသင်္ချိုင်းများ ဓားရှည်များသည် ယမ်းခါနေကြပြီး သံထည်အချင်းချင်းတိုက်သံများက လေသံနှင့်ရောလျက် ဝူရှင်းရွှယ်ခန္ဓာကိုယ်ထက်က သံကြိုးများလို့တောင် ထင်မှားစေသည်။

နှင်းနှင့်လေများ လျော့ပါးသွားသောအခါ ထိုရုပ်သေးရုပ်သည် ဝူရှင်းရွှယ်ကို မြေပြင်ထက် ဖိကပ်လို့ထားပြီး ဘယ်လက်က ဓားသင်္ချိုင်းဆီမှ လွင့်ပျံလာသောဓားရှည်ကို ဆွဲကိုင်ထားသည်။ လှုပ်ရှားသွားသောဓားရှည်က အောက်သို့ ဦးတည်လာတော့သည်။



ဓားဝှေ့လိုက်သောအသံကြားသည်နှင့် ဝူရှင်းရွှယ် မျက်လုံးများကို မှိတ်ချလိုက်သည်။ သို့သော် ဓားထိပ်ဖျားသည် ဆံချည်မျှင်တစ်ပင် အကွာအဝေးမှာ ရပ်တန့်လို့သွားပြီး အေးစက်လှသောချိဓာတ်မှာ လေနှင့်အတူသဲ့ပါလျက် ဓားထိပ်ဖျားသည် လည်ပင်း၌တည်၏။

ဆံပင်တစ်ပင်တောင် မထိခိုက်သော်လည်း ချွန်မြသောဓားက သူ့နံဘေး၌ ရှိနေဆဲ။

မျက်တောင်မွှေးများထက်က ရေခဲမှုန်များကို ပုတ်ခတ်လို့ ဖယ်ရှားလိုက်ပြီး ရှောင်ဖုရွှမ်းသည် သူ့ကိူငုံကြည့်လာ၏။

အချိန်အတန်ကြာပြီးသည့်နောက် အမည်တစ်ခုက နှုတ်ထက်မှ ထွက်အံလာခဲ့သည်။

"ဝူရှင်းရွှယ်"

🌱🌱🌱

You've reached the end of published parts.

⏰ Last updated: Jan 25, 2022 ⏰

Add this story to your Library to get notified about new parts!

Three hundred years without seeing a godWhere stories live. Discover now