Part 💚18💚

87 6 2
                                    

(Zawgyi )

12နှစ်ဆိုတဲ့ အချိန်ကာလက လူတစ်ယောက်ကို တခြားတစ်ယောက်ဖြစ်အောင် လုံးဝပြောင်းလဲသွားစေဖို့ လုံလောက်သည် မဟုတ်လား။ ကောင်းသု ရင်ထဲက တစ်စုံတစ်ယောက်ဟာလည်း ထိုကဲ့သို့ပြောင်းလဲသွားခြင်းသာ ဖြစ်ပေလိမ့်မည်။

တစ်ချို့သောအကြောင်းအရာတွေကြောင့် အမှန်တရားတစ်ခုကို ဦးနှောက်က လက်ခံခဲ့ပေမယ့် ငြင်းဆန်ချင်နေသည့် နှလုံးသားကတော့ မဟုတ်ဘူးဆိုတာ ထပ်ခါထပ်ခါ အော်ဟစ်နေစဲ။

လက်မခံနိုင်တဲ့ နှလုံးသားကို ဘယ်လိုတွေများလုပ်ရမလဲ နှိုင်းရာ

"ဆရာ....ရေတွေလျှံနေပြီ"
 
ကောင်းသု ရေခရားကိုင်ကာ သောက်ရေငှဲ့နေတုန်း Nurseမလေး အသိပေးသံကြားမှ အောက်ကိုငုတ်ကြည့်မိတော့ အောက်ကရေခွက်က ရေတွေဒဟဟောလျှံနေပြီ။

"အား....သွားပါပြီ"

ညည်းညူးလိုက်မိရင်း ရေခရားကိုဘေးချကာ ခွက်ကိုဖယ်ရင် စားပွဲပေါ်မှာ အိုင်ထနေသည့် ရေတွေကို အပြေးအလွှာလိုက်သုတ်ရသည်။

ဇေယျာ့ဆီက ပြန်လာကတည်းက သူ့စိတ်နှင့် လူနှင့်မကပ်။ အတွေးလွန်နေမိသည့် ကိုယ့်ကိုကိုယ်သာ နာနာလေးထုပေးချင်မိသည်။
တစ်စုံတစ်ယောက်နဲ့ပတ်သက်လာရင် သူအဲ့လိုဖြစ်နေတာ အခုမှပဲမဟုတ်ပါဘူးလေ။

"ဆရာ Round လှည့်ဖို့ အချိန်ရောက်ပါပြီ"

"အဲ့ဒါဆို သွားတာပေါ့"

သူ့Nurseမလေးကိုခေါ်ကာ Child Ward တစ်ခုလုံးတစ်ခန်းဝင် တစ်ခန်းထွက် လူနာကြည့်ုပြီးနောက် နောက်ဆုံးတစ်ခန်းသာ ကျန်တော့သည်မို့ ကောင်းသု အားတင်းကာ ထိုအခန်းဆီလျှောက်သွားမိ၏။ သူထင်တာ မမှားရင် ထိုအခန်းက နှိုင်းယှဉ်ခ ဆိုတဲ့ကလေး ရှိသည့်အခန်း။

သူသိခဲ့တာတွေက မဟုတ်ပါစေနဲ့ဟုသာ မဝံ့မရဲဆုတောင်းရင်း အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။

"ကျွတ်....ကျွတ်....မငိုရဘူးလေ....ဖေဖေသားလေးက လိမ္မာပါတယ်...... သားသားနေကောင်းရင်...သားကြိုက်တဲ့...သကြားလုံးတွေ...အများကြီး....ဖေဖေဝယ်ကျွေးမယ်လေ"

သူ့ဆုတောင်းတွေ မပြည့်ခဲ့ပြန်ပါဘူး။ အခန်းတံခါးကို ဖွင့်ဖွင်းချင် ကြားလိုက်ရသည့် ဩရှရှ အသံတစ်ခုအပြင် သူ့ကိုလှည့်ကြည့်လာသူက သူတမ်းတခဲ့ရသည့် မျက်ဝန်းနက်နက်တို့ရဲ့ ပဲ့ကိုင်ရှင်။

တံခါးဝကနေ ဝင်လာသည့်သူ့ကို ကြောင်အ,အ ငေးကြည့်နေသူကို ကောင်းသုပြုံးပြလိုက်သည်။ ကလေးချီထားသည့် နှိုင်း၏ မျက်ဝန်းနက်တွေက အရင်အတိုင်း မပြောင်းလဲသော်လည်း အရင်ကထက် ကြံ့ခိုင်ဖွံ့ဖြိုးလာသည့် ခန္ဓာကိုယ်၊ ကျယ်ပြန့်တောင့်တင်းသည့် ရင်အုပ်ကျယ်ကျယ်က 6'ကျော်ကျော် အရပ်အမောင်းနှင့်လိုက်ဖက်ကာညှို့အားအပြည့်နှင့် ဆွဲဆောင်မှု ပိုစေသည်။

