060

1.3K 322 73
                                    


060.  သူ့ကို စျေးလျော့ပေးပါ

ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးနောက်မှာတော့ သူတို့တွေ ချင်ယွီ မကြာခဏ လာလေ့ရှိတဲ့ ဆိုင်ရှေ့ကို ရောက်လာခဲ့ကြတယ်။ အပြင်က ကြည့်ရင်တော့ မိသားစုသေးသေးလေးနေထိုင်တဲ့ အဆောက်အအုံလို ဆိုင်ဟောင်းလေးတစ်ခုနဲ့ တူပေမဲ့ အထဲမှာတော့ တင်းနစ်နဲ့ ပက်သက်တဲ့ ပစ္စည်းအမျိုးအစားမျိုးစုံ ပြည့်နှက်နေပြီး တဖိတ်ဖိတ် တောက်ပနေတယ်။
ဆိုင်ပိုင်ရှင်က ချင်ယွီကို သိတာကြောင့် သူတို့ကို တွေ့တာနဲ့ “ရှောင်ချင်” လို့ ရင်းရင်းနှီးနှီး ခေါ်ဝေါ်ပြီး သူ့ဆိုင်ဆီ သူငယ်ချင်းခေါ်လာတာကို အရမ်းပျော်ရွှင်နေပုံရတယ်။
ရက်ကက်ကို ရွေးချယ်တဲ့ အလုပ်က အတော်လေး မြန်တယ်။ သူတို့က စျေးနှုန်း တစ်ထောင်ဝန်းကျင်ကိုမှ စျေးနှုန်းနဲ့လုပ်ဆောင်မှု အချိုးအစား အတော်မြင့်မြင့်ထဲကလည်း ဖြစ်တဲ့ရက်ကက်ကို ရှာခဲ့ကြတယ်။ မော်ဒယ်လ်အမျိုးအစားအချို့ကို ရှာဖွေပြီးနောက်မှာတော့ … ကာဗွန်ဖိုင်ဘာနဲ့ ပြုလုပ်ထားတဲ့ မျက်နှာပြင်လည်း အတော်ကျယ်ပြီး ကိုင်ရတာ ပေါ့ပါးတဲ့ ရတနာတစ်ခုကို ရွေးချယ်နိုင်ခဲ့တယ်။
ဆိုင်ရဲ့ နောက်ဘက်မှာ နောက်ထပ် ထုတ်ကုန်ပစ္စည်းတွေကို သိုလှောက်ထားတဲ့ အခန်းတစ်ခုရှိသေးတယ်။ သူတို့က ရင်းနှီးတဲ့သူတွေ ဖြစ်တာကြောင့် … ဆိုင်ရှင်က အဲဒီ့အခန်းထဲက ရက်ကက်တွေကိုပါ ထုတ်လာပြီး ဟော်ကျင့်ကို ရွေးခိုင်းခဲ့တယ်။ အဲဒီရက်ကက်တွေထဲကမှ စျေးနှုန်း ယွမ်(၁၀၈၀) ရှိတဲ့ ရက်ကက်တစ်ခုကို ဟော်ကျင့် ရှာတွေ့ခဲ့တယ်။ ရက်ကက်ရဲ့ သေးငယ်တဲ့ လက်ကိုင်က သူ့လက်ထဲမှာ အတော်လေးကို သက်တောင့်သက်သာ ရှိလှတာကို တွေ့ရတယ်။
ဟော်ကျင့်က အဲဒီရက်ကက်ကို စမ်းကြည့်နေတဲ့ အချိန်မှာ … ချင်ယွီက ဆိုင်ရှင်ကို တိတ်တိတ်ဘေး ဘေးကို ဆွဲခေါ်လာပြီး တိုးတိုးလေး ပြောခဲ့တယ် : “အန်ကယ်လ်လီ… သူ့ကို စျေးလျော့ပေးလိုက်ပါဦးနော်”
