Part 💚19💚

80 8 0
                                    

The endဆိုတဲ့ စာတမ်းမထိုးဘဲ ပြီးဆုံးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ ဘယ်သူကများ ဗီလိန်ဖြစ်ခဲ့လေသလဲ။ ပြတ်သားလွန်းခဲ့တဲ့ ချစ်ရသူလား။ တဖက်သတ်အချစ်နဲ့ စောင့်မျှော်နေခဲ့မိတဲ့ သူကိုယ်တိုင်လား။ ဒါမှမဟုတ် ချစ်ရသူရဲ့ ကြင်သူသက်ထား များလေလား သူမသိတော့။
 
မရေရာမှုတွေကြား သေချာတာ တစ်ခုကတော့ ဟက်တက်ကွဲခဲ့တဲ့ နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်နေတာတောင် သူမှသူ ဖြစ်နေတာပါပဲ။

"မင်းသိပ်လုပ်ရက်တာပဲ....နှိုင်း...."

ပေါက်ကနဲ့ ကြွေကျသွားတဲ့ မျက်ရည်တစ်စက်က သူရပ်နေသည့် မျက်ခင်းစိမ်းပေါ် ခကြွေသွားသည်။ သြော် ဒီမျက်ရည်တွေကလည်း ၃ရက်လုံးလုံး ငိုခဲ့တာတောင် မခမ်းကုန်နိုင်သေးပါလား။

ဆေးရုံဘေးက ပန်းခြံလေးထဲ မတ်တပ်ရပ်ရင်း တစ်ယောက်တည်း အတွေးလွန်နေခဲ့သည့် မြတ်ကောင်းသုစံ။

ဒီရက်ပိုင်းတွေ သူနည်းနည်းလေးမှ အဆင်မပြေပါ။ ကလေးငယ်လေးတွေလို စိတ်အလိုမကျတိုင်း မတည့်ဘူးဟုဆိုကာ နှုတ်ခမ်းတစ်တောင်လောက်ဆူပြီး မည်သူ့ကိုမှ မခေါ်ဘဲနေလို့ ရသည့် အရွယ်မှမဟုတ်တော့ပဲလေ။  လူအများနဲ့ဆက်ဆံနေရသည့် သူမို့ ရင်ထဲမှာသေမတက်နာကျင်နေလည်း ဟန်ဆောင်ပြုံးကာ ခံစားရသမျှဖုံးကွယ်ရသည်။

တစ်စုံတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရင်တော့ ခံစားချက်အပြည့်နဲ့မျက်ဝန်းတွေကို ဖုံးကွယ်ပေးခဲ့တဲ့ မျက်မှန်ထူထူတွေကြောင့် နာကျင်နေလဲ ဖုံးကွယ်ရလွယ်ခဲ့သည်။

"ဦးဦးဒေါက်တာ......ခ,ကို ချီ"

အတွေးပင်လယ်ထဲရွက်လွှင့်နေရင်းက ခြေထောက်ကို လာဖက်သည့် လက်သေးသေးလေးတွေနဲ့အတူ ကြားလိုက်ရသည့် အသံကလေးကြောင့် သူအောက်ကို ငုတ်ကြည့်လိုက်မိတော့ မြင်လိုက်ရတာက ဗာဒံစေ့ သဏ္ဍာန်မျက်ဝန်းတစ်စုံ။

"ဟင်...သား...ခ,လေး.....ဒီကိုဘယ်လိုရောက်လာတာလဲ.."
 
"ဖေနှိုင်း နဲ့ လာတာ.....ဖေနှိုင်းက ဘယ်ရောက်တွားမှန်းသိဝူး....ခ,က ဦးဦးကိုတွေ့ယို့...."