"လူနာရှင်ခင်ဗျ..... ကျွန်တော် ကလေးရဲ့ ကျန်းမာရေး အခြေအနေလေး စစ်ချင်လို့.... ကလေးကို ကုတင်ပေါ်တင်ပေးပါဗျ"

ကလေးကို ကုတင်ပေါ် တင်ပေးရန်သာပြောပြီး ကလေးချီထားသည့် သူကို ဂရုစိုက်မနေပဲ သူလုပ်စရာရှိတာလုပ်လိုက်သည်။ ထို့နောက် သူ့အနားက Nurseကို ဆောင်ရန်ရှောင်ရန်တွေ လူနာရှင်အားပြောရန်မှာခဲ့ပြီး ထိုအခန်းထဲက ပြေးထွက်ခဲ့မိသည်။ သူ့ကို တစ်ခုခုပြောချင်နေဟန်ရသည့် ကလေးအဖေရဲ့မျက်လုံးတွေက သူ့အနောက်ကပ်ပါလာသည်ကို သိပေမယ့် သူဂရုမစိုက်မိ။

***********************************
အချိန်တွေအကြာကြီး စောင့်မျှော်နေခဲ့ရသူ ၊တမ်းတလွမ်းဆွတ်နေခဲ့ရတဲ့ ချစ်ရသူရဲ့မျက်နှာကို ​နောက်ဆုံးတော့သူမြင်ခွင့်ရခဲ့ပြီ။ကျေနပ်ပါတယ်။စောင့်မျှော်နေခဲ့ရတဲ့ ထိုလူသားကသူ့အတွက် မဟုတ်တော့ပေမယ့်လည်းပေါ့။

ပျော်နေရမည့်အစား တဆစ်ဆစ်နာကျင်နေသည့် ဘယ်ဘက်ရင်အုံကို သူဖွဖွပုတ်လိုက်မိသည်။

မင်းမြင်ချင်နေခဲ့တဲ့ တစ်ယောက်သော သူကိုမြင်ခဲ့ရပြီးပြီလေ ဘာလို့မင်းက နာကျင်နေရတာလဲ။ နှလုံးသားရယ် ငါတောင်မငိုဘူးလေ မင်းလည်းမနာလို့ မရဘူးလားကွာ

ခြေလှမ်းတွေကို ဦးတည်ရာမဲ့ လျှောက်လှမ်းနေရင်း အနောက်ကနေ လက်ကိုလှမ်းဆွဲ ခံလိုက်ရ၍ သူ့ခြေလှမ်းတို့ ရပ်တန့်သွားသည်။

"ကောင်းသု"

"Congratulation နှိုင်း....အခုမှပြန်တွေ့တဲ့....သူငယ်ချင်းကို...ဒီစကားအရင်ပြောရမယ်လို့.....ငါမထင်ထားမိပေမယ့်....မင်းအတွက် ဝမ်းသာပါတယ်။ မင်းရဲ့ ဇနီးနဲ့သားက... သိပ်ချစ်ဖို့ကောင်းတယ်..."
 
သူ့ရှေ့က လူကိုယ်တိုင် ပြောလာမည့် နှုတ်ထွက်စကားတွေကို ခံနိုင်ရည်မရှိတာမို့ စကားတွေကို ရေပက်မဝင်အောင် အရင်ဦးအောင် ပြောပစ်မိသည်။ သို့ပေမယ့် သူ့ကို ငေးကြည့်နေသည့် မျက်ဝန်းနက်နက်တွေကိုတော့ ရင်မဆိုင်နိုင်စွာ ရှောင်ဖယ်လိုက်မိသည်။

"ကောင်းသု.....ကိုယ်ပြောတာ နည်းနည်းလေးလောက်.... နားထောင်ပေးလို့မရဘူးလား..."

"မင်းစကားတွေ နားထောင်ဖို့....ငါမအားသေးတာမို့ တောင်းပန်ပါတယ်.... နှိုင်း...ငါအခုဆေးရုံအုပ်ဆီသွားမလို့....အကယ်၍ မင်းမစောင့်နိုင်ရင်လည်း....ရုံးအုပ်အခန်းထဲထိလိုက်ခဲ့.....အခုတော့ခွင့်ပြုပါဦး"

မည်သို့သော လူနာရှင်ကမှ အကြောင်းမရှိဘဲ ဆေးရုံအုပ်ရုံးခန်းထဲထိ လိုက်လာမည် မဟုတ်တာကြောင့် နှိုင်းကို တမင်တကာပြောခဲ့ကာ သူရှေ့ကိုဆက်လျှောက်လာခဲ့သည်။

သို့ပေမယ့် သူ့အနောက် ထပ်လျက်မကွာ တကောက်ကောက်လိုက်လာသည့် နှိုင်းကြောင့် အထင်နဲ့အမြင် တပ်တပ်စင်အောင်လွဲရပြီမို့ မသက်သာတော့သည့် အဆုံး ဇေယျာ့ဆီသာ သူ့ခြေလှမ်းတို့ ဦးတည်လိုက်မိသည်။

***********************************
"ကတိမတည်တဲ့ကောင်!!! "
 
ခွပ်!!!!

