116

9.9K 1.6K 186
                                    

{Unicode}

"လူကိုရိုက်တယ်"

ရှောက်ယယ်သည် တိတ်တဆိတ်နှင့် အိမ်ထဲဝင်လာသည်။

သူ ဧည့်ခန်း၏ ကြမ်းပြင်ပေါ် နင်းလိုက်သည်နှင့် တစ်လျှောက်လုံး ခန္ဓာကိုယ်ကို လိမ်ပတ်ရင်း ခွေးလှောင်အိမ်ထဲ အနားယူနေသော ရှောင်ဟွမ်တစ်ကောင် မတ်တတ်ရပ်လာသည်။

ရှောင်ဟွမ်သည် ရှောက်ယယ်နှင့် မနီးမဝေး နေရာဆီသို့ လျှောက်သွားလိုက်ကာ ခေါင်းမော့ပြီး အမြီးယမ်းလျက် ဝုတ်ဝုတ်နှင့် အသံနှစ်ကြိမ် ပြုလိုက်သည်။

ရန်ကျားလိသည်ပင် အနည်းငယ် ပက်ပက်စက်စက် တွေးမိသွားသည်။ ဟက်စကီးကောင်လေးကို ဤမျှလောက်အထိ စိတ်လှုပ်တရှား ဖြစ်သွားစေသည်မှာ ကိုယ့်အမျိုးကို ပြန်တွေ့လိုက်ရလို့ ဖြစ်မည်ဟူ၍ပင်။

ရှောက်ယယ်တစ်ယောက် ရောက်လာမှတော့ အမြန်ပြန်ထွက်သွားခိုင်းဖို့လည်း မဖြစ်နိုင်တော့ပေ။ ရန်ကျားလိလည်း မလုပ်ချင်လုပ်ချင်နှင့် စားပွဲပေါ် ဟင်းများချလိုက်သည်။ ပြီးနောက် သူ့ကို ထမင်းအတူစားရန် ဖိတ်ခေါ်လိုက်သည်။

ရန်ကျားလိသည် စစချင်းတွင် ကျောက်ရှန့်ဟိုင်အား ပြောချင်သည့် စကားများကို အများအပြား ပြင်ဆင်ထားခဲ့သည်။ သို့သော်ယခု ရှောက်ယယ် ရောက်လာပြီး အခြေအနေကို အနှောင့်အယှက် ပေးလိုက်သည့်အခါမှာတော့ ထိုစကားများကို ဗိုက်ထဲပြန်သိမ်းထားဖို့သာ တတ်နိုင်တော့သည်။ ကျောက်ရှန့်ဟိုင်သည်လည်း ရှောက်ယယ်၏ ရုတ်တရက် ရောက်ချလာမှုကြောင့် မျက်မှောင်ကြုတ်လျက် စကားစဖို့လည်း စိတ်မပါတော့ပေ။ ယဲ့ထင်တစ်ယောက်ကတော့ ပိုလို့ပင် ပုံသေလျစ်လျူရှူမှုကို ထိန်းသိမ်းထားကာ စကားတစ်ခွန်းမှ မဆိုလာတော့။

သို့နှင့် ညစာစားပွဲ၏ လေထုအငွေ့အသက်မှာ ထူးထူးခြားခြား လေးနက်လာသည်။

လူတိုင်းလူတိုင်းသည် အေးစက်သော မျက်နှာကြီးနှင့် ထမင်းစားပွဲထက် မည်သူတစ်ယောက်မှ စကားလည်း မဆိုကြ၍ ဆိုးဆိုးဝါးဝါး ခြောက်ကပ်ကပ်နိုင်လှသည်။

ရန်ကျားလိသည် အာရုံထွေပြားနေသည့်ကြားက တွေးမိသွားပြန်သည်။ နံဘေးတွင် စစ်တပ်ကုတ်အင်္ကျီ ဝတ်ထားပြီး Suona(တရုတ်ပုလွေ) မှုတ်နေသော အဘိုးအိုများသာ ရှိနေလျှင် ၎င်းမှာ တစ်စုံတစ်ယောက် သေဆုံးပြီးနောက် ရွာအဝင်ဝတွင် ကျင်းပသည့် အသုဘ ဧည့်ခံပွဲနှင့် အတိအကျ တူသွားပါလိမ့်မည် ဟူ၍ပင်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now