“မင်း တခြားဆိုင်တွေကို သွားရှာကြည့်လိုက်ပါဦး။ အဲဒီရက်ကက်က အဲဒီဆိုင်တွေမှာဆို (၁၆၀၀) လောက်ရှိတယ်” ဆိုင်ရှင်က တလောတကြီးနဲ့ ပြောဆိုလိုက်တယ် “မင်းကို ထပ်စျေးလျော့ပေးရရင်တော့ ငါအရှုံးပေါ်တော့မှာပဲ”
ဒီဆိုင်ပိုင်ရှင်က ရိုးသားတယ်ဆိုတာကို ချင်ယွီသိတယ်။ သူက စီးပွားရေးမှာ အရှုံးပေါ်အောင် လုပ်မှာ မဟုတ်ပေမဲ့လည်း သူက စျေးကို အရမ်းတင်ထားမှာလည်း မဟုတ်လေဘူး။ (၁၀၈၀) ဆိုတာ တကယ်ကို သင့်တင့်တဲ့ စျေးနှုန်းဖြစ်တယ်။ “ကျွန်တော်ဆိုလိုတာက … သူကို စျေးလျော့ပေးဖို့ပါ ...” ချင်ယွီက ဟော်ကျင့်ရှိရာဘက်ကို မေးငေါ့လိုက်ပြီး အကြောင်းပြချက်ပေးဖို့ ကြိုးစားလိုက်တယ် “သူကကျွန်တော့်စီနီယာလေ … ကျွန်တော် သူ့ကို ကျေးဇူးကြွေး နည်းနည်းတင်နေလို့ပါ။ စျေးလျော့ပေးလိုက်တဲ့ ပိုက်ဆံကို ကျွန်တော် နောက်မှ ပြန်ပေးပါမယ်”
“ဒီကလေးကတော့ တကယ်ပဲ …” အန်ကယ်လ်လီက စိတ်ဖိစီးနေတဲ့ လေသံနဲ့ ချင်ယွီကို လက်ညှိုးရွည်လို့ ရေရွတ်လိုက်တယ်။ သူ ချင်ယွီရဲ့အကြောင်းကို ကောင်းကောင်းသိတယ်။ ဒီလူငယ်လေးက စျေးဆစ်တယ်ဆိုတာ ကြုံတောင့်ကြုံခဲပဲ။ သဘောကောင်းတဲ့ သူဌေးက သဘောကောင်းတဲ့ဝယ်သူကို သဘောကျကြတယ်။ အထူးသဖြင့် နားလည်မှုရှိပြီး ပါးနပ်တဲ့သူမျိုးတွေကိုပေါ့။
ချင်ယွီ တစ်ချက် ပြုံးလိုက်ပြီး ဟော်ကျင့်ရှိတဲ့နေရာကို ပြန်သွားလိုက်တယ်။ သူက ဟော်ကျင့်ကို ရက်ကက်နဲ့အတူ ဘောလုံးတချို့ကိုပါ ကူရွေးပေးလိုက်ပြီး … နောက်တော့ သူတို့ ငွေချေဖို့ သွားလိုက်တယ်။
“ဒီတစ်ခုုပေးပါ … ဆိုင်ရှင်ခင်ဗျ” ဟော်ကျင့်က သူရွေးခဲ့တဲ့ ရက်ကက်ကို ကမ်းပေးလိုက်တယ်။
အန်ကယ်လ်လီက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဟော်ကျင့်ကို ပြောလိုက်တယ် “ငါ ဒီဆိုင်မှာ တစ်ခါမှ စျေးလျော့မပေးဖူးသေးဘူး။ ဒါပေမဲ့ မင်းက ဖောက်သည်ဟောင်း ရှောင်ချင် ဒီကို ခေါ်လာတဲ့သူဆိုတော့ မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ ငါက မင်းကို သုံးဆယ်ရာခိုင်နှုန်း စျေးလျော့ပေးလိုက်မယ်။ အဲဒီတော့ မင်း (၇၀)ရာခိုင်နှုန်းပဲ ပေးရတော့မှာဆိုတော့ ယွမ် (၇၈၀) ပဲ ကျတော့မှာပေါ့”