ရုံခန်းထဲရောက်ရောက်ချင်း ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားသည့် အဖြစ်အပျက်တွေကြောင့် နားမလည်နိုင်၍ ကောင်းသု ကြောင်အ သွားရသည်။

သတိဝင်လာ၍ ကြည့်လိုက်မိတော့ သူ့ရှေ့မှာ ကြမ်းပြင်ပေါ် လဲကျနေသည့် နှိုင်းကို အပေါ်ကဆီးမိုးကာ တရဆက်ထိုးကြိတ်နေသည့် ယံမင်း။ သူ့လိုပဲ ယံမင်းနှင့် နှိုင်းကို ကြောင်ကြည့်နေသည့် ဇေယျာ။ အခြေအနေတွေက ရုန်းရင်းဆန်ခတ်ပင်။ ကောင်းသုလည်း မနေသာတော့ပဲ ဇေယျာ့ကိုလှမ်းအော်ရင်း ယံမင်းကို ဝင်ဆွဲရသည်။

"ကတိမတည်တဲ့ အကောင်....ငါမင်းကို အသေသတ်မှာ"

ကနဦးက နှိုင်းကို တစဆီလုပ်ပစ်မည်ဟု ကြုံးဝါးနေသူက ဇေယျာဖြစ်ပေမယ့် လက်တွေ့မှာတော့ နှိုင်းကိုမြင်သည်နှင့် ရန်လိုသူက နွေယံမင်း ဖြစ်နေခဲ့သည်။
ယံမင်းဆီမှာ စုတ်ပျက်နေအောင်အထိုးခံလိုက်ရသည့် နှိုင်းကတော့ စိတ်ပျက်နေသည့်ဟန် မည်သူ့ကိုမှ စကားမဆိုဘဲ ရုံးခန်းထဲက ဆိုဖာပေါ် ခြေချိတ်ကာ သွားထိုင်နေသည်။

"ငါ့ကို အဲ့ဒီလောက်တောင် မုန်းနေတာလား...ယံမင်း.."

"ဟအင်း....မမုန်းဘူး...ငါကမင်းကို မှတ်လောက်သားလောက်အောင် ပညာပေးချင်ရုံ"

"ငါဘာများ လုပ်ခဲ့မိလို့လဲ ယံမင်း.."

"ဟား!!! ဟား!!...ဘာလုပ်ခဲ့မိလို့လဲ ဟုတ်လား မိုးသစ်ခက်နှိုင်း"

နှိုင်း၏ စကားကို ဟားတိုက်ရယ်မောနေသည့် ယံမင်းရဲ့ အသွင်အပြင်က ဒေါသကို အတော်လေးထိန်းချုပ်ထားသည့်ဟန်။
 
"မသိဘူး....ဟုတ်လား...အဟက်...အဲ့ဒါဆိုပြောစမ်းပါဦး သူတော်ကောင်းကြီးရဲ့....ငါ့တို့ကောင်းသုလေးကို မျှော်လင့်ချက်တွေ ပေးထားခဲ့ပြီး..... လှလှပပလေး အကွက်ရွှေ့လိုက်တဲ့အကြောင်းလေး...."

"ငါကောင်းသုကို.....ဘယ်တုန်းကမှ...မင်းပြောသလို....မျှော်လင့်ချက်တွေ မပေးခဲ့ဖူးဘူး...ယံမင်း"

"သေချာလား!!!"

ဒီတစ်ခေါက်ထွက်လာသည့် အသံက ယံမင်းထံမှ မဟုတ်ခဲ့။ တစ်ချိန်လုံး စကားဝိုင်းထဲဝင်မပါဘဲ တိတ်ဆိတ်နေခဲ့သည့် ကောင်းသုထံမှပင်။

နှိုင်းကို မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် ကောင်းသုဟာ အံကိုတင်းတင်းကြိတ်ထား၍ထင့် မေးရိုးများထောင်ထလျက်။

"သေချာတယ်။ ငါမင်းကို ဘယ်တုန်းကမှ မျှော်လင့်ချက်တွေ....မပေးခဲ့ဖူးဘူး....မင်းကိုမှ မဟုတ်ဘူး...ဘယ်သူ့ကိုမှ ငါ မျှော်လင့်ချက် မပေးဖူးဘူး....မျှော်လင့်ချက်ဆိုတာ...ငါကိုယ်တိုင်လည်းမုန်းတဲ့အရာမို့လို့....ဘယ်တော့မှအဲ့လိုမလုပ်ဘူး.."