မပီကလာ ပီကလာစကားတွေ တတွတ်တွတ်ဆိုရင်း တလက်လက်ထနေတဲ့ အနက်ရောင်မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်နေသည့် ကလေးကို ကောင်းသုပွေ့ချီလိုက်သည်။ ထိုအခါ ပျော်ရွှင်သွားတဲ့ မျက်နှာလေးက တစ်စုံတစ်ယောက်နှင့် သိပ်တူလွန်းသည်။ သူပြုံးလိုက်ရင်း

"ခ,လေးက နေမှမကောင်းသေးတာကို...
အပြင်မထွက်ရဘူးလေ...... ပြန်ဖျားနေမှာပေါ့"
 
"ဝွန့်....ခ,က နေကောင်းနေပါပီ...
ဦးဦးဒေါက်တာကယဲ....ခ,ကအပြင်ထွက်ချင်ယို့....ဟုတ်ပါဝူး...ဖေနှိုင်း...အတင်းခေါ်လာယို့....ခ,ပြန်ဖျားရင် ဖေနှိုင်းကို...
ဆေးအလုံးကြီးကြီးနဲ့ထိုးနော်..."

ကောင်းသု ဆူတော့ ခပ်တည်တည်နှင့် သူ့အဖေပေါ်အပြစ်တွေ ပုံချနေသည့် ကလေးငယ်ကို အသည်းယားစွာ ပါးလေးကိုဆွဲဖဲ့လိုက်မိသည်။

"ဒါပေမယ့် ခ,လေးက အအေးမိပြီးပြန်ဖျားရင်...သားကြိုက်တဲ့...သကြားလုံးတွေ...ချောက်ကလက်တွေ...မစားရတော့ဘူးလေ...ခ,လေးက.... အဲ့ဒါတွေမကြိုက်တော့ဘူးပေါ့"

"ခ,ကြိုက်တယ်.....ဒါပေမယ့်..ဖေနှိုင်း..ချိတ်ပုတ်ကြီးက...ခ,ချောင်းဆိုးမှာစိုးယို့...အဲ့ဒါတွေဝယ်ကျွေးဝူး"

အချိုကြိုက်လွန်းတဲ့ ခ,ဆိုတဲ့ ကလေးငယ်က ချောင်းခဏခဏ ဆိုးတက်တာမို့ အဆုတ်တော့မကောင်း။ အအေးလည်း အရမ်းကြိုက်သည်။ အဆုတ်ခဏ ခဏယောင်နေတက်တာမို့ ဒီကလေးက နေကောင်းသလောက်ဖြစ်နေပေမယ့် ဆေးရုံက ဆက်စောင့်ကြည့်ထားရသည့် အခြေအနေမှာပဲ ရှိနေသေးသည်မို့ ဆေးရုံဆင်းခွင့်တော့မရသေး။

ဒီကလေးက Child Wardထဲက တခြားကလေးတွေနဲ့မတူပေ။ ပုံမှန်ဆို ကလေးတွေက သူတို့ကိုဆေးထိုးအပ်ကိုင်ပြီး နာအောင်လုပ်တဲ့  သူ့ကိုမြင်ရင် အော်ငိုတက်ကြသည်။ ဒါပေမယ့် ခ,ဆိုတဲ့ နှိုင်းယှဉ်ခ,လေးက ထိုသို့မဟုတ်။
သူ့ကိုအလိုလိုက်အကြိုက်ဆောင်တက်သည့် သူ့မိဘအရင်းတွေထက် ဆေးထိုးအပ်ကြီးကိုင်ကာ သူ့ကိုခြိမ်းခြောက်တက်သည့် ကောင်းသု့ကို ပို၍တွယ်တာသည်။

လက်ရာမြောက် တော်ဝင်ပန်းပုဆရာ တစ်ယောက်တည်းက ပုံတူထုဆစ်လိုက်သည့် ပန်းပုရုပ်ကလေးတွေအလား နှိုင်းယှဉ်ခ,လေးသည် သူ့အဖေ မိုးသစ်ခက်နှိုင်းနှင့် တူလွန်းလှသည်။ အထူးသဖြင့် သိပ်လှတဲ့ ဗာဒံစေ့ သဏ္ဍာန်မျက်ဝန်းနက်ကလေးတွေပေါ့။

သူ့အဖေကြောင့် ကောင်းသု နာကျင်ခဲ့ရတယ်ဆိုတာ မှန်ပေမယ့် နှိုင်းယှဉ်ခ,လေးကိုတော့ ကောင်းသု ချစ်သည်။ လူကြီးတွေရဲ့ပြသနာကြား အပြစ်မဲ့တဲ့ ဒီကလေးငယ်ကတော့ မသက်ဆိုင်သူ မဟုတ်ပေလား။

Colourless Love  (Z+U)(Complete)Where stories live. Discover now