ဟော်ကျင့် အတော်လေး အံ့အားသင့်သွားခဲ့တယ်။ သူက ချင်ယွီနဲ့ ဆိုင်ရှင်ကို တလှည့်စီ ကြည့်လိုက်မိတယ်။
“ဒီမြို့မှာ ဒီစျေးကို … အာ … တစ်နိုင်ငံလုံးတောင်မှာတောင် မင်း ဒီစျေးနဲ့ ရနို်င်မှာမဟုတ်ဘူး။ အဲတာကြောင့်မို့လို့ မင်း အပြင်မှာတော့ ဘယ်သူကိုမှ လျှောက်မပြောနဲ့နော်” အန်ကယ်လ်လီက အတည်တစ်ဝက် ဟာသတစ်ဝက် နှောပြီး ပြောလိုက်တယ်။
ဟော်ကျင့်က ယွမ်တစ်ထောင်ပေးဖို့ ပြင်ထားခဲ့ပေမဲ့ အခုတော့ သူ ယွမ်(၇၈၀)ပဲ ကုန်တော့မယ်။ ရုတ်တရက်ကြီး သူက ယွမ်(၂၀၀) ရလိုက်သလို ခံစားလိုက်ရတာကြောင့် သူ အပျော်လွန်သွားခဲ့ပြီ။
ချင်ယွီက အိတ်ကပ်တွေထဲကို လက်ထည့်ထားရင်းနဲ့ ဆိုင်ပိုင်ရှင်ကို အဓိပ္ပါယ်ရှိရှိနဲ့ ပြောလိုက်တယ် “ အန်ကယ်လ်လီ … ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အတော်လေး ရင်းနှီးကြတာပဲဆိုတော့ … ကျွန်တော်တို့ကို တခြားပစ္စည်းတွေလည်း ပေးဦးမှာမလား။ network cable တို့၊ ချွေးစုပ်ရော်ဘာတို့၊ ဖိနပ်တို့ … အာ ဟုတ်သားပဲ … တံဆိပ်တူထဲက ရက်ကက်ကာဗာလည်း ရှိသေးတယ်မလား”
သူပြောတာကို နားထောင်လိုက်ပြီး အန်ကယ်လ်လီမှာ ဒေါသကြောင့် ပျံတက်တော့မလိုတောင် ခံစားသွားရတယ်။ အဲဒီပစ္စည်းတွေ အစုံလိုက်ဆို ယွမ်ရာချီ ကုန်လိမ့်မယ်။ အထူးသဖြင့် တံဆိပ်အစစ်ဆိုတဲ့ ပစ္စည်း set လိုက်ဆိုရင်ပေါ့။ အဲဒါက တခြားလိုနေသေးတဲ့ အရာတွေထက်တောင် ပိုကုန်ကျမှာဖြစ်တယ်။ ဒါပေမဲ့ သူလှမ်းကြည့်လိုက်တာနဲ့ တပြိုင်တည်း … ချင်ယွီက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြခဲ့တယ်။
….. အဟွတ် … ဒီကလေးကတော့ ငါ့ရဲ့့ သရုပ်ဆောင်နိုင်စွမ်းကို တကယ်စမ်းသပ်နေတာပဲ! (=_=)
