90

10.6K 1.5K 104
                                    

{Unicode}

"Phone Call"

ရန်ကျားလိသည် အောက်ထပ်ရှိ စားသောက်ဆိုင် တစ်ဆိုင်သို့ ၀င်လာသည်။

လျိုရွှင်းသည် စားသောက်ဆိုင်ထဲ ပြတင်းပေါက်နားရှိ ထိုင်ခုံပေါ်တွင် အပြုံးမျက်နှာဖြင့် ထိုင်နေသည်။

သူသည် အပြာရင့်ရောင် ကုတ်အင်္ကျီနှင့် ​​အနက်ဗြောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စားထားပုံမှာ ခါတိုင်းထက်ပို၍ သမားရိုးကျ ဆန်နေသည်။ ယုတ်စွအဆုံး ဆံပင်ကိုပင် သပ်သပ်ရပ်ရပ် ရှိစေရန် ဂျယ်ဖြင့် ဖြီးလိမ်းထားသည်။ ပုံမှန်ဆိုလျှင် လွတ်လပ် ပေါ့ပါးစွာ နေတတ်သူဟု ထင်ရသည့် အမျိုးသားထံတွင် ယနေ့တွင်တော့ အထက်တန်းစား ဟန်ပန်တို့က ပိုမို အလေးသာသွားသလိုပင်။

ရန်ကျားလိ ရောက်လာသည်ကို မြင်သောအခါ လျင်လျင်မြန်မြန် လက်ဝှေ့ယမ်းပြလိုက်ပြီး

"ရှောင်ရန်၊ လာ"

ရန်ကျားလိသည် ခပ်ထူထူ စာအိတ်ကို ညှပ်ကိုင်ထားပြီး စားပွဲအတန်းလိုက်ကို ကျော်ဖြတ်ကာ ပြတင်းပေါက်နားရှိ စားပွဲနားတွင် ထိုင်ချလိုက်သည်။

သူသည် လျိုရွှင်းမျက်နှာထက်မှ အပြုံးကို မြင်သောအခါ အထူးတဆန်း ဖြစ်သွားပြီး မေးလာသည်။

"ရွှင်းကော၊ ဒီနေ့ ဘယ်လိုဖြစ်တာလဲ။ ဘာလို့ အဲ့လောက် ဝမ်းသာအားရ ပြုံးနေရတာလဲ"

လျိုရွှင်းက မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး

"ကိုယ် ဒီတလော အနောက်တိုင်းစာ စားဖိုမှူး ရှာပြီး ကိုယ့်ရဲ့ ဟင်းချက်စွမ်းရည်ကို တိုးအောင်လုပ်ဖို့ စဥ်းစားနေတာ၊ အောင်မြင်မှု အသေးစားလေးလို့ ပြောလို့ရတယ်။ ဒီနေ့ညစာကို တခြားဟာ မစားနဲ့တော့၊ ကိုယ်လုပ်ထားတဲ့ အမဲကင်ကိုပဲ မြည်းကြည့်၊ ဘယ်လိုလဲ"

ရန်ကျားလိသည် မျက်ခုံးပင့်သွားပြီး

"ရတာပေါ့"

လျိုရွှင်းက ခပ်ဖျော့ဖျော့ ပြုံးရင်း ခေါင်းမော့လာသည်။ တစ်ဖက်မှ စားပွဲထိုးထံ လက်ဖျောက် တစ်ချက် တီးလိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now