156

6.9K 1.2K 52
                                    

{Unicode}

"အစစ်အမှန် ရွေးချယ်ထားသူ"

အဘိုးယဲ့သည် ကိုးရက်နေ့တွင် အမေရိကားသို့ ပြန်တော့မည်ဖြစ်သည်။

မပြန်ခင် နှစ်ရက်အလိုတွင် ယဲ့ထင်သည် အဘိုးဖြစ်သူနှင့် တစ်နေ့ခင်းလုံး စကားစမြည် ပြောဖြစ်ခဲ့သည်။

အဘိုးဖြစ်သူ ဤတစ်ခေါက် ပြန်လာရခြင်းမှာ အမှန်တကယ်တော့ ယဲ့ဖန်၏ ကိစ္စကြောင့်ပင်။

သို့သော် ယဲ့ထင်က ယဲ့ဖန် လုပ်ခဲ့သည့် ကိစ္စအလုံးစုံကို အဘိုးရှေ့ မကြွင်းမကျန် ကုန်စင်အောင် ထုတ်ဖော်ပြလိုက်သောအခါ အဘိုးအိုသည် အနီးမှုန် မျက်မှန်ကို တပ်ထားပြီး ရာဇဝတ်မှု ကျုးလွန်ထားသည့် ပြစ်မှုဆိုင်ရာ စာရွက်စာတမ်းများကို လှန်လှောနေရင်း တိတ်ဆိတ်သွားတော့သည်။

အတော်ကြာပြီးမှ သူ ဟန်လုပ်ပြုံးကာ ဆိုသည်။

"ကိုယ်လုပ်လို့ ကိုယ်ခံရတာပါပဲ"

အဘိုးသည် စာကြည့်မျက်မှန်ကို ချွတ်ကာ တုတ်ကောက်ဖြင့် ခန္ဓာကိုယ်ကို ထိန်းထားပြီး ပြတင်းအပြင်မှ ဖိတ်တောက်နေသော နေရောင်ကို ကြည့်ကာ စကားဆိုသည်။

"ငါ အစတုန်းက မင်းနဲ့ယဲ့ဖန်က ဘယ်လိုပဲဖြစ်ဖြစ် ယဲ့မိသားစုရဲ့ မြေးမြစ်တွေပဲဆိုတော့ ဒီလောက်ထိ မဖြစ်သင့်ဘူးလို့ တွေးနေခဲ့တာ။ ဒါပေမဲ့ သူက ဒီအဆင့်ထိတောင် မကောင်းမှုတွေ လုပ်ခဲ့ပြီးပြီဆိုတော့....ထားလိုက်ပါတော့၊ တရားရုံးရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲပေါ့"

အဘိုး၏ စာကြည့်ခန်းထဲမှ ထွက်ပြီး အောက်ထပ်သို့ ဆင်းလိုက်သည်နှင့် အထူးအားရ ရွှင်ပျနေသော ဖန်လင့်ယီကို တွေ့လိုက်ရသည်။

ဖန်လင့်ယီ၏ မျက်နှာသည် အနီရောင် အရည်များ ပေါက်ကွဲထွက်လာတော့မည့် ခရမ်းချဥ်သီးကဲ့သို့ ကျန်းမာ ရွှင်လန်းနေသည်။

သူသည် ယဲ့ထင်ကို ဆွဲလိုက်ပြီး လေသံနိမ့်နှင့် ပြောသည်။

"နေရာကိုတော့ ငါ ပြင်ထားပြီးသွားပြီ။ ငါကိုယ်တိုင် အစီအစဥ်ဆွဲပြီး သူတို့ နေရာချတာကိုလည်း ကိုယ်တိုင် ကြည့်ထားတာ၊ စိတ်ကူးစိတ်သန်းတွေ အများကြီး ထည့်သုံးထားတယ်။ ငါကတော့ အရမ်း အသက်ဝင်နေပြီလို့ ထင်တယ်"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now