အဲဒီပစ္စည်းတွွေပါ ထည့်ပေါင်းပြီးတော့တောင် စုစုပေါင်းကုန်ကျစရိတ်က ယွမ်(၇၈၀)ပဲ ရှိနေသေးတယ်။ တခြားဆိုင်တွေမှာ ဝယ်ရင် ဒီပစ္စည်းတွေအားလုံးက အနည်းဆုံး သုံးဆလောက်ကျလိမ့်မယ်ဖြစ်ကြောင်းကို ဆိုင်ရှင်က သူတို့ကို ထပ်ခါတလဲလဲ ပြောကြားခဲ့တယ်။ ဟော်ကျင့်က ဒီလျော့စျေးနဲ့ သူ ပိုက်ဆံဘယ်လောက် သက်သာသွားတယ်ဆိုတာကို နားလည်သွားပြီး ဆိုင်ရှင်ကို ကျေးဇူးတင်ရမလား … ချင်ယွီကို ကျေးဇူးတင်ရမလားဆိုတာတောင် မသိတော့ဘူး ဖြစ်သွားခဲ့တယ်။
“ဒါတွေကို ဘယ်လိုသုံးရမယ်ဆိုတာကတော့ … ကျွမ်းကျင်အဆင့်ဆရာကြီးဖြစ်တော့မဲ့ ရှောင်ချင်ကို မေးကြည့်လို့ရတယ်” ဆိုင်ပိုင်ရှင်က စျေးနှုန်းဖတ်စက်ကို ဆွဲထုတ်လိုက်ရင်း မေးလိုက်တယ် “ကဒ်နဲ့ ရှင်းမလား … အီလတ်ထရောနစ် အကောင့်ကနေတဆင့် ရှင်းချင်လား”
အီလတ်ထရောနစ်အကောင့်ဆိုတာက အခုနောက်ပိုင်းနှစ်တွေမှ လူသုံးများလာကြတဲ့ Smart Bracelet နဲ့ ငွေပေးချေလို့ ရတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ ဒါပေမဲ့ ဟော်ကျင့်က သူ့အကျီ် အိတ်ကပ်ထဲကနေ ငွေသားအထပ်လိုက်ကို ထုတ်ယူလိုက်တယ်။
အခုခေတ်မှာ ပစ္စည်းတွေ ဝယ်ယူကြတဲ့အခါ ယွမ်ငါးရာထက် များတဲ့ ပမာဏဆို ငွေသားနဲ့ ပေးချေတာက အတော်လေးကို ရှားသွားပြီဖြစ်တယ်။ ချင်ယွီလည်း အတော်လေး အံ့သြသွားခဲ့တာကြောင့် သူက ရုတ်တရတ်ဆိုသလို အ့ံသြတကြီးနဲ့ ဝင်ပြောလိုက်တယ် “အာ … ကျွန်တော် ငွေသားပြတ်နေတာ… ကျွန်တော့်ကို ငွေသားပေးပါ။ ကျွန်တော့်ရဲ့ အီလတ်ထရောနစ်အကောင့်ကနေ ငွေချေပေးပါမယ်”
ချင်ယွီက တင်းနစ်ဘောလုံးအသစ် နှစ်setကို ကောက်ယူလိုက်ပြီးတော့ ဆိုင်ရှင်ကို ဘေခွဲရှင်းပေးဖို့ ပြောလိုက်တယ်။ ပထမတစ်ခုက ဟော်ကျင့်ရဲ့ ရက်ကက်လျော့စျေး ဘောင်ချာဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ တခြားပစ္စည်းတွေရောပါတဲ့ ရက်ကက်ရဲ့ တကယ့်စျေးအမှန်နဲ့ ဘောင်ချာဖြစ်တယ်။ ဟော်ကျင့်က အဲဒါတွေ ဘယ်လောက်ကုန်ကျတယ်ဆိုတာ မသိခဲ့ဘူး။ သူက သူ့ရဲ့ကိုယ်ပိုင်ကုန်ကျစရိတ်ဘောင်ချာကိုသာ ယူလိုက်ပြီး အိတ်ကပ်ထဲကို ဂရုတစိုက်နဲ့ ထည့်လိုက်တယ်။
