103

11.1K 1.6K 286
                                    

{Unicode}

"အချစ်ဆုံး"

မင်္ဂလာ ဧည့်ခံပွဲမှာ ပြီးဆုံးလုနီးပါး ဖြစ်လာပြီဖြစ်သည်။

သတို့သားနှင့် သတို့သမီးက သင်းအုပ်ဆရာရှေ့တွင် အနမ်းဖလှယ်ကြပြီးနောက် အခမ်းအနားသည်လည်း ဆုံးခန်းတိုင်သွားခဲ့သည်။ ဧည့်ပရိသတ်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် အလျှိုလျှို စွန့်ခွာသွားကြတော့သည်။

ရန်ကျားလိသည် အထဲမှ ပျံ့လွှင့်လာသည့် သာယာနာပျော်ဖွယ်ကောင်းပြီး ငြိမ့်ညောင်းချိုသာသော တယောသံနှင့် ယှဥ်တွဲကပ်ပါလာသည့် ခမ်းနားကြီးကျယ် သန့်စင်မွန်မြတ်သော သံပြိုင်သီဆိုသံကို နားထောင်နေရင်း ယဲ့ထင်၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်ဝန်းများကို ကြည့်လျက် တစ္ဆေသရဲထံမှ ညွှန်ကြားခံလိုက်ရသည့်အလား အရင်က ပြုလုပ်မည်ဟု မမျှော်လင့်ထားခဲ့ဖူးသော အရာတစ်ခုကို စိတ်လိုလက်ရ စူးစမ်းချင်သွားသည့်နှယ် ခေါင်းညိတ်လိုက်သည်။

"အမှတ်တရ.....ချန်ထားခဲ့တယ် ထားလိုက်ပေါ့"

ယဲ့ထင်က ပြုံးသွားပြီး ရန်ကျားလိကို တွဲခေါ်ကာ သင်းအုပ်ဆရာရှေ့ လျှောက်သွားသည်။

သူသည် အင်္ဂလိပ်ဘာသာနှင့် သင်းအုပ်ဆရာကို စကားအနည်းငယ် ပြောလိုက်သောအခါ သင်းအုပ်ဆရာက ပြုံးရင်း ခေါင်းညိတ်ပြသည်။

ယဲ့ထင်သည် ရန်ကျားလိ၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း လေသံတိုးနှင့် ပြောလာသည်။

"ရန်ရန်၊ ကိုယ်တို့ စပြီ"

ရန်ကျားလိသည် အနောက်လှည့်ကြည့်လိုက်သောအခါ အခုလေးတင် မင်္ဂလာ အခမ်းအနား ပြီးဆုံးသွားသည့် ကြင်စဦး ဇနီးမောင်နှံသည် ဧည့်ပရိသတ် ထိုင်ခုံတွင် ထိုင်လျက် ပြုံးပန်းဝေဆာစွာနှင့် သူ့အား ကြည့်နေကြသည်။ လေဟာနယ်အတိ ဖြစ်နေသော ခရစ်ယာန် ဘုရားကျောင်း၊ ပန်းကနုတ်များနှင့် အရောင်မှန်ချပ်တွင် အစဥ်အတိုင်း ငြိမ်သက်နေသော နေအလင်းရောင်သည်လည်း ဖြန့်ကျက်ပေးနေဆဲ၊ ဘုရားသခင်နှင့် အခြားသော နတ်ဘုရားများသည်လည်း အရာရာကို ချစ်သောစိတ်ဖြင့် ထာဝစဥ် ကြည့်ရှူစောင်မ ပေးနေစမြဲသာ။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now