91

10K 1.5K 72
                                    

{Unicode}

"လှုပ်ရှားဖို့ရန် ကြိုတင်ပြင်ဆင်ခြင်း"

ယဲ့ထင်သည် ဖုန်းကို ပြန်သိမ်းပြီးသောအခါ မျက်နှာထက်၌ ခံစားချက် ကင်းမဲ့နေသည်။

သူသည် ဖုန်းကို စားပွဲပေါ် အေးအေးဆေးဆေး ပြန်တင်လိုက်ပြီး စခရင်ပေါ်တွင် မပို့ရသေးသည့် အီးမေးလ်တစ်စောင့်ကို ပို့ရန်အား နှိပ်လိုက်သည်။ ထို့နောက် အံဆွဲထဲမှ ဆေးလိပ်ဘူးကို ထုတ်လိုက်ကာ ဝရန်တာကို လျှောက်သွားပြီး မီးညှိပြီးနောက် လက်ချောင်းများကြား ညှပ်ကာ ဖြည်းညှင်းစွာ သောက်တော့သည်။ ထိုအခါ အဖြူရောင် ဆေးလိပ်ငွေ့များက နေရာအနှံ့ ပြန့်ကျဲသွားသည်။

မကြာသေးခင်က ဖုန်းကောလ်ထဲတွင် ရန်ကျားလိအား လျိုရွှင်း ပြောလိုက်သည့် စကားကို သူကြားလိုက်ပါသည်။

ယဲ့ထင်သည် မိမိကိုယ်ကိုယ် ဒေါသမထိန်းနိုင်တော့ဘဲ ပူပန်သောကရောက်ကာ နေမထိ ထိုင်မသာ ဖြစ်သွားလိမ့်မည်ဟု ထင်ခဲ့မိသည်။

သို့သော် ယခုကြည့်ရသည်မှာတော့ ထိုသို့ မဖြစ်ခဲ့ပေ။

ထိုအစား သူသည် ထူးထူးဆန်းဆန်းနှင့် တည်ငြိမ်လို့ပင် သွားသေးသည်။

ရန်ကျားလိသည် လျိုရွှင်း၏ ဖွင့်ဟဝန်ခံခြင်းကို လက်မခံသည့်အပြင် ထွက်သွားဖို့ရန်ပင် စိတ်ဆုံးဖြတ်ထားခဲ့သည်။ သေချာပေါက် အကြောင်းအရင်း တစ်ခုကြောင့် ဖြစ်နိုင်သော်လည်း အကြောင်းအရင်းက ဤမျှနှင့်တင် ရပ်နေမည်လည်း မဟုတ်ပေ။

ဟိုအရင်ကတည်းက ယဲ့ထင်ထံ၌လည်း ထိုကဲ့သို့ စိတ်ခံစားချက်မျိုး ရှိခဲ့ဖူးသည်။

ထိုအချိန်တုန်းက သူသည် အမေရိကန်မှာ ရှိနေခဲ့တာဖြစ်ပြီး ဘဝက အေးချမ်း တည်ငြိမ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာတော့ ရေဝဲကဲသို့ ဂယက်ရိုက်နေခဲ့သည်။ တိတ်တဆိတ် အာဏာ ရရှိရေးအတွက် ယဲ့ဖန်နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ကြကုန်သည်။ အပေါ်ယံက ကြည့်လျှင် ညီအစ်ကိုများသဖွယ် ရင်းနှီးဖော်ရွေမှု ရှိကြသော်လည်း နောက်ကွယ်တွင်တော့ သူ့သွေးကို သောက်ဖို့ မစောင့်ဆိုင်းနိုင်တော့ဘဲ အရှင်လတ်လတ် ဝါးစားပစ်ချင်တာ ဖြစ်သည်။ တိုက်ပွဲ၏ အချက်အချာ အကျဆုံး ကာလတွင် ယဲ့ထင်တို့ဘက်မှ သွားနှင့်မျက်လုံးကဲ့သို့ အရေးပါသော လူတစ်ယောက်သည် ယဲ့ဖန်၏ အရိပ်အာဝါသထဲ ပြေးဝင်သွားပြီး မိမိတို့အား တန်ပြန်တိုက်ခိုက်လာခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now