Hyde လမ်းထောင့်မှာ … Lan Fong Yuen ဆိုတဲ့ milk tea ဆိုင်ရှိတယ်။ ဟော်ကျင့်က လက်ဖက်ရည်နံ့ကို ရတဲ့အခါမှာတော့ မနေနိုင်တော့ပဲ ချင်ယွီကို မေးခဲ့တယ် “ မင်း milk tea သောက်ချင်လား…  ငါ ဝယ်တိုက်ပါ့မယ်”
ချင်ယွီက သူ့ကို စလိုက်တယ် “ကျွန်တော်က ခင်ဗျားနောက်ကို လိုက်ဖို့ ဒီနေ့ တစ်နေ့ခင်းလုံးစာ အချိန်ဇယားကို ဘာမှမရှိအောင် ဖျက်ထားရတာ… အဲဒါကို milk tea ပဲ ဝယ်တိုက်မယ်ပေါ့ …”
ဟော်ကျင့် : “ငါ မင်းကို ညစာအထိ ဝယ်ကျွေးပါမယ်”
ချင်ယွီက ရယ်လိုက်တယ် : “ ကျွန်တော် နောက်တာပါ။ milk tea ကလည်း အဆင်ပြေပါတယ်”
သူတို့က milk tea ဆိုင်ရဲ့ ပြတင်းပေါက်လေးထိအောင် လမ်းလျှောက်ရင်း စကားပြောခဲ့ကြတယ်။ ဟော်ကျင့်က ဘေးမှာရှိတဲ့ tea အမျိုးအစားတွေကို ကြည့်လိုက်တယ် : “ ငါ အစတည်းက မင်းကို ဝယ်ကျွေးဖို့ စီစဉ်ထားပြီးသားပါ။ မင်း ငါနဲ့သာ အတူမရှိရင် ငါလည်း ဒစ်စကောင့် ရမှာ မဟုတ်ဘူး။ ငါ caramel milk tea ယူမယ် … မင်းရော ဘာသောက်မလဲ”
“ပုံမှန်ပဲ” ချင်ယွီက သူ့လက်ကို ဆိုုင်ရဲ့နံရံကို ထောက်ထားပြီးတော့ ဟော်ကျင့် ဘေးဘက်ကို ကြည့်လိုက်တယ် “ကျွန်တော် ခင်ဗျားကို လိမ်ပြောမှာ မကြောက်ဘူးလား”
ဟော်ကျင့် ဇဝေဇဝါ ဖြစ်သွားခဲ့တယ် : “အာ”
  ချင်ယွီက ရှင်းပြလိုက်တယ် : “အခုတော့ အဲ့လိုမျိုး သူငယ်ချင်းတွေကို အသိမိတ်ဆွေဆိုင်တွေကို ခေါ်သွားတာမျိုး မလုပ်တော့ဘူး။ အဲဒါက တကယ်ဆို အဲ့လိုဆိုင်ပိုင်ရှင်နဲ့ အသိမိတ်ဆွေဆိုတဲ့လူနဲ့က ခေါ်သွားတဲ့ ဝယ်မဲ့သူငယ်ချင်းကို လိမ်ဖို့လို့ ကြံရာပါ လုပ်သလိုမျိုးနဲ့ ပိုတူတယ်လေ။ အဲဒါဆို နောက်ကျောကို ဓားနဲ့ထိုးတဲ့သူငယ်ချင်းက ပိုက်ဆံတစ်ပုံရနိုင်တာပေါ့ … အဲလိုအကြောင်းမျိုး သတင်းတွေ အများကြီးပဲလေ”
ဟော်ကျင့်က ရယ်လိုက်ပြီးနောက် ပြောလိုက်တယ် : “ မင်းက ဘာကောင်းဖို့လို့ ငါ့ကို လိမ်မှာလဲ။ ပိုက်ဆံရဖို့လို့လား” အကုန်လုံးပေါင်းမှ သူဝယ်ခဲ့တာက ယွမ်ခုနှစ်ရာ ရှစ်ရာဖိုးပဲ ရှိတာလေ။ ခုနှစ်ထောင်၊ ရှစ်ထောင်ဖိုးမှ မဟုတ်တာ။ ချင်ယွီက သူ့ကို လိမ်တယ်ဆိုရင်တောင်မှ သူ ပိုက်ဆံ ဘယ်လောက်ရမှာမို့လို့လဲ။ အဲဒါက ချင်ယွီအတွက်ဆို ညစာဝယ်စားဖို့တောင် လောက်မှာမဟုတ်ဘူး။
