126

7.6K 1.2K 44
                                    

{Unicode}

"ရန်ရန် ခြေရာပျောက်"

ရှစ်နာရီ ခွဲသောအခါ ယဲ့ထင်၏ နောက်ဆုံးအစည်းအဝေးက အဆုံးသတ်သွားသည်။

အတွင်းရေးမှူးအား လေလံ၏စျေးနှုန်း စာရွက်စာတမ်းများကို ကုမ္ပဏီ မီးခံသေတ္တာထဲ သိမ်းခိုင်းထားလိုက်သည်။ ယဲ့ထင် အောက်ထပ်သို့ ဆင်းလာသောအခါ ကားက အဆောက်အအုံအောက်တွင် သူ့ကိုစောင့်နေသည်။

ယဲ့ထင်က အနောက်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ခြေကုန်လက်ပန်းကျစွာနှင့် နာကျင်ကိုက်ခဲနေသော နားထင်ကို နှိပ်နယ်သည်။

ဒရိုင်ဘာသည် အရှေ့ဘက်မှ တလေးတစားရှိသော လေသံနှင့် မေးလာသည်။

"လူကြီးမင်းယဲ့၊ အခုအိမ်ပြန်မှာလား ဒါမှမဟုတ်"

ယဲ့ထင်သည် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ ရန်ကျားလိသည် သူ့အား ဖုန်းလည်း မဆက်ထားသလို မက်ဆေ့ချ်လည်း မပို့ထားဘဲ ငြိမ်သက်မှုအတိ ဖြစ်နေသည်။

ယဲ့ထင်သည် ခေါင်းယမ်းရင်း ကူကယ်ရာမဲ့ ပြုံးလိုက်သည်။

ညကျလျှင် သူ့ဘက်ကစပြီး မိမိကို နမ်းမည်ဟု ပြောထားရဲ့သားနှင့် ရူးချင်ယောင် ဆောင်နေပြန်သည်။

သူ ဖုန်းကို ဖယ်လိုက်ပြီး ဒရိုင်ဘာကို ပြောသည်။

"ဖျော်ဖြေရေးစင်တာကို သွားမယ်"

ဒရိုင်ဘာက ခေါင်းညိတ်လိုက်ပြီး ကားစက်နှိုးကာ ဖြည်းဖြည်းမှန်မှန်နှင့် လမ်းမပေါ် တက်လိုက်သည်။

လမ်းတစ်ဝက်တွင် ယဲ့ထင်သည် ယခု ရန်ကျားလိ၏ တာဝန်ကျ မန်နေဂျာအား ဖုန်းဆက်ပြီး ရန်ကျားလိ ဘယ်မှာရှိလဲဟု မေးခဲ့သေးသည်။

မန်နေဂျာသည် ကျောက်ရှန့်ဟိုင်တို့ Rong Hai၏ လက်အောက်တွင် ရှိသော်ငြား ယဲ့ထင်၏ အရှိန်အဝါကိုလည်း သိသဖြင့် စိုးစဥ်မျှပင် မသေချာ မရေရာတာမျိုး မလုပ်ရဲခဲ့ပေ။

"လူကြီးမင်းရန်က ပထမဆုံး အစီအစဥ် အသံလွှင့်တာ ပြီးသွားတာပါ။ ခုနက ကျွန်မကို သူပင်ပန်းတယ်​ဆိုပြီး အနားယူခန်းမှာ လှဲလိုက်ဦးမယ်လို့ ပြောသွားပါတယ်"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now