နာကျင်ရပါသည်။ ချစ်ရသူရဲ့ နှုတ်ဖျားက တစ်လုံးချင်းထွက်ကျလာတဲ့ စကားတွေက ဂျပန် ပုလဲဆိပ်ကမ်းကို ထိမှန်ခဲ့သည့် အနုမြူဗုံးတစ်လုံးအလား ကောင်းသု ရင်ကို ချေမွပစ်ခဲ့သည်။ မျက်ဝန်းအိမ်မှာ အိုင်ထွန်းလာသည့် မျက်ရည်တွေကတော့ ပေါက်ကွဲခြင်းရဲ့ ဘေးထွက်ဆိုးကျိုးထင်ပါရဲ့။

အိုင်ထွန်းလာသည့်မျက်ရည်တွေ ပါးပြင်ပေါ်ကျမလာခင် မြတ်နိုးရသည့် ချစ်ရသူရဲ့ မျက်နှာတော်ကို ဖူးမျှော်လိုက်ရင်း

"ဟုတ်တယ်။ မင်းကဘယ်တုန်းကမှ မျှော်လင့်ချက်တွေ မပေးခဲ့ဘူး။ ငါကိုယ်တိုင်က ရူးရူးမိုက်မိုက် မျှော်လင့်ခဲ့မိတာ။ မင်းကိုမှ ရူးခဲ့မိတဲ့ ငါကမှားတာ။ မင်းမှန်ပါတယ်..... ငါ့ရဲ့အချစ်ရဆုံး သူငယ်ချင်းလေး"
 
တစ်ယောက်သောသူရှေ့မငိုမိအောင် ကြိုးစားရင်း အားလုံးကို ကျောခိုင်းကာ ကောင်းသု ထိုနေရာမှ ပြေးထွက်ခဲ့မိသည်။ သူ့ကိုလှမ်းအော်ခေါ်နေတဲ့ ဇေယျာ့အသံကို ကြားမိပေမယ့် ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့သလဲ သူ ဂရုမစိုက်မိတော့။

ခြေဦးတည့်ရာပြေးလာမိရင်း အသိဝင်လာ၍ သတိထားမိတော့ ဆေးရုံခေါင်မိုးထပ်က ချောင်ထဲခိုရင်း သူငိုနေမိမှန်းသိခဲ့ရသည်။

အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို သူနဲ့တွေ့မှ ထိတွေ့ခွင့်ရခဲ့တာပါ။  အချစ်တစ်ခုကြောင့် ပျော်ရွှင်ခွင့်မရသေးခင် ဒီရင်ကို အလွမ်းတွေနဲ့ အရည်ဖျော်ခဲ့သည့် တစ်ယောက်သောသူကို အပြစ်မဆိုချင်ပါ။

သို့ပေမယ့် အလွမ်းဒါဏ်ကို ခါးစည်းခံပြီး နှလုံးသားအရှင်ကို စောင့်မျှော်မိကာမှ အရှင်လတ်လတ် ငရဲကျခဲ့ရသည့် သူ့အဖြစ်က ဆိုးလွန်းတယ်မလား။

"ဟိုအရင်က ငါ့မျက်နှာညှိုးမှာကိုတောင် မင်းမလိုလားခဲ့ဖူးမလား နှိုင်း ။ ငါကြိုက်တက်မှန်းသိလို့ ကံ့ကော်တွေကို အရိုက်ခံပြီး ခူးပေးခဲ့တာ မင်း မဟုတ်တော့ဘူးပေါ့  ။ အခု မင်းကြောင့် ငါမျက်ရည်ကျနေပြီ နှိုင်း ။ဟိုအရင်လို သုသုလေးဆိုပြီး လာမချော့တော့ဘူးပေါ့။ လာ ချော့လှည့်ပါ ငါ့ရဲ့ပန်ဒါလေး ဒီကောင်ကြီးက မင်းရင်ခွင်ကို အရမ်းလိုအပ်နေလို့"

မျက်ရည်ကြားက နာကျင်စွာ တိုးတိုးလေး ရေရွတ်နေမိသည်။ ပိုင်သူရှိမှန်းသိလျက်နဲ့တောင် တစ်ယောက်သောသူကို တမ်းတနေမိစဲပါလေ။

အဲ့ဒီနေ့က တိမ်တွေညိုနေတယ်။ အုံ့မှုန်းနေတဲ့ ကောင်းကင်ကျယ်က ဆေးရုံအမိုးထပ်က ဆရာဝန်လေးနဲ့ အပြိုင် အော်ဟစ်ငိုကြွေးလျက်။

************************************

Colourless Love  (Z+U)(Complete)Where stories live. Discover now