ဟော်ကျင့်က ချင်ယွီကို ခေါင်းခါပြလိုက်တယ်။ သူ့အနေနဲ့ တခြားသူသာဆို ဒီလိုလုပ်လိမ့်မယ်လို့ ထင်ရင်ထင်နိုင်တယ်။ ဒါပေမဲ့ ချင်ယွီဆိုရင်ကတော့ … သူ့ကို ဘယ်တော့မှ မလိ်မ်ဘူးဆိုတာ သူအကြွင်းမဲ့ ယုံကြည်တယ်။
ချင်ယွီက မျက်ခုံးပင့်ကြည့်လိုက်တယ် “ ကျွန်တော် ခင်ဗျားကို သတိပေးတာနော် … ကျွန်တော့်ကို ယုံကြည်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါပေမဲ့ သူများတွေကိုတော့ ယုံလို့မရဘူးနော်”
ချင်ယွီ ဒီလိုပြောတာကို ကြားပြီး သူတို့ကြားထဲမှာ ဘယ်သူက စီနီယာလဲဆိုတာတောင် သဲကွဲမှာ မဟုတ်လောက်ဘူး။ ဟော်ကျင့်က ခေါင်းယမ်းလိုက်ရင်းနဲ့ ယုံကြည်ချက်ရှိရှိ ပြောလိုက်တယ် : “ ငါလည်း ဦးနှောက်ရှိတဲ့ လူတစ်ယောက်ပါ”
ချင်ယွီ: “…”
Milk-Tea က အတော်ကောင်းတယ်။ သူတို့ မြေအောက်ရထား ဘူတာရုံအထိ တစ်ယောက်တစ်ဗူးစီ ယူသွားခဲ့ကြတယ်။ လမ်းလျှောက်နေရင်းနဲ့ ဟော်ကျင့်က ရုတ်တရက် တစ်ခုခုကို အတွေးပေါ်ပြီး မေးလိုက်တယ် “ ညစာအတွက် မင်း ဘာစားချင်လဲ။ မကြာခင်ပဲ လေးနာရီထိုးတော့မယ်။ အပြင်မှာစားမလား … ကျောင်းမှာပဲ ပြန်စားမလားဆိုတာ ဆုံးဖြတ်ရမဲ့အချိန်ရောက်ပြီ ”
ချင်ယွီ : “ ထားလိုက်ပါ။ ခင်ဗျားမှာ ဒီတိုင်း လျှောက်သုံးဖို့ ပိုက်ဆံ အပိုမရှိဘူးမလား။ ကျွန်တော် အခုပဲ ခင်ဗျားကို ပို်က်ဆံနည်းနည်းပဲဖြစ်ဖြစ် ကျန်အောင် ကူညီထားတာ။ ကျွန်တော့်ကို ညစာကျွေးလိုက်ရင် အဲဒါတွေ အကုန်ကုန်သွားမှာပေါ့ ”
ဟော်ကျင့်က ပြောလိုက်တယ် : “ရက်ကက်က ငါ့ပိုက်ဆံနဲ့ငါ ဝယ်တာပါ။ ငါ့အမေ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အစားအသောက်အတွက် ပိုက်ဆံသုံးတာကတော့ အမေးခံရစရာ မရှိပါဘူး။ အဲဒါကို အသုံးစရိတ်ထဲ ထည့်လိုက်လို့ ရတယ်” ဒီလို တက္ကသိုလ်တွေမှာ လူမှုရေးဆိုင်ရာ အသုံးစရိတ် ကုန်ကျတာတွေ ရှိမှာပဲဆိုတာ သူ့အမေလည်း သိပါတယ်။ တစ်ယောက်ယောက်က ပိုက်ဆံသုံးရမဲ့အပေါ် အရမ်းတွက်ကပ်နေရင်လည်း သူများ အထင်သေးစရာ ဖြစ်နေလိမ့်မယ်လေ။ ဒါကြောင့် သူမက လတိုင်း ဟော်ကျင့်ကို လူမှုဆက်ဆံရေးအတွက် ယွမ်လေးငါးရာလောက် အသုံးစရိတ်အပို ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အတိတ်မှာတုန်းကတော့ … ဟော်ကျင့်က ကြောက်ရွံ့တတ်တာကြောင့် သူ့ကို အပိုပေးထားတဲ့ ပိုက်ဆံကို မသုံးဖြစ်တဲ့အခါ သူ့အမေကို အမြဲပြန်ပြောပြတတ်တယ်။ သူ လိမ်မပြောရဲခဲ့ဘူး။ သူ့အမေ တစ်ခုခု သိသွားမလားဆိုပြီး ကြောက်လန့်ခဲ့ရတယ်။
ဟော်ကျင့် ဆွဲထုတ်လာတဲ့ ငွေသားတွေကို တွေးမိပြီး ချင်ယွီက မေးလိုက်တယ် : “ ခင်ဗျားကိုယ့်ဖာသာ ငွေသားစုထားတာလား”
ဟော်ကျင့် ပခုံးတွန့်ပြလိုက်တယ် “အင်း … ငါ အကောင့်တွေထဲမှာ ပိုက်ဆံစုထားရင် ငါ့အမေသိသွားလိမ့်မယ်”
ချင်ယွီက မျက်မှောင်ကြုတ်လိုက်တယ်။ အကြောင်းအရင်း ရှိလိမ့်မယ်ဆိုတာ သူမှန်းဆမိပြီးသားဖြစ်တယ်။ အခု စကားပြောဆိုနေတဲ့ အခြေအနေကလည်း အတော်လေး ကောင်းတာကြောင့် သူ နည်းနည်းပိုပြီး အထွန့်တက်လိုက်တယ် “ ရေကန်ဆီ ခရီးတိုထွက်တုန်းက … ခင်ဗျား ခင်ဗျားရဲ့မြို့ကို ပြန်မသွားချင်ဘူးလို့ ပြောခဲ့တယ်နော်။ အဲဒါ ခင်ဗျားအမေကြောင့်လား”
ဟော်ကျင့် ခါးသက်စွာနဲ့ပဲ ပြုံးပြလိုက်မိတယ် “ အင်း အဲ့လိုပါပဲ …”
ချင်ယွီ : “ပြန်သွားရဖို့ ရှိလို့လား “
ဟော်ကျင့် သူ့ရဲ့ milk tea ကို တစ်ငုံ စုုုပ်သောက်လိုက်ရင်း ပြောလိုက်တယ် : “မသိသေးဘူး”
ချင်ယွီ : “ A city က နေရာကောင်းပါ။ အဲဒီ့မှာ အလုပ်အကိုင်နဲ့ ပက်သက်တဲ့ အခွင့်အလမ်းကောင်းတွေ ရှိတယ်”
ဟော်ကျင့်က သူ့အမေနဲ့ အနေခပ်ဝေးဝေးနေလိုက်ရင် အရာအားလုံး အဆင်ပြေကြောင်း ပြောပြလိုက်တယ်။ စာလေ့လာတာဖြစ်ဖြစ်၊ အလုပ်လုပ်နေတဲ့သူတွေဖြစ်ဖြစ် အိမ်နဲ့ မခွဲပဲ နီးနီးနေကြတဲ့ တခြားလူတွေရဲ့ ချစ်စရာကောင်းတဲ့ မိသားစုဘဝတွေကို သူ မနာလိုဖြစ်မိတယ်။ အလေးထားတတ်တဲ့ မိဘတွေ ရဖို့ဆို သားသမီးအနေနဲ့လည်း တာဝန်ကျေဖို့ ဝတ္တရားတွေ ရှိလေတယ်။ သူတို့အိမ်ရဲ့ ထူးဆန်းပြီး မှုန်မှိုင်းတဲ့ လေထုကို ဖြစ်ပေါ်စေတဲ့ သူ့အမေရဲ့ လိုအင်ဆန္ဒတွေနဲ့ ထိန်းချုပ်မှုတွေကို စဉ်းစားမိတဲ့ အခါမှာတော့ … ဟော်ကျင့် ဒီအတိုင်း အဝေးတစ်နေရာကိုသာ ထွက်ပြေးသွားချင်တော့တယ်။ ပိုဝေးလေ ပိုကောင်းလေပဲ။
“ဟေး … အခုမှ တွေးကြည့်မိတယ်။ နောက်ထပ် တစ်နှစ်ပဲ ကျန်တော့တာပဲ” သူပြောလိုက်တယ်။ သူက အခု စတုတ္ထနှစ်ရဲ့ နှစ်ဝက်ကို ရောက်နေပြီ။ သူ A city မှာပဲ အလုပ်သင်ဝင်ဖို့ ရှာရလိမ့်မယ် “ အဲ့လို မဟုတ်ရင်တော့ တစ်နှစ်နဲ့ နောက်ထပ် နှစ်ဝက်ပေါ့”
မြေအောက် ရထားရှိရာကို ဝင်ရောက်လာရင်း … ဟော်ကျင့် ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့တယ် “ မင်း ဘာစားချင်တယ်ဆိုတာ အခုထိ မပြောရသေးဘူးနော်”
ချင်ယွီ : “ဖူရှင်းလမ်းကို သွားကြမယ်” အဲဒီ့နေရာက သူတို့ ရထားလမ်းကြောင်း ပြောင်းစီးရမဲ့နေရာဖြစ်တယ်။ ဘူတာကနေ လူစည်ကားတဲ့ ညစျေးကို သူတို့ သွားခဲ့ကြတယ်။ အစားအစာအစုံအလင် ရရှိနိုင်တဲ့ နေရာပေါ့။
ညစာစားချိန် ဖြစ်တာကြောင့် ညစျေးမှ လူထူထပ်နေခဲ့တယ်။ ဟော်ကျင့်မှာ စက်လှေကားစီးရင်း လူကြပ်တော့မလိုတောင် ဖြစ်နေခဲ့ရတယ်။ ဒါပေမဲ့ ချင်ယွီက သူ့နောက်မှာ အလျင်အမြန်ရပ်ပြီး သူ့ကို ထိန်းပေးထားခဲ့တယ်။ ဟော်ကျင့်မှာ လက်တစ်ဖက်က တစ်ခုခုကို ကိုင်ထားပြီး နောက်လက်တစ်ဖက်ကတော့ ချင်ယွီရဲ့လက်မောင်းကို သေချာဖမ်းဆုပ်ထားခဲ့တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ချင်ယွီရဲ့ ရင်ခွင်ထဲ ဆွဲယူခံလိုက်ရတဲ့အထိ သူဘာမှ တုံ့ပြန်ချိန်မရလို်က်လေဘူး။

စောင့်နေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် 🙇🙇🙇
________________________________________

မင်းအွန်လိုင်းဖြစ်မဲ့အချိန်ကို စောင့်နေတယ်Where stories live. Discover now